Friday, June 4, 2010

တော်ဝင် ပန်း

သူလျှင်မရှိ၊ လွမ်းသတိနှင့်၊
သူရှိပါက ရှိလျှက်တ- သည်၊
ငွေလမျက်နှာ ပွင့်ပါ၏ ။

သူမပွင့်ခင်၊ စိတ်ကူးယဉ်ရ၊
သူလျှင်ပွင့်က တော်ဝင်စွဟု၊
ဆံစဦးမျှင်၊ ထိပ်မှာဆင်သည်
သဇင်မျက်နှာ ကြီးပါဘိ ။

လတွင်အလင်း၊ ဇင်မင်းရနံ့၊
ကိန်းပျံ့နှံ့တည် ပိုင်ဆိုင်သည်ကြောင့်၊
လူပြည်ဌာန၊ လူ့စိတ္တတွင်
ထာဝရနေရာ ယူထားသည်။
မြိုင်တက္ကသိုလ်၊ ဝင်နားခိုသည့်၊
ရွယ်ပျိုနုမျစ် တပည့်ချစ်၊

လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။

တက္ကသိုလ် ဘုန်းနိုင်
 ကဗျာလေး သိမ်းထားချင်လို့ တင်လိုက်တာပါ၊ ပန်းအကြောင်း ကောင်းကောင်းမသိပါဘူး၊ သဇင်ပန်းလား သစ်ခွပန်းလားကို မခွဲတတ်သေးဘူး၊ အဲလောက် တော်ပါတယ်။

Wednesday, June 2, 2010

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် မှ မှီငြမ်းရေးသားပါသည်။ 

ဒီလိုလုပ်ရင် ကောင်းမလား နှင့် မိမိအမြင်

ဒီလို လုပ်ရင် ကောင်းမလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဝိမုတ္တိသုခရဲ့ ဆောင်းပါးကို ဖတ်ပြီး ထင်မြင်သလို လွတ်လပ်စွာ မှတ်ချက် ရေးသားပေးပါအုံး လို့ တောင်းဆိုလာတာကြောင့် စာရေးသူကလဲ ကိုယ်တိုင် မြင်သလို ရေးလိုက်မိတယ်၊ အတိုချုန်းပြောရရင် မှန်တာတွေ ရေးထားပြီး အကောင်းဘက်ကို ဦးတည်နေတာရယ် သူ့စေတနာတွေကို အထင်းသားမြင်နေရတာတွေကြောင့် နံဘေးကို ပိဿလေးနဲ့ အပစ်ခံလိုက်ရသလို ထင်မှတ်ကာ လန့်ဖြတ်ပြီး နာတော့ နာတယ်၊ ၀မ်းလဲ သာတယ် လို့ ပြောရမလို
ဖြစ်နေပြီ။ဒီနေရာမှာ စာရေးသူ ဆွေးနွေးလိုတာ အချက် ၃ ချက်ရှိပါတယ်။

၁။ မြန်မာနိုင်ငံအတွင်းမှ သံဃာ အရေအတွက် နဲ့ အရည်အချင်း၊
၂။ ဒုလ္လဘရဟန်းကြီး ကဏ္ဍ၊
၃။ သီဟိုဠ် ရဟန်းများ လောကအတွက် အရေးပါပုံ၊

နံပါတ်တစ် အနေနဲ့ သံဃာတွေ ပေါများလာတာကြောင့် များလွန်းတော့ ဟုန် သွားပါတယ်၊ အလုပ်မလုပ်ပဲ နေသူတွေလဲ ဒု နဲ့ ဒေး လို့ ပြောရမှာပါ၊ ခက်တာက စာရေးသူ ကိုယ်တိုင် စာသင်တိုက်တွေမှာ စာချဘုန်းကြီး လုပ်ခဲ့စဉ်က အောင်ချက်ကောင်းဖို့ကို သံဃာများများ မွေးပြီး လက်ခံခဲ့တယ်၊ အဲဒီထဲကမှ မီးခဲလေးတွေ ပေါ်ထွက်လာအောင် မွေးမြူရပြန်တယ်၊ သံဃာထုကရော၊ ဒကာဒကာမ ပရိသတ်ကရော ကြည့်ရင် ဒီကျောင်းက စာမေးပွဲ အောင်ချက်ကောင်းတယ်၊ ဒီလောက်ပဲ သိတာကိုး၊ ဘယ်လောက် ဖြေတယ် ဆိုတာ သူတို့ လိုက်စုံစမ်းမနေတော့ဘူး၊ ဒါကလဲ သာသနာမှာ အောင်မြင်ကျော်ကြားတဲ့ ဆရာတော်ကြီးတပါးရဲ့ စကားကို အတုယူရတဲ့ ဖြစ်စဉ်လေးပေါ့။

ဆိုလိုတာကတော့ အရည်အချင်း ဆိုတာက အရေအတွက် ထဲကနေ ထုတ်ဖော်ရတာမျိုးပါ၊ ဒါကြောင့် ပရိယတ် ပဋိပတ် တခုမှ မလုပ်ပဲ နေတဲ့ ဝေလေလေ သံဃာတွေကို ဖယ်ရှားပစ်နိုင်ရင် အရေအတွက်တော်တော် နည်းသွားပြီး သာသနာအတွက် အကျိုးများလိမ့်မယ် လို့ ယုံကြည်ပါတယ်။

၂။ ဒုလ္လဘရဟန်းကြီး ကဏ္ဍ၊

ဒုလ္လဘ ရဟန်းကြီးတွေ အနေနဲ့ သူတို့ပြောလေ့ရှိတာက အသက်ကြီးမှ ၀တ်လာတာ ဆိုတော့ ပရိယတ် မသင်နိုင်တော့ဘူး၊ တဲ့၊ ဒါဆို သူတို့ရဲ့ အမြဲနေရာက ရိပ်သာ မှာပဲ နေသင့်ပြီး ပဋိပတ် ကိုပဲ ဇောက်ချ လုပ်သင့်ပါတယ်၊ ဒါမှ မဟုတ် လူ့ဘ၀က အရည်အချင်း တွေကို ထုတ်ဖော်အသုံးချ လိုရင် သာသနာ စိတ်ဓာတ် အစစ်အမှန် နဲ့ ပရဟိတ အကျိုးပြု လုပ်ငန်းတွေကို လုပ်သင့်ပါတယ်။

လူ့ဘ၀မှာ ကျောက်ထောက်နောက်ခံ သားသမီး မရှိလို့၊ မှီခိုစရာမရှိလို့၊ စားဝတ်နေရေး အဆင်မပြေလို့၊ သာသနာ့ဘောင် ၀င်လာသူတွေက စာရေးသူ သိသလောက် ဒုလ္လဘတွေ မှာ ၄ ပုံပုံ ၃ ပုံနီးပါး ရှိပြီး တကယ် သာသနာကို မြတ်နိုးတန်ဖိုးထားပြီး အစစ်အမှန် ကျင့်နေသူက အနည်းစုပဲ တွေ့ရပါတယ်။

တကယ် သာသနာချစ်စိတ် ရှိလို့ ၀တ်လာသူကတော့ ချွင်းချက် ဆိုပါတော့၊ သင်္ကန်းဝတ်ပြီးရင် အချိန်တန် သပိတ်ပိုက်ပြီး ဆွမ်းခံလိုက်ရင် တနေ့အတွက် စားစရာပူစရာမလိုတော့ဘူးပေါ့။ ကျန်တဲ့ အချိန်တွေ
ကိုတော့ သောက်လိုက် စားလိုက် နဲ့ သူတို့ လုပ်ချင်ရာ လုပ်တော့တာပါပဲ၊
အလှူခံ ရဲတင်းပြီး ဖိနပ်ပြတ်လို့၊ သင်္ကန်းအဟောင်းလေး ၀တ်ပြီး ၀တ်စရာ သင်္ကန်းမရှိလို့၊ စာအုပ်ဝယ်ရ
မှာမို့ ၀တ္ထုငွေ အလှူခံပါတယ်၊ မနက်ပိုင်း ၁၁ နာရီ ခွဲလောက်မှာ နေ့လည်စာ မဘုန်းရသေးလို့ နေ့ဆွမ်းတထပ်စာ ၁၅၀၀ လောက် အလှူခံပါတယ် ဆွမ်းခံဖို့ အချိန်နှောင်းနေလေဟန် - ဆိုတာမျိုးက မကြာမကြာ  ကြုံနေကြရပါတယ်၊

ဒီတယောက်က စေတနာမပါပဲ အားနာနာ နဲ့ လှူလိုက်လို့ ကျောင်းပြန်မယ် မထင်ပါနဲ့ ၊ နောက်တယောက်ကို အလှူခံတော့တာပဲ။ ငယ်ဖြူ သံဃာတွေ က ၀ိနည်းကို ကြောက်လို့ တောင်းရမ်း အလှူခံဖို့ တော်တော် ၀န်လေးကြပါတယ်၊ ကိုယ့်ကို ပစ္စည်းလေးပါး လိုရာ မိန့်ပါဘုရား လို့ ဖိတ်မာန်ထားသူကိုတောင် အလှူခံဖို့ ၀န်လေးတတ်ကြတယ်၊ သူတို့က ကြီးမှ ၀တ်လာပြီး ၀ိနည်းကို နားမလည်ကြပဲ ဒီလို အလှူခံ သောင်းကျန်းနေကြတော့ သာသနာကြည်ညိုသူ ဒကာ ဒကာမတွေမှာ အကြည်ညို ပျက်ရပါတယ် ယခု မြန်မာပြည်မှာ အဲဒါတွေ ပေါ်ပြူလာဖြစ်ပြီး သောင်းကျန်းနေတယ်၊ 

ဒါတွေကလဲ သာသနာ ပျက်စီး ဆုတ်ယုတ်ကြောင်း တချက်ပါ၊ ထူးခြားတာက မြန်မာနိုင်ငံ မပါပဲ သီဟိုဠ်အပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတော်တော်များများမှာ ဒုလ္လဘရဟန်းကြီးများ တခဏဖြစ်စေ တစ်ဘ၀လုံးဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်သော ဓလေ့များ လုံးဝ မရှိဘူး လို့ ကြားမိပါတယ်။

နောက်တချက်က ငယ်ငယ်ကတည်းက သာသနာ့ဘောင်ရောက်နေတဲ့ ကိုရင်ငယ် ဦးဇင်းငယ်တွေ ရှေ့မှာ သူတို့ကိုယ်တိုင် လူ့ဝတ်ကြောင် ဘ၀က ဘယ်လို ဘယ်လို ရှုတ်ခဲ့တာ၊ ပွေခဲ့တာ၊ စတဲ့ စတဲ့ ကာမဂုဏ်နဲ့ ပက်သက်တဲ့ စကားတွေ အတွေ့အကြုံတွေကို မြိန်ရေ ယှက်ရေ ပြောပြလေ့ရှိကြတယ်၊ တချို့လဲ ခပ်ကြွားကြွားလေး ဘ၀င်လေဟပ်ပြီး ဘယ်လို စွံခဲ့တာ ဘာညာပေါ့လေ၊ဒီမှာတင် ပုထုဇဉ်လဲ ဖြစ်ပြန် ၊ သွေးသား တက်ကြွချိန် ဖြစ်နေတဲ့ ကိုရင်ငယ် ဦးဇင်းငယ်တွေမှာ သာသနာမှာ မပျော်ပိုက်တော့ပါဘူး ၊ မင်္ဂလသုတ္တံက စကားနဲ့ ဆို အသေ၀နာ စ ဗာလာနံ၊ ပါပမိတ္တ သံသဂ္ဂ - မကောင်းမှု့ အားပေးတဲ့ မိတ်ဆွေတွေနဲ့ နေတော့ မကောင်းတဲ့ စိတ်တွေ ပေါ်လာတာ ပေါ့၊ ပတ်ဝန်းကျင် မကောင်း
တာနဲ့ ပေါင်းမိတော့လဲ သံဃာတွေ ပျက်ဆီးပြီး မျောကြရတာပဲ။

ဒီလို ဒီလို သာသနာဖျက် ရဟန်းတွေကိုလဲ စနစ်တကျ ဖယ်ရှားပြီး အကျင့် ပဋိပတ် နဲ့ ပ၇ဟိတ တခုခု လုပ်နေသူမှသာ သာသနာမှ ဆက်လက်နေထိုင်ခွင့် ပြုပြီး လက်ခံသင့်ပါတယ်၊

၃။ သီဟိုဠ် ရဟန်းများ လောကအတွက် အရေးပါကြပုံ --

နံပါတ်သုံးအချက်က သီဟိုဠ် သာသနာနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်၊ တိုက်ဆိုင်တာက ကိုဝိမုတ္တိသုခ အကြံပေးထားသလိုမျိုး ပညာရေးစနစ်ကို ကျင့်သုံးထားတော့ ဒီနိုင်ငံကသံဃာတော်တွေဟာ လူမထွက်ခင်ကတည်းက လူတွေရဲ့ စာသင်ကျောင်း ပညာရေးစနစ်တွေမှာ ၀င်ရောက်နေရာယူပြီး စာသင်ပေးနေကြပါတယ်၊ လခ ကိုလဲ လူတွေလို အပြည့်အ၀ ခံစားစေပါတယ်၊ တကယ်လို့ မပျော်ပိုက်ဘူး လူထွက်မယ် ဆိုရင်လဲ စာသင်တဲ့ အလုပ်ကို ဆက်လက် လုပ်ကိုင်ပြီး ဣနြေ္ဒရရ Run နိုင်ပါတယ်၊ ဘယ်လို လူတွေကမှ အထင်မသေးရဲပါဘူး၊

သက်သေအနေနဲ့ ယခု စာရေးသူတို့ တက်ရောက်နေတဲ့ သီရိလင်္ကာနိုင်ငံ Kelaniya University က လက်ရှိ အုပ်ချုပ်နေသူ ပရော်ဖက်ဆာကြီး Dr. Sumanapala ဆိုရင် ဦးဇင်းလူထွက်တယောက်လို့ သိရတယ်၊ သာသနာ့ဘောင်ကနေ ထွက်အပြီးမှာ အင်္ဂလန်နိုင်ငံ မှာ ဘွဲ့ယူပြီး အခုချိန်မှာတော့ တက္ကသိုလ်မှာ ဆရာတဆူ လုပ်နေတာပေါ့၊

ပြောလိုတာက ပညာရေးကဏ္ဍ မတူခြားနားတဲ့ အတွက် ဘယ်လို လူမှု့ပတ်ဝန်းကျင်ကို ရောက်နေသည်
ဖြစ်စေ အတ္တအတွက် ပရအတွက်ကို လူဝတ်ကြောင်သော သင်္ကန်းဝတ်သော တွေးနေစရာ ဂရုစိုက်နေစရာ မလိုပဲ ဘ၀ကို ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ဖြတ်သန်း ရပ်တည်နေနိုင်ကြပါတယ်၊

အချုပ်ဆိုရသော် မြန်မာနိုင်ငံ ရဟန်းတော်များ ပညာရေးကဏ္ဍအား ပြုပြင်ပြောင်းလဲဖို့ လက်ခံကျေနပ်
ပါသည်၊ လက်ရှိအချိန်မှာတော့ ကိုယ်ရည်ရွယ်ရာ ယုံကြည်ချက်အတိုင်း ဆက်လျောက်ရုံမှ တပါး အခြားမရှိပါပေ။

စာရေးသူလဲ သာသနာတော် ရေရှည် ရပ်တည်နိုင်ဖို့ စေတနာစကားပြောမိတာ ဆိုတော့ မသင့်လျော်တာတွေ၊ သာသနာညိုးနွမ်းစရာ စကားတွေ ရေးမိ သုံးမိတယ် ဆိုရင် မေတ္တာရှေ့ထား ခွင့်လွှတ်နားလည်ပေးကြပါကုန် -- လို့ တောင်းပန်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဒီလိုလုပ်လိုက်ရင် ကောင်းမလား ပို့စ်ကို ဖတ်ကြည့်ပြီးမှ ဆက်စပ်ပြီး သဘောပေါက်နိုင်ပါလိမ့်မယ်၊ ဒါကြောင့် မူရင်းပို့စ်ကို အရင် ဖတ်စေချင်ပါတယ်။

Monday, May 31, 2010

ချင်းတောင်တန်း ရဲ့ သခင်ကြီး

ချင်းတောင်တန်း တစ်ကြောလုံး မိုးမရွာတာကြာပြီ၊ ဘယ်လိုတွေဖြစ်နေပါလိမ့် --- --
ဒါဆို သခင်ကြီး လုပ်ထားတာပဲ ဖြစ်မယ် - လာ သွားကြစို့ သခင်ကြီးကို သွားပြောကြမယ် ---

ဒီနေ့ နေမပွင့်နိုင်လောက်အောင် မြူခိုးတွေ ပိတ်သဲနေတာပဲ၊ တောင်ယာ လုပ်ချင်တာတောင် လုပ်လို့ မရကြဘူး၊ မြူတွေ ဆိုင်းနေတာ သခင်ကြီး လုပ်ထားလို့ ဖြစ်မယ် --
လာ သွားကြစို့ရဲ့ သခင်ကြီးကို သွားပြောပြီး နေပူအောင် လုပ်ပေးခိုင်းကြမယ် -- -

ဒကာတို့-- ဒီနေ့ တောလိုက် မသွားကြပါနဲ့၊ အန္တရာယ်နဲ့ တိုးလိမ့်မယ်၊ သားကောင်လဲ ရမှာ မဟုတ်ဘူး၊
သခင်ကြီး -- -- ကယ်ပါအုံး - ဒီမှာ လူတယောက် တောဝက် အပက်ခံလိုက်ရလို့ပါ - --

အဲလို အဲလိုမျိုး ဒုက္ခအားလုံး တို့ရဲ့ ကယ်တင်ရှင်၊ ချင်းတမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုက်ကြီးသည် ကလေးမမွေးနိုင်တာက အစ လိုက်လံ ကူညီပေးခဲ့ရတဲ့ သခင်ကြီး ခေါ် တောင်တန်းဆရာတော်ကြီးရဲ့ ဘ၀ဟာ ခက်ခဲကြမ်းတမ်း ပင်ပန်းခဲ့ပါတယ်။

ဆောင်းတွင်းကာလရဲ့ တခုသော ညမှာတော့ ဆရာတော်ကြီး သီတင်းသုံးတဲ့ တောင်ပေါ်ကျောင်းဝင်း
ပြင်လေးထဲမှာ ကပ္ပိယချင်းဒကာတယောက်ရယ်၊ ဆရာတော်ကြီးရယ် မီးလှုံနေပါသတဲ့၊ ကျားတကောင်
ကလည်း ချမ်းလွန်းလို့ ထင်ပါရဲ့ မီးပုံဘေးနားအထိ ရောက်လာပြီး ငြိမ်ဝပ်စွာ မီးလှုံနေတယ်၊ ဒီမှာတင် ချင်းဒကာက ကျားကြီးကို ကြည့်ကာ သတ်ပြီး ရောင်းစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ စိတ်တွင်းက ကြံစည်ကာ အကုသိုလ်စိတ်များ ဖြစ်လာတာနဲ့ တပြိုင်နက်ထဲ ကျားကြီးဟာ အမှတ်မထင် ဟောက်လိုက်ပါသတဲ့၊ ဒီမှာတင် ဆရာတော်ဘုရားကြီးက --

ဒကာကြီးက သူ့ကို ရန်ပြုဖို့ ဘာကြောင့် စိတ်ကူးရတာလဲ ပါဏာတိပါတ ကို မလုပ်ရဘူးလေ -
တင်ပါ တပည့်တော် စောစောကတော့ ကြောက်နေတာပါ၊ နောက်တော့ သူက ရန်မပြုမှန်း သိတာကြောင့် အကုသိုလ်စိတ်တွေ ၀င်လာမိတာပါဘုရား -- ဟု လျောက်ထားသတဲ့၊

ချင်းတောင်တန်းက အတွေ့အကြုံများ

အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။

အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ချိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊

တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလ၀ယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများ
ဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြ၇သည်။

အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသောေ၇များ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။

လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။

ဘ၀မှာ ထိုက်တန်စွာ ဘာဝနာ ပွားများအားထုတ် ထားသူအတွက် ကောင်းရာ သုဂတိ ရောက်စေဖို့ ဆုတောင်း ပေးနေစရာ မလိုတော့ပါဘူးလေ၊

တက္ကသိုလ်ဘုန်းနိုင်က သဇင်ပန်းကို တင်စားသလို စာရေးသူကလဲ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သော ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့်ရေးသား ပူဇော်အပ်ပါသည်၊