Friday, March 11, 2011

ခန္ဓာကိုယ်ကို ဓာတ်ကြီး ၄ ပါးဖြင့်သရုပ်ခွဲခြင်း ( သို့ ) မဟာဘုတ်ရုပ်ကြီး ( ၄၂ ) ပါး

အကျဉ်းဆောင်ပုဒ်။         ။ အာပေါ ဆယ့်နှစ်သွယ် ၊ နှစ်ဆယ် ပထ၀ီ ၊လေးလီ တေဇော ၊ ခြောက်ဝါယော ၊မှတ်လော လေးဆယ့် နှစ် ။

ပထ၀ီ ဓာတ် အမျိုးအစား (၂၀ )

ဆံပင် မွေးညှင်း ၊ ခြေသည်း လက်သည်း ၊ သွား ၊ အရေ ၊

အသား အကြော ၊ အရိုး ၊ ရိုးတွင်းခြင်းဆီ ၊ အညှိုး ၊

နှလုံး အသည်း ၊ အမြှေး ၊ အပြင် ၊ အဆုတ် ၊

အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနှောက် ၊

ဤကောဋ္ဌာသ နှစ်ဆယ် တွင် ၊ ပထ၀ီဓာတ် လွန်ကဲ၏ ။

အာပေါဓာတ် ( ၁၂ ) ပါး

သည်းခြေ ၊ သလိပ် ၊ ပြည် သွေး ၊ ချွေး ၊ အဆီခဲ ၊

မျက်ရည် ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ငယ် ။

ဤဆယ့်နှစ်ပါးတွင် အာပေါဓာတ်၊ လွန်ကဲ၏ ။

တေဇော ဓာတ် ( ၄ ) ပါး

သန္တပ္ပန တေဇော = အဖျားရှိန် အပူငွေ့ ။

ဇီရဏ တေဇော = အိုမင်းရင့်ရော်စေသော အပူငွေ့ ။

ဒါဟ တေဇော = မခံသာအောင် အလွန်ပူသော အပူငွေ့ ။

ပါစက တေဇော = အစာချေသော ၀မ်းမီး အပူငွေ့ ။

ဤလေးပါးတွင် တေဇောဓာတ် လွန်ကဲ၏။

ဝါယောဓာတ် ( ၆ ) ပါး

ဥဒ္ဓင်္ဂမ ၀ါယော            = အထက်သို့ ဆန်သော လေ ။

အဓောဂမ ၀ါယော        = အောက်သို့ စုန်သော လေ ။

ကုစ္ဆိသယ ၀ါယော        = အူ၏ပြင်ဘက် ၀မ်းတွင်းမှာ ရှိသောလေ ။

ကောဋ္ဌာသယ ၀ါယော   = အူအတွင်းမှာ ရှိသော လေ ။

အင်္ဂမင်္ဂါနုသာရိ ၀ါယော = အင်္ဂါကြီးငယ်တို့၌ လျောက်နေသော လေ ။

အဿာသ ပဿာသ ၀ါယော = ထွက်သက် ၀င်သက်လေ ။

ဤခြောက်ပါးတွင် ၀ါယောဓာတ် လွန်ကဲ၏ ။

Thursday, March 10, 2011

“ မကိုင်နဲ့ အကပ် ပျက်လိမ့်မယ် ”

ဗုဒ္ဓဘာသာဝင်  လူပုဂ္ဂိုလ်များအနေဖြင့် ရဟန်းသံဃာတော်များအား ဆွမ်းခဲဖွယ် ဘောဇဉ်စသည်ကို စားပွဲဖြင့် ကပ်လှုပြီးပါက တစ်ယောက်ယောက်က ကိုင်ယူလျင်ဖြစ်စေ၊ ထိလျင်ဖြစ်စေ၊ သွား မကိုင်နဲ့၊ ကိုင်လို့မရဘူး၊ ထိလို့ မရဘူး၊ အဲလို ထိမိရင် အကပ်ပျက်တယ်၊ ဘုန်းကြီးတွေမှာ အာပတ်သင့်တယ်၊ စသဖြင့် စာရေးသူတို့ ငယ်စဉ်ကတည်းက ကြားဖူးနေကျ စကားတစ်ခွန်းဖြစ်နေသောကြောင့် ကြားရတာ နားယဉ်နေပေပြီ၊

အမှန်ကား လူဒကာ ဒကာမတို့အနေဖြင့် ဘုန်းပေးစေလိုသော သဒ္ဓါ စေတနာတို့က ထက်သန်နေကြသော ကြောင့်သာ ဝေးနေသော ဆွမ်းခွက် ဟင်းခွက်စသည်ကို ကိုင်ယူကြခြင်းဖြစ်၏၊  အကပ်ပျက်စေလိုသော အလှုရှင် တစ်ယောက်တစ်လေမျှ ရှိမည်မထင်ပေ၊

လိုရင်းမှတ်ရန်မှာ ကပ်လှုပြီးသော ဆွမ်း ဟင်းခဲဖွယ် ဆန် ဆီ စသော အရာဝတ္ထုပစ္စည်းအားလုံးကို ရဟန်းတော်များက ရော့ ယူသွားကြတော့ -- စသည်ဖြင့် ပါးစပ်ဖြင့်၎င်း၊ အမူအရာဖြင့်၎င်း မပြောသေးလျင် လူဒါယကာတို့က ဘယ်လိုပင် ကိုင်ကိုင် ရွှေ့ရွှေ့ ပြုလုပ်ပါသော်လည်း အကပ်မပျက်ပါ၊ ထို့ကြောင့် ဆက်လက် ဘုန်းပေးသုံးဆောင်ကောင်းပါသည်။

အကပ်ပျက်ကြောင်း အင်္ဂါ ( ၆ ) ပါး

၁။ စွန့်  =  စားသောက်ဖွယ် များကို ရဟန်းများက အာလယပြတ် စွန့်လျင် အကပ်ပျက်ပါသည်။

၂။ ချ  =  ကပ်ထားပြီးသား စားပွဲတွင်ထိုင်စဉ် ရဟန်းတော်သည် သိက္ခာချကာ လူထွက်သွားလျင်လဲ အကပ်ပျက်ပါသည်။

၃။ ပေး  =  စားသောက်ဖွယ်များကို လူဒကာတို့အားဖြစ်စေ၊ သာမဏေတို့အားဖြစ်စေ ပေးလိုက်လျင်လဲ အကပ်ပျက်သည်။

၎။ လု  =  ရဟန်းတော်က မပေးသော်လည်း လူဒကာတို့က အတင်းအဓမ္မ လုယူသွားလျင်၎င်း၊ အကျွမ်းဝင်လို့ ယူသွားလျင်၎င်း  အကပ်ပျက်သည်။

၅။ မစ္စု  = အကပ်ခံပြီး ဘုန်းပေးသုံးဆောင်နေဆဲ ရဟန်းတော် ပျံလွန်တော်မူ ( သေ )သွားလျင်လဲ အကပ်ပျက် သည်။

၆။ လိင်ပြန်  = ယောကျာ်းစင်စစ်ရဟန်းဘ၀မှ အမျိုးသမီးဘ၀သို့ ပြောင်းလဲသွားခြင်း ဟူသော နပုံး ပဏ္ဍုပ်ဘ၀သို့ တစ်ထိုင်တည်း ပြောင်းလဲသွားလျင်လဲ အကပ်ပျက်ပါသည်။

ဆောင်ပုဒ်။     ။ စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု၊ လိင်ပြန်၊ ဤ ၆ တန်၊ ကပ်ခံ ပျက်ကြောင်းတည်း

အကိုး။   ။ ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး၏ ဒုလ္လဘသိဖွယ် ၀ိနည်းငယ်

နစ္စဂီတ နှင့် မာလာဂန္ဓ သိက္ခာပုဒ် ပေါင်းခြင်း + ခွဲခြင်း

ငယ်စဉ်အရွယ်ကတည်းက အဖြေကို စိတ်ဝင်စားသော်လည်း  ကောင်းကောင်းနားမလည်သေးသော နစ္စဂီတ ၀ါဒိတ ၀ိသူက ဒဿန သိက္ခာပုဒ်နှင့် မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန စသော သိက္ခာပုဒ်နှစ်ပုဒ် တို့၏ ပေါင်းခြင်း ခွဲခြင်းကို ဟိုအရင်က နားမလည်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် လူပုဂ္ဂိုလ်တို့ ရှစ်ပါးသီလ ဆောက်တည်ကြလျင် တပုဒ်တည်း ပေါင်းကာ တိုင်ပေးရွတ်ဆိုပေးသော်လည်း ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား သိက္ခာပုဒ်နှစ်ပုဒ်ခွဲကာ ရွတ်ဆိုရသည့်အတွက် စိတ်ထဲ၌ အထူးအဆန်းသဖွယ် ဖြစ်နေ မိခဲ့၏၊ ယင်းအချက်ကို အမှတ်မထင် ရှာဖွေတွေ့ရှိရသည့်အတွက်  မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

လူတို့ ရှစ်ပါးသီလ ဆောက်တည်ကြရာတွင် --

နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊  တူရိယာတို့ ဖြင့် တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်းတို့သည်၎င်း၊

မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ပန်းပန်ခြင်း၊ သနပ်ခါး နံ့သာလိမ်းခြင်း၊ မျက်နှာမှာရှိသော အဖုအပိန့် အချိုင့်အခွက် နေရာတို့ကို နံ့သာဖြင့် ဖို့ကာလိမ်းကျံခြင်း တို့သည် ၄င်း ကာမဂုဏ်အရာမှာ လျပ်ပေါ်ခြင်း ဟူသော ကာယကံမှု ချိုးဖောက်ခြင်းအားဖြင့်  တူညီကြ၏၊ ထို့ကြောင့် တပုဒ်ထဲ ဆောက်တည်နိုင်ခြင်း ဖြစ်၏။  (ဆိုလိုရင်းကား) လူတို့အတွက် သူတပါးကို ဥပုသ်ဆောက်တည်ရန် သွားစဉ် နှုတ်ဖြင့် အားပေး တိုက်တွန်းရုံဖြင့် သိက္ခာပုဒ် မကျိုးပေါက်ပါ။

ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား --

(၁) နစ္စ ဂီတ သိက္ခာပုဒ်၌ပင် ကိုယ်တိုင်ချိုးဖောက်ရုံကာမက သူတပါးကိုလည်း တိုက်တွန်းကာ  ကခုန်စေခြင်း၊ သီဆိုစေခြင်း၊  တီးမှုတ်စေခြင်း ၊ ကြည့်ရှုနားထောင်စေခြင်း အားဖြင့် ကာယကံ ၀စီကံအမှုအားဖြင့် နှစ်မျိုးဖြစ်လာ၏။

(၂)  မာလာဂန္ဓ သိက္ခာပုဒ်တွင် ပန်းပန်ဖို့ သနပ်ခါး နံ့သာလိမ်းဖို့  စသည်အားဖြင့် ကိုယ်တိုင် အားထုတ်မှ သီလကျိုးခြင်း ကာယကံမှုသာ သက်ဆိုင်၏၊ ဤသို့ ရှေ့တစ်ပုဒ်က ကာယကံ ၀စီကံဖြင့် သက်ဆိုင်ပြီး နောက်တပုဒ်က ကာယကံဖြင့်သာ စပ်ဆိုင်သောကြောင့် ၂ ပုဒ်ခွဲကာ ဆောက်တည်ကြရပေသည်။

Wednesday, February 16, 2011

စွန်းလွန်းဆရာတော်နှင့် အနာဂါမ် ဒေါ်ငွေဘုံ တွေ့ဆုံခဏ်း

ဘို့ကြီးနဲု့ ချိုထောင်၊ ကုန်းခေါင်ခေါင် ဟိုအချက်၊

လှည်းကွက်ချည်း ရုန်း-နိုင်ပေါင်။

နွားမတွေ ဟိုတစ်စု၊ ချိုတစ်ခုမျှ မပါပေါင်၊

ဘို့ ဆိုတာ ဝေလာဝေး၊

ခွါလေးက သေးမြှောင်မြှောင်၊ ကိုယ်ကောင်က လှီကင်း၊

နွားမတွေ ထိုတစ်သင်းရယ်က၊

လှည်းပေါ်မှာ ကုန်တွေသွင်း၊ ရုန်း-ချက် ကပြင်း ။

ဒါယိကာမများသည် ယုံယုံကြည်ကြည်နှင့် ဟိုနှယ် ဒီနှယ် မတွေးဆပဲ  ဆရာသမား ဆုံးမသွန်သင် ပြသ သည့်အတိုင်း သံသယကင်းကင်း ရှင်းရှင်းထားကာ နောက်မဆုတ်တမ်း အားထုတ်ကြသည်နှင့် တရားတွေ့လွယ်သော်လည်း ရဟန်းတော်များနှင့် လူဒါယကာများသည် မိမိတို့ကလဲ ပညာ ဗဟုဿုတ နှင့် ပြည့်စုံသင့်သလောက်  ပြည့်စုံထားကြတော့ နှိုင်းချိန် စဉ်းစားနေတာနဲ့ တရားမတွေ့လွယ်ကြောင်း ကို  စွန်းလွန်းဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ဆရာတော်ဘုရားကြီးထံ နည်းခံ အား ထုတ်ခဲ့ဖူးသော သထုံအပိုင် ခရွဲရွာဆရာတော် ဘုရားက စပ်ဆိုထားခဲ့တဲ့ စာချိုးတပိုဒ်ပါ။

( ယင်းဆရာတော်ကား နှယ်နှယ်ရရ မဟုတ်ပါပေ၊ သေက္ချတောင်ဆရာတော် ဦးတိလောက ၊ ဦးဥတ္တမ နှင့် ခရွဲဆရာတော်သုံးပါး တို့သည် စိတ်တူကိုယ်တူ " ဒီဘ၀ ဒီခန္ဓာကိုယ်နှင့် တစ်မဂ် တစ်ဖိုလ် ရအောင် အားထုတ်ကြမည်၊  သတ္တ၀ါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ  ပြန်ကြ တော့မယ် " ဟု စိတ်ပိုင်းဖြတ်ကာ  တရားရှာ ထွက်ခဲ့ကြဖူးသည်။  နောက်ပိုင်း ဒုက္ခအမျိုးမျိုး တွေ့ပြီး လိုရင်းကိစ္စ မပြီးမြောက်နိုင်တာနှင့်  ပြန်လှည့်ခဲ့ရသည် ဟု ဆို၏။

ပြန်လာပြီး နောက်ပိုင်း၌ စွန်းလွန်းဆရာတော်ကြီးသည်  ဘယ်လိုနည်းနဲ့မှ ဘယ်လို ပုဂ္ဂိုလ်ကမှ သိမ်သမုတ်လို့ မရ တောကြမ်းသည် ဟု နာမည်ကြီးနေသော သထုံမြို့ နေမိန္ဓရ တောင်တော်သို့ သိမ်သမုတ်ရန် ကြွလာသည့် အခိုက်၌ သိမ်သမုတ်ခြင်းကိစ္စလည်း ပြီးစီးအောင်မြင်ပြီဖြစ်ရာ  အထက်ပါ ခရွဲဆရာတော်က သမထတည်ထောင်ပုံ၊ စသည်ဖြင့် နိဒါန်းပြိုး မေးမြန်းလေတော့သည်။ ထိုအခါ စွန်းလွန်းဆရာတော်က အရှင်ဘုရား  ဟောဟို ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက်ရှိသလဲ ဖြေနိင်ပါသလား ဘုရား ? ဟု မေးသည့်အခါ တပည့်တော် အဲဒီလောက်အထိ အာရုံမပြုနိုင်သေးပါဘု ရား ဟု လျောက်ထားတော့မှ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိသည် ဟု စွန်းလွန်းဆရာတော်က ဖြေကြားတော်မူလေသည် )

 နောက်တဖန် မာတုဂါမများ တရားထူးရကြပုံနှင့် ပက်သက်၍ တင်ပြပါအုံးမည်၊  အနာဂါမ် ဒေါ်ငွေဘုံ ဟု ကျော်ကြားနေသူ မင်းကွန်းဆရာတော်ဘုရားကြီး၏ တပည့်မတစ်ယောက် သည် မောင်ရင်ပေါ်ချောက်တွင် တရားပေါက်၍ ရဟန်းကိစ္စပြီးသော  ပုဂ္ဂိုလ်တပါးရှိကြောင်း ကြားသိရ သည်နှင့်  ဟုတ် မဟုတ် စုံစမ်းလိုသည်ဖြစ်ရာ စွန်းလွန်းဆရာတော် သီတင်းသုံးနေရာ မောင်ရင်ပေါ် ချောက်သို့ လာရောက်လေသည်။  ဆရာတော်၏ တပည့် ဒကာ များသည်  ဆ၇ာတော်နှင့် ဒေါ်ငွေဘုံ တို့ ၏ အမေးအဖြေများကို  နားထောင် ကြားနာလိုသည်ဖြစ်၍  ကျောင်းသို့ လာရောက်စုရုံးနေစဉ်ပင်  ဒေါ်ငွေဘုံလည်း ရောက်ရှိလာလေသည်။

ဒေါ်ငွေဘုံ ရောက်ရှိစဉ်ခဏ မေးခွန်းများ မမေးမှီကပင် စွန်းလွန်းဆရာတော်သည် ပရိကံ မှ မဂ်ကျသည် အထိ သဘာဝကျကျနှင့်  အမိန့်ရှိတော်မူသည့်အပြင်  ဆက်လက်မေးလျောက်မည့် ၀ိပဿနာ အကြောင်းအရာ များကိုပါ  တစ်ခုမကျန် ကြိုတင်ဖြေဆိုတော်မူလေသည်။  ထိုအခါ ဒေါ်ငွေဘုံက အရှင်ဘုရား၏ တရားကျင့်စဉ် လမ်းတလျောက်တွင် သတိကို အဓိက ထားခြင်းသည် သဘာဝ ကျလှပါသည်ဘုရား ဟု လျောက်ထားကာ ''  ဒါမှ ငါ့သား - ဒါမှ ငါ့သား " ဟု လက်ခမောင်း ခတ်ကာ  ၀မ်းမြောက်ဝမ်းသာ ထခုန်သောအခါ  စွန်းလွန်းဆရာတော်က " သားတော်ချင်ရင် ကျွေးမှ - အမေ တော်မှာ " ဟု ပြန်လည် အမိန့်ရှိတော်မူလေသည်။

ဒေါ်ငွေဘုံသည် နောက်တနေ့တွင် ကျောင်းတွင်းရှိ သံဃာတော်များအား ဆွမ်းကပ် လှူဒါန်း၍ သာဓု အနုမောဒနာ ပြုပြီးမှ  ပြန်သွားလေသည်။

( သူက ငါ့ထံကို ချက်ချင်းမလာပဲ ကျောင်းဝိုင်းထဲက ဇရပ်တစ်ခုမှာ တည်းခိုပြီး စုံစမ်းနေတုန်း  ငါက သူမေးမည့် ပုစ္ဆာတွေကို အာရုံပြုထားပြီး ဖြစ်လေတော့ ကြိုတင်ဖြေဆိုနိုင်တာပေါ့၊ သူမေးမဲ့ ဟာတွေဟာ မခေလှဘူး၊ သဘာဝကျလှတယ်၊  စာလဲတတ်တယ်၊ ၀တ်စားနေထိုင်ပုံ သပ်သပ် ရပ်ရပ် နဲ့  တည်ကြည်တဲ့ အမူအရာ ရှိတယ် လို့ ဒေါ်ငွေဘုံကို စွန်းလွန်းဆရာတော်ကြီးက  ချီးမွမ်း တော်မူခဲ့ဖူးလေသည်။

ကျမ်းကိုး။  ။ စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ နှင့် တရားအားထုတ်နည်း