Tuesday, June 7, 2011

သိဒ္ဓိပြီးတဲ့ စိတ်ပုတီး

 “ကံစမ်း မန်းတက်၊ ဉာဏ်စမ်း ဆန်းကျက်” ဆိုတဲ့ စကားပုံ ဟိုယခင်က မန္တလေး စာသင်သား လောကမှာ တွင်ကျယ် ခဲ့ပါတယ်။ စာရေးသူလည်း မန္တလေးမြို့မှာ ထိုစဉ်က စာသင်သား ကိုရင်ငယ်ဘဝနဲ့ပါ။ မိမိရဲ့ ရှေးဘုန်း ရှေးကံ အဘယ်မျှ ရှိတယ် ၊ မရှိဘူး ဆိုတာကို စမ်းချင်ရင် မန္တလေးမြို့တော်တက်ပြီး စာသင်သား အဖြစ်နဲ့ ဆွမ်းခံကြည့်က သိနိုင်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်း၊ ဆွမ်းဟင်း ပြည့်ပြည့် စုံစုံ ရတယ်ဆိုရင် ရှေးဘုန်း ရှေးကံ ရှိတယ်။ အကယ်၍ မရဘူး ဆိုရင်တော့ မိမိမှာ ရှေးဘုန်းရှေးကံ မရှိဘူးပေါ့။

မန္တလေးဆိုတာ စာသင်သားက အလွန်များတော့ စာသင်သား အများစုမှာ ဆွမ်းခက်ခဲ လှပါတယ်။ စာသင်သား တိုင်း ဘုံလောင်းကိုဘဲ အားကိုးပြီး ဘုံလောင်းတိုး စားကြရတယ်။ သဒ္ဓါပေါက်သူက မိမိအိမ်ရှေ့၊ သို့မဟုတ် ဘုရားကြီး အရှေ့မုခ်တို့လို ဆွမ်းခံသံဃာများစွာ ဖြတ်သွားဖြတ်လာများတဲ့ နေရာတွေမှာဆွမ်း၊ ဆွမ်းဟင်းအိုးတွေကို စားပွဲပေါ်မှာ တင်ပြီး လာသမျှ ဆွမ်းခံ သံဃာတွေကို လောင်းလှူတာကို ဘုံလောင်းလို့ ခေါ်ဆိုပါတယ်။

ဘုံလောင်း ဘယ်နေရာမှာ လောင်းနေတယ်ဆိုတာကို ဆွမ်းခံသံဃာ အချင်းချင်း သတင်းပေး သွားကြတော့ ဆွမ်း၊ ဆွမ်း ဟင်းသာ ပြတ်သွားတယ်၊ သံဃာပြတ်သွားတယ်ဆိုတာ မရှိဘူး။ ဘုံလောင်း တိုးနိုင်ပါမှ မျိုးမျိုး မြက်မြက် ဆွမ်းဟင်း ဘုဉ်းပေး ကြရတော့ သူရောကိုယ်ပါ ဘုံလောင်း လောင်းတဲ့ နေရာသို့ ချီတက်ကြရတယ်။

ရွှေမန်သူ ၊ရွှေမန်းသား ကုသိုလ်ရှင်များကလည်း အဲလို ဆွမ်း၊ ဆွမ်းဟင်းကို တိုးပြီး အလှူခံ ကြတာကိုဘဲ ကြည့်ပြီး ကြည့်နူး ဝမ်းသာကြတယ်။ ဘုံလောင်း လှူနေရတာကို ပျော်ကြတယ်။ အချို့သံဃာက နှစ်ခေါက် သုံခေါက် ကြော့ပြီး အလှူခံနေရင်လည်း  ကိုယ်တော် နှစ်ခါ သုံးခါရှိပြီးနော်လို့”  နောက်ကြတယ်။ နောက်မှလာတဲ့ သံဃာက ကျော်ပြီး ရှေးကနေ ဖြတ်တက် အလှူခံ ရင်လည်း “ ကိုယ်တော် နောက်ကနေ တန်းပါလို့” လျှောက်ကြတယ်။

ဆွမ်းခံသံဃာ အတန်းကြီးက ရှည်တော့ ကိုယ့်အလှည့် ရောက်ပါမှ ဆွမ်း၊ ဆွမ်းဟင်း ကုန်တာနဲ့ ကြုံလို့ ကြေကွဲခဲ့ရတဲ့ ဖြစ်အင်တွေ ကလည်း ဆွမ်းခံ သံဃာတိုင်း ခံစားဘူးကြတော့ စာနာစိတ်နဲ့ ရှေးကနေ ဖြတ်ကျော်တက်ပြီး ခံယူတဲ့ သံဃာက ရှားလှပါတယ်။ စာချဆရာတော်ကြီးတွေလည်း ဘုံလောင်း တိုးကြရတာမို့ မိမိစာဝါ လိုက်နေတဲ့ စာချဘုန်းကြီးနဲ့ တိုးလို့ နောက်ဆုတ်ပေး ပေးပေမဲ့ စာချဘုန်းကြီးတွေက အခွင့်အရေး မယူရှာကြဘူး နောက်ကနေဘဲ ဝင်တန်းကြတယ်။

သို့ပေမဲ့ စိန်ပြေနပြေ လောင်းလို့ကတော့ မရဘူး၊ စာဝါအမှီ ကျောင်းပြန် ရောက်ကြရမှာမို့ အလုအယက် ဝုခွက်ကို ထိုးပေး နေကြ တာဆိုတော့ တိုးတိုး ဝှေ့ဝှေ့ သွက်သွက် လက်လက် လောင်းကြရတာပေါ့။(ဆွမ်းဟင်းထည့်တဲ့ခွက်ကို ဝုခွက်လို့ ခေါ်တယ်။) အဘယ်မျှ ဘုံလောင်း တိုးကြသလဲဆိုရင် မင်းတုန်းမင်းကြီး လက်ထက်တော်က ဆွမ်းခံသံဃာတွေ စီတန်းပြီး မခံယူဘဲ တိုးကြ လွန်းလို့ ဘေးမှနေ ဆင်တွေနဲ့ ကာရံပြီး လောင်းကြရသတဲ့။ ဒါတောင် တချို့သံဃာက ဆင်ကို သပိတ်ဖုံးနဲ့ ပိတ်ခုတ် လိုက်ရင် ဆင်က နောက်ဆုတ် ပေးရှာတယ်လို့ စာချဆရာတော်က စာချရင်း ပြောပြတယ်။

ကြာနီကန်ဆရာတော် ဟောသလို စာသင်သားတိုင်း  “စ-ဒ-ဘ-ဝ”  တွေချည်မို့ ဘုန်းကံနဲပေမဲ့ ရွှေမန်းမှာ စာသင်သားတွေ ပျော် ကြတယ်။ ကိုယ်ဒေသ ကိုယ်ပြန်ရင်လည်း မန်းပြန်ဆိုတဲ့ ဂုဏ်က မသေးလှဘူး။

စ-ဒ-ဗ-ဝ-ဆိုတာ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုး၊ ဝအောင်စား-ဆိုတာကို အတိုကောက် ပြောတာ၊ စောစောထကြ ရတယ်၊ စောစောမထနိုင်ရင် ဘုံလောင်းနဲ့ မကြုံနိုင်ဘူး၊ ဘုံလောင်းက မိုးလင်းတာနဲ့ ကုန်တာများတယ်။

ဘုန်းကံနည်းသူများ ဘုံလောင်းတိုးပြီး ဆွမ်းခံကြရတာမို့ ဝီရိယရှိကြရတယ်၊ ဘုံလောင်းကလည်း နေစဉ်ရှိတတ်တာ မဟုတ်၊ ရှိဦးတော့ ကြုံဦးမှ ဆိုတော့ မန္တလေး  လေးပြင်လေးရပ် စာသင်သား အများစုမှာ ဆွမ်းက ခက်ခဲလှပါတယ်။ ဆွမ်းခံပြန်လာရင် ဘုရားကြီးဝန်းကျင်ရှိ စာသင်တိုက် သံဃာတိုင်းက ဘုရားကြီးထဲဝင်ပြီး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကို မိမိတို့ ပင်ပင်ပန်းပန်း ခံလာတဲ့ဆွမ်း၊ ဆွမ်းဟင်းကို သပိတ်လိုက် ဆွမ်း ဝင်ကပ်ကြတယ်။ ပြီးမှ ကျောင်းပြန်၊ အစာပြေစား၊ ပြီးတော့မှ စာဝါပြေး ကြရတယ်။ နေ့လည် (၁၁)နာရီခွဲ လောက်မှာ မနက်က အကျန်လေးကို စုပေါင်း ဝိုင်းဖွဲ့ပြီး ရေနွေးနဲ့ မျှောကြ ရတယ်။ ထိုစဉ်က မန္တလေးမှာ ရေက ရှားလှလို့ ဆွမ်းခံပြန်တော့ ရေမချိုးကြရဘူး။

မန္တလေးမှာ စာသင်ဖူးတဲ့ စာသင်းသားတိုင်း၊ ယနေ့ ကျော်ကြားနေတဲ့ ဆရာတော်ကြီးများ အပါအဝင် ဘုံလောင်းတိုးပြီး စားခဲ့ရသူက များလှပါတယ်။ လွမ်းမိပါသေးတော့တယ်။ စာရေးရင်းတောင် မျက်ရည်စို့ဝဲပြီးလာတယ်။ ဘုံလောင်းတိုး ဆွမ်းခံစားရတဲ့ သံဃာအပြင် မန္တလေးမှာ ဆွမ်းခံသံဃာက ရပ်ကိုယ်တော်၊ ထိုင်ကိုယ်တော်၊ တို့ကိုယ်တော် ဆိုပြီး ရှိပြန်တယ်။

ရပ်ကိုယ်တော်ဆိုတာ အိပ်ရှေ့မှာ ဆွမ်းခံ လာရပ်လို့ ဆွမ်းတစ်ဇွန်းလောက် လောင်းပေးရတဲ့ သံဃာကို ဆိုတာ။ ထိုင်ကိုယ်တော်ဆိုတာ အိမ်ရှေ့မှာ ထိုင်ခုံလေးရယ်၊ စားပွဲရယ်၊ ဆွမ်း၊ ဆွမ်းဟင်း ထည့်ထားတဲ့ အုပ်ရယ် ထားပြီး မိမိတို့ကို ဆွမ်းခံဖိတ်စဉ်က လိုက်ခံထားလို့ လာထိုင်တဲ့ ကိုယ်တော်ဖြစ်တယ်။ ဆွမ်းနဲ့ ဆွမ်းဟင်း လောင်းကြတယ်။ မန္တလေးမြို့သူ၊ မြို့ သားများက “ တို့အိမ်မှာ ထိုင်ကိုယ်တော် ဘယ်နှစ်ပါး၊ ရပ်ကိုယ်တော် ဘယ်နှစ်ပါးဆိုပြီး”  ဂုဏ်ယူတတ် ကြတယ်။

တချို့အိမ်ဆို အပါးလေးငါးဆယ်ရှိတယ်၊ ဆွမ်းခံမှီအောင် ကြောင့်ကြစိုက်ပြီး ဝယ်ခြမ်း ချက်ပြုတ်ရတယ်၊ နေ့စဉ်ကိစ္စ ဖြစ်တယ်။ ဘုန်းကြီး ငါးပါးလောက် တစ်ခါတလေ ဆွမ်းကပ်တာကို အဟုတ်ကြီး ထင်နေတဲ့ အခြားမြို့ရွာတွေ ဘယ်လိုမှ လိုက်မမှီနိုင်တဲ့  မန္တလာသူ၊ မန္တလာသားတို့ရဲ့ သဒ္ဓါစေတနာပါ။ အများစာဆိုတော့ အသီးအရွက် ရောနှောထားတဲ့ ဆွမ်းဟင်း ဘဲ နေ့စဉ် လောင်းနိုင်ကြပါတယ် ။ ဒါကြောင့် ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်တွေလည်း ဘုံလောင်းနဲ့ မကင်းနိုင်ကြဘူး၊ ဘုံလောင်းကမှ ဝက်သား အိုးကြီးချက်၊ သရက်သီးသနတ်၊ ငါးပိကျော် ရတတ်တာကို။

တို့ ကိုယ်တော် ဆိုတာကတော့ ဧည့်ခန်းမှာ ထိုင်ကြရတယ်၊ ရှယ်ဘုန်းဘုန်းပေါ့။ ကော်ဖီကပ်တယ်၊ တစ်ခါတလေ မန္တလေးရဲ့  နာမည်ကြီး မုန့်တီကပ်တယ်၊ မိသားစုစားမဲ့ ဆွမ်း၊ ဆွမ်းဟင်းကို လုံလုံ လောက်လောက် လောင်းလှူတယ်။ သူကတော့ ဘုံလောင်း တိုးစရာမလိုလို့ မိုးလင်းမှ ကြွတော်မူတယ်။ စ-ဒ-ဘ-ဝ-မဟုတ်ဘူး။ ရှေးဘုန်းရှေးကံရှိသူလို့ ဆိုတယ်။ ဒါကြောင့် ကိုယ့်ဘုန်းကံကို ဘယ်လောက်ရှိတာကို စမ်းကြည့်ချင်ရင် မန်းတက်ပြီး ဆွမ်းခံကြည်လို့ ပြောကြတာပါ။

“ဉာဏ်စမ်း ဆန်းကျက်” ဆိုတာကတော့ ဆန်းကျမ်းက ကျက်ရတာခက်လို့ မိမိဉာဏ်ဘယ်မျှကောင်းတယ်၊ မကောင်း ဘူးဆိုတာ သိချင်ရင် ဆန်းကျမ်းကို ကျက်ကြည့်ပါ ဆိုတာကို ပြောခြင်းဖြစ်တယ်။ စာရေးသူသည် ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာမှာ မွေးပြီး(၉)နှစ်သား၊ ရွှေမဉ္ဇူကျောင်းမှာ သင်္ကန်းဝတ်တယ်၊ အဲဒီတုန်းက ဆရာတော်ကြီးက “ ကိုရင်တွေကို မင်းတို့ မန္တလေးရောက်လို့ ဆွမ်း၊ ဆွမ်းဟင်း ကောင်းကောင်း ရချင်၊ စားချင်ရင် ပုတီးစိပ်ကြရမယ်” ဆိုကာ ညစဉ် (၇)နာရီးခွဲလောက် ဘုရားရှိခိုး ပြီးရင် စုပေါင်းတန်းထိုင်ကာ ပုတီး ကိုးပတ် ရအောင် စိပ်ကြရတယ်။

ထိုစဉ်က ရွာဆရာတော်ကြီးရဲ့ စကားကို အမှတ်ရပြီး ဆွမ်းခက်ခဲ့တဲ့ မန္တလေးမှာ ကလေးပီပီ ငတ်တော့လည်း ပုတီးကို အားထည့်ပြီး စိပ်ဖြစ်ခဲ့တယ်။ မဆိုးဘူး ဆွမ်းခံထွက်ရင် ဘုံလောင်းနဲ့တိုးတတ်တာများတယ်။ နောက်တော့ မန္တလေးမှာ ရဟန်း ဒကာမရပြီး တို့ဘုန်းဘုန်း ဖြစ်ခဲ့ရလို့ ဆွမ်းမခက်ခဲတော့ဘူး။ စာရေးသူတို့ ကိုရင်ဝတ်စဉ်က ပရိက္ခရာဝယ်ရင် သပိတ်ထဲမှာ ပုတီးပါတယ်။ယခုခေတ်လို (၁၀၈)လုံးပုတီး၊ (၂၇)လုံးပုတီး၊ (၉)လုံး ပုတီးတွေတော့ မဟုတ်ဘူး၊(၃၂)လုံး ပုတီများဖြစ်ကြတယ်။ “ ကေသာ၊ လောမာ၊  နခါ၊ ဒန္တာ၊ တစော၊ စတဲ့ သုံးဆဲ့ နှစ်ကောဋ္ဌာသကို စိပ်ဖို့ ဖြစ်ဟန်တူတယ်။

သို့ပေမယ့် ဆရာတော်ကြီးက ဂုဏ်တော်ကိုးပါးကို အနုလုံ ပဋိလုံစိပ်ရန် သင်ပေးထားလို့ (၁၀၈) လုံးပုတီးဖြစ်မှ စိပ်လို့ ရတာမို့ အဘက အိမ်ခြံဝင်းမှာ အလေ့ကျပေါက်တဲ့ ကြိမ်ပင်က ကြိမ်စေ့လေးများကို (၁၀၈)လုံး ပုတီးကုံးလေး လုပ်ပေးတယ်။ ကြိမ်စေ့က ချွန်ချွန် လုံးလုံး မာမာပြောင်ပြောင်လေးမို့ စိပ်လို့ကောင်းပါတယ်။

ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံဆိုတာ “ အရဟံ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာ စရသမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရသမ္ပန္နော သုဂတော-သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ”  စတဲ့ တစ်ဂုဏ်တော်ချင်းစီ တိုးတိုးပြီး အပြန်အလှန် ဘဂဝါ တိုင်အောင် စိပ်ရတာ  ဖြစ်တယ်။ သတ္ထာဒေဝမနုဿာနံ ရောက်ရင် ၅၄-လုံး တစ်ဝက်ပြည့်တယ်။ ဘဂဝါ ဗုဒ္ဓေါ သတ္ထာဒေဝမနုဿာနံ အနုတ္တရောပုရိ သဒမ္မသာရထိ လောကဝိဒူ သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ-ပြန်ရောက်ရင်ရင် (၁၀၈)လုံး ကွက်တိ ဖြစ်တယ်။ အရဟံစပြီး အရဟံမှာ ဆုံးတယ်။ စိတ်မစိုက်လို့ကတော့ ပုတီးစေ့ကျန်လိုက် ပိုလိုက်ဖြစ်နေတော့တာ။

ဆရာတော်ကြီး ကပါ လိုက်စိပ်နေတာမို့ မှားတာကို သိတယ်။ ဒါကြောင့် ပြန်စိပ်ရပြန်တယ်၊ ကွက်တိကိုးပတ်ပြည့်အောင် အတော်ဂရုစိုက်ပြီး စိပ်ကြရတယ်။ ကိုးပတ်ပြည့်မှ နားကြရတယ်။ ကိုရင်ပေါက်စတွေကို သမာဓိထူထောင်ပေးဟန်တူရဲ့လို့ ကြီးမှစဉ်းစားမိတယ်။ အဲဒီအလေ့ အကျင့်ကြောင့် စာသင်သားဘဝ တစ်လျှောက်လုံး ပုတီး စိပ်ဖြစ်တယ်။

ဗုဒ္ဓသာသနာဝင် သံဃာတော်များလောကသို့ ပုတီးဘယ်ပုံဘယ်နည်း ရောက်လာတယ်ဆိုတာ သုတေသနပြုဖို့ ကောင်းတယ်။ ဘုရားရှင် လက်ထက်ကတော့ ပုတီးမစိပ်ကြဘူး။ ဝိပဿနာ တရားကိုဘဲ ဘုရားရှင်ထံက နာယူပြီး အားထုတ်ကြတယ်။ ရှေးဆရာတော်ကြီးများရဲ့  ဓာတ်ပုံများကို ကြည့်ရတဲ့အခါ ပုတီးကိုင်ထားတဲ့ ပုံတော်များကို သတိထားမိတယ်။ တရုပ်ဘုန်းကြီး ကိုရီးယား ဘုန်းကြီးတွေလည်း ပုတီးကိုင်ကြတယ်။ သူတို့ပုတီးက အလုံးပိုကြီးတာဘဲထူးတယ်။ ဗုဒ္ဓဘာသာ လူတော်တော် များများလည်း ပုတီးစိပ်လေ့ရှိကြတယ်။

စာမေးပွဲဖြေဆိုပြီးရင် အလုပ်ကလဲအား၊ စာမေးပွဲလဲ အောင်ချင်လို့ တစ်နေကုန် ပုတီးစိပ်ဖြစ်တယ်။ စာမေးပွဲတွေလည်း အောင်ခဲ့ ပါတယ်။ ဖြေနိုင်လို့လည်း ဖြစ်မှာပါ။ စိတ်ကူးမိတာလေးတွေလည်း ဖြစ်ပေါ်လာတတ်တယ်။

ထိုစဉ်က စိပ်ဖြစ်ခဲ့တဲ့ ပုတီးစိပ်နည်းမှာ ဧပြီလနဲ့ မေလထုတ် သူရဇ္ဇမဂ္ဂဇင်းမှာ ဆရာကြီး(ဦး)ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့  “ ယုံစေ ချင်ပါသည်” ဆောင်းပါးနဲ့ ယင်းဆောင်းပါးကို ပြန်ညွှန်းထားတဲ့ ဆရာကိုဩ(ရန်ကုန်တက္ကသိုလ်)ရဲ့  “ ပဲခူးမြို့တော်ရှင် ဘိုးဘိုး”  မဟိဒ္ဓိမဂ္ဂဇင်းပါ ဆောင်ပါးတွေမှာ ဖေါ်ပြထားတဲ့ ပုတီးစိပ်နည်း ဖြစ်ပါတယ်။  ဆရာကြီးမင်းသိင်္ခရဲ့ မနောမယလက်ဆောင်ဆိုပြီး ပုတီးလုံး အရွယ်အစား မတူညီတဲ့ (၂၇)လုံးပုတီးနဲ့ စိပ်နည်းသည်လည်း ဆရာကြီး(ဦး)ဆန်းထွန်းဆောင်ပါးပါ နည်းဖြစ်တာကို ဖတ်ဖူးပါတယ်။
ဗုဒ္ဓဂုဏော အနန္တော ဆို၍ အနန္တောအနန္တ(၅)ပတ်၊
အရဟံ(၁၉)ပတ်၊
ကျန်းမာချမ်းသာကြပါစေ မေတ္တာပို့(၃)ပတ် ပေါင်း (၂၇)ပတ် ဖြစ်ပါတယ်။

ဤပုတီးစိပ်နည်းနဲ့ ဆရာကြီး(ဦး) ဆန်းထွန်းရဲ့ ဘဝနေထိုင်မှု တိုးတက်ပြောင်းလဲလာပုံကို ရေးသား ထားခြင်းဖြစ် ပါတယ်။ ဆရာကြီးဆောင်းပါးမှာ နွားထိုးကြီးမြို့က ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက သူ့ အန္တိမဈာပနမှာ ဆရာကြီး ဂါထာလာဖတ် လိမ့်မယ်၊ အဲဒီကျရင် ဆရာကြီးကို ပေးလိုက်ပါ၊ စားသောက်နေထိုင်ရေး ဒုက္ခမရောက်စေဖို့ ယုံကြည်စွာစိပ်ပါလို့  မှာခဲ့ပြီး ဆရာကြီး အတွက် ရေးထားပေးခဲ့တာလို့ ဆိုရပါတယ်။ ဆရာကြီးရဲ့ ဆောင်ပါးမှာ ဆရာတော် အမည်နဲ့ ကျောင်းအမည်ကို ရေးမထား ပါဘူး။

စာရေးသူ သာမဏေကျော်စာမေးပွဲ တတိယဆင့် ဖြေဆိုရမဲ့ ၁၃၄၀-ပြည့်နှစ်က ဖြစ်ပါတယ်။ စာမေးပွဲက ပြာသိုလ် လဆန်း(၂) ရက်နေ့ စဖြေရမှာမို့ ဝါကျွတ်မှာ သူငယ်ချင်းသုံးပါးနဲ့အတူ နွားထိုးကြီးမြို့၊ ကားဂိတ်မှနေ ဝက်လူးရွာဖက်အထွက် မြို့အစပ်မှာရှိ တဲ့ ကျောင်း သစ်ကျောင်း ကို စာသွားကျက်ကြပါတယ်။ ဦးဣန္ဒသာရရဲ့ ရဟန်းဒကာများ နွားထိုးကြီးမြို့မှာရှိလို့ ဆွမ်းခံမထွက်ကြဘဲ စာကို အချိန်များများ ကျက်နိုင်တဲ့အတွက် သွားကြခြင်းဖြစ်ပါတယ်။

ကျောင်းသစ်ကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြီးတာ သိပ်ကြာသေးဟန် မတူပါ၊ စာရေးသူတို့နေတဲ့ ဇရပ်ရဲ့ခြေ ရင်းရှိ အဆောက်အဦထဲမှာ လိုက်(အလောင်း)ဆင်ခဲ့စဉ်က အသုံးပြုတဲ့ မြပုခက်၊ ကရဝိတ်စတဲ့ ကနုတ်ပန်းလှီးထားတဲ့ ပစ္စည်း တွေကို အကောင်းပကတိ သိမ်းထားတာတွေ့ရလို့ပါ။ အဲဒီပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ရုပ်ကလာပ်ကို ရွှေစစ်ချပြီး ကျောင်းတိုက်ရဲ့ အရှေ့တောင်ဖက်ခြံစည်းရိုး နားကပ် လျှက် နေရာမှာ တသီးတသန့် အဆောက်အဦးဆောက်ပြီး ထားပါတယ်။ မိုးကုတ်မြို့သူ၊ မြို့သားများ အထူးကြည်ညို ကိုးကွယ်ကြ ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ မရောက်ခင် နှစ်ရက်သုံးရက် အလိုတွင် မိုးကုတ်မြို့မှ ဒကာဒကာမတွေ အများအပြားလာ ရောက်ကြပြီး ဆရာတော်ကြီးရဲ့ ရုပ်အလောင်းကို ပူဇော်ကြပါတယ်။ လပြည့်နေ့မှာတော့ ပွဲပေါင်း(၁၀၈)ပွဲထိုးကြပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှာတော့ အုန်းသီးတွေ အလှံအပယ်မို့ စားလိုက်ကြတာ စာရေးသူမှာ မျက်စိတွေနီရဲပြီး ရောင်ကိုင်း အပူကန် ခဲ့ရတာကို မှတ်မိနေပါတယ်။

ဆရာတော်ကြီးက ရာသက်ပန် သတ်သတ်လွတ် ဘုဉ်းပေးတော်မူပါတယ်။ သူသီတင်းသုံးတဲ့ ကျောင်းဆောင်ပေါ် သားငါး ဆွမ်းဟင်း မတင်ရဘူး။ ဘုရားခန်းရှေ့မှာ စဥ့်အိုးကြီးထားပြီးးပရိတ်ကြီး(၁၁)သုတ်ကို နေ့စဉ် တစ်နေ့ သုံးကြိမ် အမြဲရွတ်ပါတယ်။    ရောဂါဝေဒနာ ရှိသူများကို ထိုရေမန်းပေးပါတယ်။ ဆရာတော်ကြီးရဲ့ ဘွဲ့အမည်က “ဦးကောသလ္လ”တဲ့။ ဆရာတော်ကြီးစိပ်တဲ့ ပုတီးစိပ်နည်းက ဆရာကြီးဆောင်ပါးမှာ ရေးပြ တဲ့(၂၇)ပတ် ပုတီးစိပ်နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးကို ပုတီးစိပ်နည်းပေးခဲ့တာ ထိုကျောင်းသစ်ကျောင်း ဆရာတော်ကြီး ဖြစ်မယ် ထင်ပါတယ် ။ ထိုပုတီးစိပ်နည်းကို ဒကာ၊ ဒကာမအချို့ နေလည်ပိုင်းတွင် လာရောက်စိပ်ကြတာကို တွေ့ရပါတယ်။

“ ဂိုဏ်း(ကိုင်း)အဖျားခြောက်သည်၊ ဦးကောဂိုဏ်းဟု အပြောမခံနိုင်၊ ပင်စီပင်မ ဖြစ်သည်” ဟူ၍ ဆရာတော်ကြီး ကျောင်း ဆောင် နံရံတွင် ရေးထားတဲ့စာများအနက် ယင်းစာကြောင်းကို နှစ်သုံးဆယ်ကြာ ယခုတိုင် သတိရနေပါသေးတယ်။ အခြားသူငယ်ချင်း သုံးပါးက ပုတီးစိပ်တာ အထုံမရှိ၍ ဖြစ်ဟန်တူပါတယ်၊ အဲဒီပုတီးစိပ်နည်းကို အလေးမမူမိကြဘူး၊ စာရေးသူကတော့ အဲဒီမှာထဲက စိပ်နေကျ ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံအပြင် ထိုပုတီးစိပ်နည်းကိုပါ စိပ်ဖြစ်ခဲ့တယ်။

အဲဒီ၁၃၄၀-ပြည့် မန္တလေးမြို့၊ သကျသီဟ သာမဏေကျော် စာမေးပွဲမှာ သာမဏေကျော် တစ်ပါးတည်းသာ အောင်ခဲ့ပါ တယ်။“ ရှင်ပညာသီဟာလင်္ကကာရ”  ဖြစ်ခဲ့ရပါတယ်။ ထူးထူး ဆန်းဆန်း တစ်ပါးတည်း အောင်ခဲ့တာ သုံးကြိမ်ကြုံခဲ့ဖူးတယ်။ ၁၃၄၀-ခုနှစ်က မန္တလေးမြို့၊ အဲဒီသကျသီဟ သာမဏေကျော် စာမေးပွဲ တတိယဆင့်မှာ တစ်ပါးတည်းအောင်းပြီး “သာမဏေကျော် သာသနာလင်္ကာရဘွဲ့” ရခဲ့တယ်။
 ၁၃၄၆-ခုမှာ ရဟန်းသကျသီဟ စာမေးပွဲ စာသင်တန်းနဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝံသပါလဓမ္မစရိယတန်းမှာ တစ်ပါး တည်း အောင်ခဲ့ဘူးတယ်။ မဖြေနိုင်အောင် မေးတဲ့ မေးခွန်းတွေဖြစ်ခဲ့လို့ မည်သူမှ မဖြေဆို နိုင်ခဲ့ကြပါဘူး။ ထိုစာမေးပွဲများ၌ မည်သို့ ပုစ္ဆာကို ခက်အောင်    မေးတတ်တယ်ဆိုတာ ပရိယတ်လိုက်စားတဲ့ သံဃာတိုင်း သိကြပါတယ်။
အခြားသူတွေထက် စာရေးသူလည်း ထူးပြီးမတော်လှပါ၊ သူလို ကိုယ်လို့ပါဘဲ။ ဒါပေမယ့် စာရေးသူက မဖြေနိုင်ပေမယ့်   စာမေးပွဲပြီး ဂေဇက် မထွက်မချင်း တနေကုန်ပုတီး စိပ်နေတတ်တယ်။ တိုက်ဆိုင်မှုလေးတွေရှိခဲ့တယ်။ ဂေဇက်ထွက်မဲ့နေ့မှာ တစ်နေရာက ရွှေမန်းတင်မောင်ရဲ့ “ အောင်ပါစေ”  သီချင်းသံကြားလို့ကတော့ အောင်ပြီးသားဘဲ။ သူငယ်ချင်းတွေတောင် အံ့ဩခဲ့ကြရတဲ့ ဖြစ်ထွေတွေရှိခဲ့ပါတယ်။

စာမေးပွဲဖြေဆိုထားသူများ၊ အင်တာဗျူးခံရမယ့်သူများ ယုံမယ်ဆိုရင် အဲဒီ ( ၂၇ ) ပါတ် ပုတီးစိပ်နည်းကို စိပ်ကြည့်စေချင်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အမှတ်(၁) စစ်မှု့ထမ်းဟောင်းစံပြရွာ၊ (လေးဒေါင့်ကန်) သီရိဂုဏ်ဝေ ဓမ္မဗိမာန်ကျောင်း ဝင်းနဲ့ကပ်ရက် မြေကွက်မှာ စေတီတော် တည်ပေးချင်တာ၊ ရွာကလည်း စစ်မှု့ထမ်းဟောင်း အငြိမ်းစားများ နေကြတဲ့ရွာ၊စေတီတော် ကလည်း မရှိဘူး၊ ကိုယ်ကလည်း စာချဘုန်းကြီးဆိုတော့ အသိုင်းအဝိုင်း ဒကာဒကာမ တောင့်တောင့် တင်းတင်းပြည့်ပြည့် စုံစုံရှိတာ မဟုတ်တော့ စိတ်သာရှိပြီး လက်တွေ့ အကောင်အထည် ဖေါ်ဖို့ဆိုတာ အခြေအနေအရ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရန်ကင်း၊ မိုးကောင်း ဘုရားဝင်းထဲက ရင်းနှီးတဲ့ဗေဒင်ဆရာ ဦးကံရွှေကို မေးကြည့်တယ်၊ “ ဘုရား တည်ချင်တယ်၊ ဘာလုပ်ရမလဲ” ဆိုတော့ “ ပွဲထိုးပြီး ပုတီးစိပ်ရမယ်လို့” ပြောတယ်။

“ ကောင်းပြီး၊ ပုတီးစိပ်မယ်၊ ပွဲလဲထိုးမယ်၊ဘယ်လို ပုတီးစိပ်ရမှာလဲလို့ မေးတော့”
“ ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ။
“ ဧဝံ အစိန္တိယာ ဓမ္မာ၊ ဓမ္မဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော”  ဂါထာ။
“ဧဝံ အစိန္တိယာ သံဃာ၊ သံဃဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ(၃)ပုဒ်နဲ့
“ နမော တေ ဗုဒ္ဓဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊ သမ္ဗောဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ” ဂါထာကို စိပ်ရမယ်လို့ ပြောတယ်။

ပွဲထိုးဖို့ကလည်း  မခက်ခဲလှဘူး၊ ထိုစဉ်က သီရိမင်္ဂလာဈေးမှာ အုန်းငှက်ပျော တိုက်တဲ့ကားလည်း ကျောင်းရှေ့မှာထိုးတာ မို့ ကားဆရာကို မှာလိုက်ရင် အလကားပွဲထိုးပေးတယ်၊ သူမိန်းမက ဓာတ်တွေနတ်တွေနဲ့ ပူးတာခွတာ အစွဲရှိတော့ ကျကျနန စနစ်တကျ ထိုးပေးကြ တယ်။ အမွေးတိုင် အပြင်သွေးပြီး သားနံ့သာ အထုတ်ကလေးများနဲ့လည်း ပက်ပေးဖျန်းပေး၍ အချိုးကျ အဆင်ပြေလှတယ်။

စာရေးသူကလည်း  ရွာဒကာ၊ ဒကာမတွေအတွက် ဘုရားတည် ပေးချင်တဲ့ စိတ်ကပြင်းထန်နေလို့ ညဘုရားဝတ်တက်၊ ပဋ္ဌာန်းပရိတ်ရွတ်ပြီးတာနဲ့ ဗေဒင်ဆရာပြောတဲ့ ဂါထာတွေနဲ့ ပုတီးစိပ်ဖြစ်နေ ပါတော့တယ်။ တစ်လသာသာ အကြာမှာတော့ ရွာကစစ်မှု ထမ်းဟောင်းရွာဖြစ်လို့ စစ်မှုထမ်းဟောင်း ဆိုင်ရာ အကြီးအကဲတစ်ဦး ရွာကို နောက်လိုက် နောက်ပါများစွာနဲ့ ရောက်လာတယ်။ ကျောင်းတော်ကိုလည်း ရောက်လာကြပြီး “ ဆရာတော်ဘာများ လိုပါသလဲဘုရား” လို့ မေးလျှောက်တယ်။

“ဘုန်းကြီးအတွက်တော့ ဘာမှမလိုအပ်ပါ၊ အိမ်ခြေငါးရာကျော်ရှိတဲ့ရွာကြီးမှာ စေတီတော် တစ်ဆူတော့ရှိသင့်ပါတယ်။ ဘုန်းကြီးတို့ တိုင်းပြည်က ဗုဒ္ဓဘာသာတိုင်းပြည်မို့ ရွာတိုင်းမှာ စေတီတော်ကလေးများရှိကြတယ်၊ အောက်ထစ်ဆုံး ကိုးတောင် ပြည့် စေတီလေးတွေေ တာင် ရွာအတွက် အင်မတန် ကျက်သရေရှိပါတယ်၊ ဒီစစ်မှု့ထမ်းဟောင်းရွာကြီးမှာ စေတီတော် မရှိဘူး ဖြစ်နေတယ်၊ တည်ပေးရင်တော့ အလွန်ကောင်းပါတယ် ဒကာကြီးလို့” ပြောလိုက်မိတယ်။

နောက်တစ်ပါတ် ဆယ်ရက်အကြာမှာတော့ ဆရာတော်လိုအပ်တဲ့ စေတီတော်ပုံစံနဲ့ ဘုရားဘွဲ့တော်အမည်ကို တည်ထား ပေးရန် ညွှန်ကြားပါကြောင်းကို ဝန်ထမ်းများရောက်လာကြပြီး လျှောက်ထားကြတယ်။ ရွှေတိဂုံပုံစံတူ ဉာဏ်တော် (၂၁)ပေအမြင့်၊ အရံစေတီ ငယ်များ၊ မုဒ်ဦးတံတိုင်းနဲ့ မီးသွယ်တန်းပြီးသည်အထိ ဆောင်ရွက်ပေးသည်အပြင် ကတ္တရာလမ်းလည်း ခင်းပေး ပါတယ်။ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦး ကြီးကြပ်ပြီး (၁၀)လနဲ့အပြီး တည်ပေးကြတယ်။

ပုတီးမှာ သိဒ္ဓိများ ကိန်းနေမလား ဆိုတာကို တစ်ခါတလေ စဉ်းစားမိတယ်။ အလိုရှိတာကို ပြီးစီးနိုင်စွမ်းရှိတာကို သိဒ္ဓိလို့ ဆိုတယ် မဟုတ်လား။ ထိုစဉ်က စာမေးပွဲ အောင်ချင်တာ၊ ဘုရားတည်ပေးချင်တာဘဲ အလိုရှိတာ၊ တခြားဘာမှ ဆန္ဒမရှိဘူး၊ ငယ်နု ချိန်ဆိုတော့ လိုအပ်တာတွေကလည်း ဟုတ်တိပတ်တိ များများစားစား မရှိလှသေး၊ ယခုတော့ အသက်ရလာပြီ၊ လိုချင်တာတွေ ဖြစ်ချင်တာတွေ ကလည်း များလာပြီမို့ ပုတီးစိပ်ရင်းနဲ့ လောဘကို အရှိန်သတ် ဘရိတ်အုပ်နေရပါတော့တယ်။                                              အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
http://www.ashinsirinda.com/ မေတ္တာဥယျာဉ် မှ ပြန်လည်ဓမ္မဒါန ပြုပါသည်။

Friday, June 3, 2011

သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ( ၁၀ ) မျိုး

  မြတ်စွာဘုရားသခင်သည် လူသာမန် နတ်သာမန် တို့နှင့် မတူ ခြားနားသော ပင်ကိုယ် အသိဥာဏ်  ရှိတော်မူ၏၊ အမျိုးမျိုးသော ထိုဥာဏ်တော် တို့ ရှိခြင်းကြောင့်ပင် သတ္တ၀ါ တစ်ဦးတစ်ယောက်ကို မြင်သည်နှင့် ဤသူသည် ရာဂစရိုက်ရှိ၏၊ ဘယ်သို့သော တရားကို ဟောလိုက်လျင် တရားထူးရနိုင်သည်၊ ဤသူသည် ဒေါသစရိုက်၊ ဒေါသအားကြီး၏၊ 

ဤသူသည် မောဟစရိုက်၊ မောဟများလွန်း၏၊ ဤသူသည် သဒ္ဓါစရိုက် သဒ္ဓါတရား ယုံကြည်မှု အားကောင်း၏၊ ဤသူသည်  ၀ိတက် စရိုက် အကြံအစည် သံသယများလွန်း၏၊ ဤသူသည် ဗုဒ္ဓိစရိုက် ပညာကို အလေးထား၏၊ ပညာဥာဏ် ကြီးမား၏၊ ဤသတ္တ၀ါအား ပညာနှုင့်စပ်သော ခက်ခဲ နက်နဲသော အကြောင်းအရာကို အခြေခံကာ တရားဟောလိုက်လျင် ကျွတ်တမ်းဝင်နိုင်လိမ့်မည် စသည်ဖြင့် သိတော်မူနိုင်၏၊

ယခုခေတ် တရားဟောကြသည်ကား မည်သူမျှ ဘုရားရှင်လို မသိနိုင်သောကြောင့် မှန်းခြေနှင့် ဟောကြရ၏၊ သို့ကြောင့်ပင် ယခုခေတ်၌ တရားနာရင်း တရားထူးရသူလည်း ရှိနိုင်မည် မဟုတ်ပေ၊ မိမိတို့ကိုယ်တိုင် မနေမနား အားထုတ် ကျင့်ကြံနိုင်မှသာ ရနိုင်မည်ထင်၏၊ အားတက်စရာရှိသည်ကား စွဲစွဲမြဲမြဲ အားထုတ်ကြည့်ပါက မိမိသည် သတိပဋ္ဌာန်လေးပါးတွင် အဘယ်သတိပဋ္ဌာန်နှင့် သင့်လျော်သည်၊ ဘယ်ဟာကို အားထုတ်ရတာဖြင့် သိပ်သမာဓိရလွယ်သည်၊ အကြိုက်တွေ့မိသည် စသည်ဖြင့် မိမိကိုယ်ကို ဆန်းစစ်တတ် လာ၏၊ စာရေးသူအနေဖြင့်ကား ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို အလွန်ကြိုက်၏၊ ဝေဒနာတက်လေ ရှုမှတ်ရတာ အားရပြီး စိတ်တည်ငြိမ်လေပင်၊

သတ္တ၀ါတို့သည်ကား ရှေးအတိတ် ဘ၀ါဘ၀များစွာက ဖြည့်ဆည်းပူးအပ်သော ကုသိုလ် အကုသိုလ်ကံများ မတူညီကြသောကြောင့် အကြိုက်ချင်း ခံစားချက်ချင်း သင့်လျော်သော ကမ္မဋ္ဌာန်းချင်းလဲ မတူညီကြပေ။ မိမိခန္ဓာကိုယ်သည် အဘယ်ကမ္မဋ္ဌာန်းကို အကြိုက်တွေ့သည် သင့်လျော်သည်ကိုသာ သတိထားကြည့်ဖို့ လိုအပ်ပေသည်။ ဥာဏ်တော်အကြောင်း ရေးရင်းဖြင့် ၀ိပဿနာတရားအကြောင်း ရေးနေမိ၏၊ ဥာဏ်တော်အကြောင်းကို ဆက်ပါအုံးမည် ၊ ထိုဥာဏ်တော် အမျိုးအစားတို့ကို  သရုပ်ခွဲလိုက်ပါက ( ၁၀ ) မျိုး ရှိကြောင်း ထိုထို ကျမ်းဂန်များတွင် ပြဆို ကြ၏၊  ထိုဥာဏ်တော်တို့အား လက်လှမ်းမှီသမျှ ဖော်ပြအပ်ပါသည်။

(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် -

 အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်၊ ( ဥပမာအားဖြင့် ရုပ် နာမ် ဓမ္မ သင်္ခါရတရား တို့ကို မြဲခြင်းစသည် အားဖြင့် နိစ္စ ၊ သုခ ၊ အတ္တ ရှု့မှတ်ခြင်းသည် လမ်းမှန် မဟုတ်ပေ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှ လမ်းမှန်ဟု မည်သူမှ လမ်းညွှန်မှု မရှိပဲ ကိုယ်တော်တိုင် သိတော်မူခြင်းဖြစ်၏ )

(၂) အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော်

 သတ္တ၀ါ တစ်ဦး၏ အတိတ် အနာဂါတ် ပစ္စုပ္ပန်၌ ရှိနေကုန်သောကုသိုလ် အကုသိုလ်ကံတို့ကို၎င်း၊  ထိုကံတို့၏ အကျိုးကို၎င်း၊ ယင်းကံတို့ကို ထောက်ပံ့နေသော ဥပတ္ထမ္ဘကအကြောင်း၊ တိုက်ရိုက် ဟေတု အကြောင်းအားဖြင့် အလုံးစုံသော ကံတို့၏ ရှေ့ဖြစ် နောက်ဖြစ် အားလုံး ကို သိတော်မူသော ဥာဏ်တော်ဖြစ်၏။
( ဥပမာ သတ္တ၀ါတစ်ဦး၏ လက်ရှိ ကာလ၊ ရောက်ရှိနေရာဘုံဘ၀ ဂတိ၊  တည်ရာ ဥပဓိ၊ ကိုယ်နှုတ်စိတ် သုံးပါး ဟူသော ပယောဂလုလ္လ၊ သမထ ၀ိပဿနာဟူသော အကြောင်းတို့ ပြည့်စုံမှ အကျိုးပေးနိုင်ကြောင်း စသည်ဖြင့် သိတော်မူနိုင်၏ )

(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်
  
အလုံးစုံကုန်သောသုဂတိ၊ ဒုဂ္ဂတိ ဘ၀တို့သို့ရောက်ကြောင်းဖြစ်သော ကျင့်စဉ် လမ်းစဉ်ကို သိတော်မူသော ဥာဏ်တော်၊( ဥပမာအားဖြင့် ဤအကျင့်ကိုလျင် နတ်ရွာ သုဂတိ ရောက်နိင်၏၊ ဤအကျင့်ကို ကျင့်လျင်ကား အပါယ် ငရဲ ဒုဂ္ဂတိ သို့ရောက်နိုင်၏ စသည်ဖြင့် သိတော်မူနိုင်ခြင်းဖြစ်၏ )

(၄) အနေကဓါတု နာနာဓါတု လောကဥာဏ်တော်

မတူခြားနားသော အမျိုးမျိုးသော ဓာတ် သဘာဝရှိသော သတ္တလောကကို သိတော်မူသော ဥာဏ်တော်၊
( ဥပမာအားဖြင့် ရုပ်ခန္ဓာသက်သက်သာ ရှိသော အသညသတ်ဗြဟ္မာ စသောလောကကို၎င်း၊ နာမ်ခန္ဓာ ၄ ပါးသက်သက်သာ ရှိသော အရူပဗြဟ္မာ့ဘုံစသော လောကကို၎င်း၊ ရုပ် နာမ် နှစ်ပါးစုံရှိသော လ့ဘုံ ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊  တိရိ စ္ဆာန် စသော ဘုံလောကကို၎င်း ခန္ဓာ အာယတန ဓာတ် စသည်အားဖြင့် ပိုင်းခြား သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ )

(၅) သတ္တာနံ  နာနာ ဓိမုတ္တိကတာ ဥာဏ်တော်

များပြားလှစွာသော သတ္တ၀ါတို့၏ အမျိုးမျိုးသော နှလုံးသွင်း မှန် မမှန် ကို၎င်း၊ ဓာတ်ခံ ကောင်း မကောင်းကို ၄င်းသိတော်မူတတ်သော ဥာဏ်တော်ဖြစ်၏ ( ဥပမာ - သတ္တ၀ါတစ်ဦး၏  ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံ ရှိသလော၊ မြင့်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိသလော စသည်ဖြင့် ဝေနေယျတို့၏ ဟီနာဓိမုတ္တိက ၊ ပဏီတာ ဓိမုတ္တိက ဖြစ် မဖြစ်ကို ဝေဖန် သိတော်မူနိုင်ခြင်း ဖြစ်၏ )

(၆) ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော်

ယုတ်ညံ့သောသတ္တ၀ါ၊ မြင့်မြတ်သော သတ္တ၀ါတို့၏ တရားထူးရနိုင် မရနိုင် နှင့်  ဣနြေ္ဒ အနု အရင့် စသည်ကို သိတော်မူနိုင်သော ဥာဏ်တော်
( ဥပမာ အားဖြင့် အပင်မှ သရက်သီးကို  လှမ်းကြည့်ကာ ဤသရက်သီး မှည့်နိုင်ပြီလော၊ မမှည့်နိုင် သေးဘူးလော စသည်ဖြင့် မျှော်မှန်းကြည့်ရသကဲ့သို့ သတ္တ၀ါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံ နှင့် စရိုက်အမျိုး မျိုးကို၎င်း  ကျွတ်ထိုက်ပြီလော မကျွတ်ထိုက်သေးဘူးလော၊ ဤသူ၏သန္တာန်၌ ကိလေသာနည်းသလော၊ ကိလေသာများနေသလော စသည်ဖြင့်၎င်း၊ ယုံကြည်မှုသဒ္ဓါတရား၊ ၀ီရိယ၊ သတိ ၊သမာဓိ ၊ ပညာဟူသောဣနြေ္ဒ ငါးပါးတို့ ပြည့်စုံ ရင့်ကျက်နေပြီလော၊ ယခုအချိန် တရားဟောလျင် ကျွတ်နိုင်ပြီလော မကျွတ်နိုင် သေးဘူးလော စသည်ဖြင့် သိမြင်နိုင်သောဥာဏ်တော်ဖြစ်၏။

(၇) ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသ ဝေါဒါန ၀ုဋ္ဌာန ဥာဏ်တော်

ရရှိပြီးသော ဈာန်တရား ၀ိမောက္ခတရား သမာဓိ သမာပတ်တရားတို့၏ ညစ်နွမ်းပုံ ညစ်နွမ်းကြောင်း၊ ဖြူစင်ပုံ ဖြူစင်ကြောင်း၊ ဈာန် သမာပတ်တို့မှ ထမြောက်ပုံ ထမြောက်ကြောင်း နည်းလမ်းတို့ကို အသေးစိတ် ရှင်းလင်းပီသစွာ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏။

(၈) ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော်

 ရှေးကနေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်၊ ဘ၀အစဉ် တို့ကို ဘ၀ခြားသည်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ၊ ကပ်ကမ္ဘာတွေ ခြားသည်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊ ကိုယ်တော်တိုင်၏ ဘ၀ဖြစ်စဉ်ကို၎င်း၊ စကြာဝဠာအနန္တ၌ ရှိနေကြကုန်သော သုဂတိ ဒုဂ္ဂတိ သတ္တ၀ါအားလုံးတို့၏ ဘ၀ဖြစ်စဉ်ကို၎င်း သိတော်မူနိုင်သော ဥာဏ်တော် ဖြစ်၏၊

( ဤသူသည် ဘယ်ကပ်ကမ္ဘာက  လူ့ဘ၀ ကို ရခဲ့ ဖြစ်ခဲ့သည်၊ မည်သူနှင့် တွေ့ခဲ့သည်၊ မည်သူနှင့်  မေတ္တာ ရေစက် ရှိခဲ့ဖူးသည် စသည်ဖြင့် ဘ၀အစဉ်လိုက်ဖြစ်စေ ၊ ခုန်ကျော်ပြီးဖြစ်စေ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ ပစ္စေကဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက စသော ရဟန္တာမထေရ်မြတ်ကြီးတို့သည် ကိုယ့်ဘ၀အစဉ်ကို၎င်း၊ သူတပါးတို့၏ ဘ၀ကို၎င်း အစဉ်လိုက်သာ မြင်စွမ်းနိုင်၏၊ ဘုရားရှင်တို့သည်ကား လိုအပ်လာလျင် ခုန်ကျော်ပြီး ကြည့်လိုက ကြည့်နိုင် မြင်စွမ်းနိုင်၏။ )

(၉) စုတူပ ပါတ ဥာဏ်တော်

( စုတိ + ဥပပါတ ) သတ္တ၀ါ အားလုံးတို့၏ သေရမည့်အချိန်၊ သေခါနီးအချိန်၊ ပဋိသန္ဓေနေရမည့်အချိန်၊ ပဋိသန္ဓေနေ ပြီးခါစ အချိန်၊ စသည့် လူသာမာန်တို့ မမြင်စွမ်းနိုင်သောအရာကို သိမြင်တော်မူနိုင်သော ဥာဏ်တော်၊

( သတ္တ၀ါတစ်ဦးကို ကြည့်တော်မူကာ ဤသူသည် ဒီဘ၀မှ ဘယ်အချိန်သေလိမ့်မည်၊ ဘယ်လို သေလိမ့်မည်၊ သေပြီးက ဘယ်ဘ၀ရောက်လိမ့်မည်၊ စသည်ဖြင့် သုဂတိ ဒုဂ္ဂတိရောက်ရမည့်သူဟူသော သုဂတိပရာယဏ ဒုဂ္ဂတိပရာယဏ အားလုံးကို၎င်း၊ မိမိတို့ ပြုလုပ်ထားသော ကံအားလျော်စွာ ဖြစ်ရမည့် ယထာကမ္မူပဂ စသည်အားဖြင်၎င်း၊   အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ တစ်ချို့နေရာ၌ ဒိဗ္ဗစက္ခု အဘိဥာဏ် ဟုလည်း သုံးနှုံးကြ၏၊ ဤနေရာ၌ ဥာဏ်တော်အကြောင်းကို ဦးစားပေးကာ ရေးသား၏ )

(၁၀) အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်

 အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်းကြောင့်  သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဟူသော ဥာဏ်တော်၊ ဤဥာဏ်တော်ကား  ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ ကာလပတ်လုံး ပါလာသော ကိလေသာတရားတို့ကို ၀ါသနာ၊ အလေ့အကျင့်၊ အထုံပါရမီ နှင့်တကွ ပယ်သတ် အောင်မြင်တော်မူနိုင်ခြင်း ဖြစ်၏။
သဗ္ဗညု ဘုရားရှင်တို့၏ ဥာဏ်တော် ဂုဏ်တော်တို့ကို အာရုံပြုကာ ကြည်ညိုနိုင်ရန် လက်လှမ်းမှီသမျှ ကိုးကားဖော်ပြပါသည်။

 ကိုးကား၊
ဥာဏ၀ိဘင်း ပါဠိတော်နှင့် အဋ္ဌကထာ
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် မဟာဝဂ္ဂ
ဖားအောက်ဆရာတော်ဘုရားကြီး၏ တရားတော်များ

 မြင်ဖူးတွေ့ဖူးနေကျ ဘုရားပုံတော်များ ဖြစ်သောကြောင့် အတိတ်တစ်ချိန်က သာသနာ ထွန်းကားခဲ့ရာ အင်ဒိုနီးရှားနိုင်ငံမှ ကမ္ဘာကျော် Borobudur  Temple မှ မီးပူဇော်ပွဲတော် မြင်ကွင်းများကို ဗဟုဿုတဖြစ်ဖွယ် တင်ပြ ပူဇော်ပါသည်။ ထိုဘုရားအကြောင်းကို ဤနေရာ ၌ ကြည့်ရှုလေ့လာနိုင်ပါသေးသည်။ 

Wednesday, June 1, 2011

မနှစ်က ငါနှင့် ဒီနှစ် ငါ

နှစ်စဉ်တိုင်းမှာ အသက်ဟာ၊ အစဉ်ကြီးနေကြ၊
သိပင် သိလျက် တားဖို့ခက်၊  သိလျက် ငြိမ်နေရ၊
မိဘ အိုတာ၊ သားသမီးမှာ ၊ သိသာ သိ၍တားမရ၊
သားသမီး အိုတာ၊ မိဘမှာ၊  သိသာ သိ၍ တားမရ၊
မိဘ ရောဂါ၊ သားသမီးမှာ၊ မှန်စွာ ကိုယ်စား ခံမရ၊
သားသမီးရောဂါ၊ မိဘမှာ ၊ မှန်စွာ ကိုယ်စား ခံမရ၊

ကိုယ်အိုသည်ကို သိစေလို၊ အအို ( မွေးနေ့ ) ပွဲတွေ ကျင်းပကြ၊
ကျင်းပသော်လည်း ၊ ကိုယ့်တွက်ပဲ ၊ အမြတ်ရအောင် ရှာဖွေကြ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ အိုနေသည်ကို၊ သိသင့်လှ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ နာနေသည်ကို ၊ သိသင့်လှ၊
လူသားတိုင်းဟာ၊ ချိန်တိုင်းမှာ၊ သေရ မည်ကို၊ သိသင့်လှ၊
နေရစဉ်မှာ၊ ကုသိုလ်သာ၊ ဖွေရှာ ယူပါကြ၊
မယူတတ်က၊ ရှုံးမည်ပ၊ နောင်တ ကြီးစွာ ရလိမ့်မည်၊

အိုဘယ့် လူသား၊ အသင်ကား၊ စဉ်းစားသင့်ပေသည်၊
မနှစ်ကငါ နှင့် ဒီနှစ် ငါ၊ ဘယ်ဟာ သာ၍ ထူးသနည်း၊
မနှစ်က ကိုယ်ကျင့် ၊ ဒီနှစ် ဆင့်၊  ဘယ်ကျင့် သာ၍ ပိုသနည်း၊
မနှစ်က ချမ်းသာ၊ ခု ချမ်းသာ ၊ ဘယ်ဟာ သာ၍ မြတ်သနည်း၊
မနှစ်က အသိ၊ ဒီနှစ် ညှိ၊ ဘယ်သိ သာ၍ ထူးသနည်း၊
မထူးသေးလျင်၊ သင့်တွက်ပင်၊ ဧကန် ရှုံးတော့သည်၊
ထို့ကြောင့်လူသား၊ ဒါနများ၊ ကြိုးစားအားထုတ်လေ၊
ထို့ကြောင့်လူသား၊ သီလများ၊ ကြိုးစား စောင့်ထိမ်းလေ၊
ထို့ကြောင့်လူသား၊ ဘာဝနာများ၊ ကြိုးစား ပွားများလေ၊
ကြိုးစားလာလျင်၊ တစ်နေ့တွင်၊ ဧကန် နိဗ္ဗာန် ဆိုက်လိမ့်မည်။

မှတ်ချက်။    30.May. 2011 နေ့တွင် ကျရောက်သော မောင်ဖိုးသား ၏ ( 26 ) နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ကိုယ်ပိုင် ရေးဖွဲ့ပါသည်၊ ဖိုးသားရေ ကဗျာ ရေးတတ်လို့တော့ မဟုတ်ပါ၊ ဒီလောက်ဆို ကျေနပ်နိုင်မည် ထင်ပါသည်။ 
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

Monday, May 30, 2011

ပတ်ဝန်းကျင် နှင့် ခံယူချက်

“ ဘာစာကိုပဲ သင်သင်၊ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ ဘယ်ပတ်ဝန်းကျင်မှာပဲ နေနေ၊  ဘယ်ကျောင်းမှာပဲ တက်တက် ဘယ်လို အယူဝါဒတွေကို လေ့လာ လေ့လာ  တို့ဗုဒ္ဓဘာသာတွေဟာ  ဘယ်ဘာသာတရား အယူဝါဒနဲ့ပဲ နှိုင်းယှဉ်သည်ဖြစ်စေ ထေရ၀ါဒ ဗုဒ္ဓ ဓမ္မဘက်က အမြဲတမ်း ရပ်တည်မယ် ဆိုတဲ့ စိတ်ထားမွေးထားရမယ်၊

တစ်ခါတုန်းက  မဟာနာမ် သာကီဝင် မင်းသားက မြတ်စွာဘုရားကို လျောက်ထားဖူးတာ ရှိတယ်၊ မြတ်စွာဘုရားက တစ်ဖက် ရဟန်းသံဃာတွေက တစ်ဖက် အယူအဆ မတူ သဘောထားကွဲလွဲတာမျိုးများ ရှိခဲ့လျင် တပည့်တော်ကတော့ ဘုရားဖက်ပဲ လိုက်မှာပါ၊  မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုနီတွေက တစ်ဖက်ဆိုရင်လဲ တပည့်တော်ကတော့  ဘုရားဖက်ကပဲ လိုက်ပါမယ်၊ 

မြတ်စွာဘုရားကတစ်ဖက် ဥပါသကာ ဥပါသိကာမ( ဒကာ ဒကာမ ) တွေက တစ်ဖက် တစ်လောကလုံးက တစ်ဖက် ဆိုလျင်လည်း တပည့်တော်အနေနှင့် ဘုရားဘက်ကပဲ ရပ်တည်မှာပဲ လို့ လျောက်ထားခဲ့တယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကြောင့် လူတွေရော ရှင်တွေရော လမ်းကြောင်းပြောင်းသွားတာမျိုး မဖြစ်သင့်ပါဘူး ”

သြ၀ါဒမှတ်စု ကို ပြန်လည် မျှဝေပါသည်။