ငယ်စဉ်အရွယ်ကတည်းက အဖြေကို စိတ်ဝင်စားသော်လည်း ကောင်းကောင်းနားမလည်သေးသော နစ္စဂီတ ၀ါဒိတ ၀ိသူက ဒဿန သိက္ခာပုဒ်နှင့် မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန စသော သိက္ခာပုဒ်နှစ်ပုဒ် တို့၏ ပေါင်းခြင်း ခွဲခြင်းကို ဟိုအရင်က နားမလည်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် လူပုဂ္ဂိုလ်တို့ ရှစ်ပါးသီလ ဆောက်တည်ကြလျင် တပုဒ်တည်း ပေါင်းကာ တိုင်ပေးရွတ်ဆိုပေးသော်လည်း ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား သိက္ခာပုဒ်နှစ်ပုဒ်ခွဲကာ ရွတ်ဆိုရသည့်အတွက် စိတ်ထဲ၌ အထူးအဆန်းသဖွယ် ဖြစ်နေ မိခဲ့၏၊ ယင်းအချက်ကို အမှတ်မထင် ရှာဖွေတွေ့ရှိရသည့်အတွက် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
လူတို့ ရှစ်ပါးသီလ ဆောက်တည်ကြရာတွင် --
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ တူရိယာတို့ ဖြင့် တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်းတို့သည်၎င်း၊
မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ - ပန်းပန်ခြင်း၊ သနပ်ခါး နံ့သာလိမ်းခြင်း၊ မျက်နှာမှာရှိသော အဖုအပိန့် အချိုင့်အခွက် နေရာတို့ကို နံ့သာဖြင့် ဖို့ကာလိမ်းကျံခြင်း တို့သည် ၄င်း ကာမဂုဏ်အရာမှာ လျပ်ပေါ်ခြင်း ဟူသော ကာယကံမှု ချိုးဖောက်ခြင်းအားဖြင့် တူညီကြ၏၊ ထို့ကြောင့် တပုဒ်ထဲ ဆောက်တည်နိုင်ခြင်း ဖြစ်၏။ (ဆိုလိုရင်းကား) လူတို့အတွက် သူတပါးကို ဥပုသ်ဆောက်တည်ရန် သွားစဉ် နှုတ်ဖြင့် အားပေး တိုက်တွန်းရုံဖြင့် သိက္ခာပုဒ် မကျိုးပေါက်ပါ။
ရှင်သာမဏေတို့၏ ဆယ်ပါးသီလ၌ကား --
(၁) နစ္စ ဂီတ သိက္ခာပုဒ်၌ပင် ကိုယ်တိုင်ချိုးဖောက်ရုံကာမက သူတပါးကိုလည်း တိုက်တွန်းကာ ကခုန်စေခြင်း၊ သီဆိုစေခြင်း၊ တီးမှုတ်စေခြင်း ၊ ကြည့်ရှုနားထောင်စေခြင်း အားဖြင့် ကာယကံ ၀စီကံအမှုအားဖြင့် နှစ်မျိုးဖြစ်လာ၏။
(၂) မာလာဂန္ဓ သိက္ခာပုဒ်တွင် ပန်းပန်ဖို့ သနပ်ခါး နံ့သာလိမ်းဖို့ စသည်အားဖြင့် ကိုယ်တိုင် အားထုတ်မှ သီလကျိုးခြင်း ကာယကံမှုသာ သက်ဆိုင်၏၊ ဤသို့ ရှေ့တစ်ပုဒ်က ကာယကံ ၀စီကံဖြင့် သက်ဆိုင်ပြီး နောက်တပုဒ်က ကာယကံဖြင့်သာ စပ်ဆိုင်သောကြောင့် ၂ ပုဒ်ခွဲကာ ဆောက်တည်ကြရပေသည်။
No comments:
Post a Comment