လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့  ပဉ္စကနိပါတ်၊ သီလ၀ီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊
မောဃာ ဇာတိ စ ၀ဏ္ဏော စ ၊ သီလမေ၀ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။
လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအ၀ိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊
ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊
မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘ၀က ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။
မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊
ဝိဇ္ဖာဓိုရ် ဘယ်ကလာ-
ဝိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က
၁။ အသိပညာ
၂။ အတတ်ပညာ
၃။ ဗေဒင်သုံးပုံ
၎။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊
အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊
အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊
ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနိုင်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနိုင်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။
အတတ်ကြီး ၁၈ ရပ် -
၁ ။ အကြားအမြင်အတတ်၊
၂၊ ဓမ္မသတ်အတတ်၊
၃၊ သင်္ချာ အတတ်၊
၎။ လက်သမားအတတ်၊
၅။ နီတိအတတ်၊
၆။ ဗျာကရုဏ်းအတတ်၊
၇။ ကဗျာလင်္ကာအတတ်၊
၈။ လက်ပစ်အတတ်၊
၉။လေးအတတ်၊
၁၀။ စကားတောင်းအတတ်၊
၁၁။ဆေးအတတ်၊
၁၂။ ရယ်ရွှင်ဖွယ်အတတ်၊
၁၃။ ဗေဒင်အတတ်၊
၁၄။ မာယာအတတ်၊
၁၅။ဆန်းကျမ်းအတတ်၊
၁၆။ သံတမန်အတတ်၊
၁၇။ မန္တာန်အတတ်၊
၁၈။ သဒ္ဒါကျမ်းအတတ်၊
ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနိုင်ပါတယ်။
ဆက်ပါအုံးမည် - -
Friday, January 22, 2010
ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၃

Wednesday, January 20, 2010
ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၂
အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ၀တ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ၇သေ့ ၇ဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။
ဒါကြောင့် အခုခေတ်မှာလဲ ၇သေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။
ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ၀င်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။
နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။
သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊
နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။
လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။
အဲဒါတွေကတော့ --
၁။ ဝေဒ၀ိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊
၂ ။ မန္တ၀ိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊
၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊
၎။ လောကိယ၀ိဇ္ဖာ = လောကီဈာန်ရ ပုဂ္ဂိုလ်၊
၅။ အရိယ၀ိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။
၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိုးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။
ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြော၇ပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမ၀န္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားေ၇ာက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။
ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊
အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊
အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၇မယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါန၀တ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊
နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊
ဒါကြောင့် သီလ အကျင့်  မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊
ဆက်ပါအုံးမည်- -

Monday, January 18, 2010
ဝိဇ္ဖာဓိုရ် ဇော်ဂျီ
မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊
မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊
မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊
အဖြေ။ ။ ဒီနေ၇ာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊
လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊
ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊
ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။
အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -
၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။
မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊
ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။
မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။
မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊
ဝိဇ္ဖာဓို၇် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ၀ိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။

Sunday, January 17, 2010
ဒုတိယမြောက် ပန်းကမ္ဘာ
စာရေးသူအနေနဲ့ ဘလော့ဂါ ဓမ္မမောင်နှမ ရဟန်းရှင်လူ များကို အမြဲတမ်း အားပေးနေကြတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်ရင်း မေတ္တာရပ်ခံလိုပါတယ်၊ အဲဒါက ဘာလဲ ဆိုတော့ ပန်းကမ္ဘာ နာမည်နဲ့ နောက်ထပ် ဒိုမိန်းတခုကို လက်ခံလိုက်မိတာပါ၊ 11.1.2010 နေ့က စာရေးသူကို မမြကျေးမုံက ဦးဇင်း ဓမ္မစာပေတွေဖြန့်ဖို့အတွက် ဒိုမိန်းတစ်ခု လှူလိုပါတယ်၊
ဘလော့ ဆိုတော့ မြန်မာနိုင်ငံကနေ ဖတ်ခွင့်မရကြဘူး၊ ဒါကြောင့် အဆင်ပြေသွားအောင် လှူပါရစေ တဲ့၊ အမှန်အတိုင်း ၀န်ခံရရင် အခုလို ဓမ္မစာပေတွေ ရေးနေတာက သိလို့ တတ်လို့ မဟုတ်ပါဘူး။ ၀ါသနာကြောင့်ရယ်၊ ဘုရားသားတော် တပါးအနေနဲ့ ကိုယ်သိပြီးသား၊ လေ့လာ ထားတာလေးတွေကို သူများကို သိစေချင် လက်ဆင့်ကမ်း ချင်တာကြောင့် ရေးဖြစ်နေပါတယ်၊ အဲဒီလို ရေးပြန်တော့လဲ အမိနိုင်ငံနဲ့ အဝေးကို ရောက်နေတဲ့ ဓမ္မမောင်နှမ အပေါင်းကို ပိုပြီး စေတနာထားမိပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူတွေအတွက်တော့ တရားတော်တွေကို ဟောပြောနေကြတဲ့ ဓမ္မကထိက မြောက်များစွာ ကို နာခွင့်ရ ကြည်ညိုခွင့်ရကြပြီး စာအုပ်စာပေတွေ ဆိုရင်လဲ ကြိုက်ရာကို ရှာဖွေ လေ့လာနိုင်ကြပါတယ်၊
အခုလို အဝေးကို ရောက်နေသူတွေ အတွက်တော့ လိုအပ်ရာ စာအုပ်စာတမ်းတွေ ကို လေ့လာချင်တောင်မှ မရနိုင်တာက ကိုယ်တွေ့အခက်အခဲဖြစ်ပါတယ်၊ ဒါကြောင့် အမိနိုင်ငံက လူတွေ မဖတ်ရလဲ ကိစ္စမရှိပါဘူးလေ၊ သူတို့ လေ့လာလိုရင် အားလုံး ရနိုင်ပါတယ်၊ ဆိုပြီး စိတ်ကူးမိသေးတယ်၊ သေချာပြန်တွေးကြည့်မိတော့ အော် ငါ မေတ္တာထားတာ အားလုံးအပေါ် မညီမျှဘူးပဲ လို့ သိတာမို့ အဲဒီအတွေးကို ချက်ချင်းဖျောက်ပစ်လိုက်ရတယ်။
ထားပါတော့၊ ဘလော့ကို ဒေါ့ကွန် ပြောင်းမလားတဲ့၊ အဲလို မပြောင်းလိုပါဘူး၊ စာရေးသူအနေနဲ့ လက်ရှိဘလော့ကို ပြင်ချင်တာတွေ ဖျက်ချင်တာတွေ များနေပြီး စိတ်ခုနေတဲ့ အတွက် နောက်အသစ်တခု ယူချင်ပါတယ် ဆိုလို့ အသစ်တခု ရလိုက်တယ်ပေါ့။ ဒါကြောင့် ပန်းကမ္ဘာ ကို လင့်ချိတ်ထားသူ ဓမ္မမောင်နှမတွေကို ဒီ လင့်လေးကို ပြောင်းချိတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
နောက်မှ သိရတာက အားလုံး ပြောင်းလို့ ဖြုတ်လို့ရတယ်၊ စိတ်ကြိုက်ပြုပြင်လို့ ၇တယ် တဲ့၊ သိဘူးလေ၊ အဲဒီလို ကြိုသိခဲ့ရင် ကိုယ်တိုင် အပင်ပန်းခံပြီး သူများကိုလဲ ဒုက္ခမပေးပါဘူး။ အခုတော့ ကိုယ်က အသစ်ယူပြီးသွားပြီကိုး၊ ( ကိုယ့်ကိုယ်ကို အဲဒီလောက် အ တာ အခုမှသိပါတယ် ) အခုလို လက်ခံလိုက်တယ် ဆိုတော့လဲ စာရေးဖို့ အားတက်ရပြန်တယ်၊
အန္နဒေါ ဗလဒေါ ဟောတိ -
အစားအစာလှူရင် ခွန်အားဗလကို ပေးလှူရာရောက်တယ်၊
ဝတ္ထဒေါ ၀ဏ္ဏဒေါ ဟောတိ -
အ၀တ်အထည်သင်္ကန်းလှူရင် ရုပ်ရည်ရူပကာလှပဖို့ အကြောင်းဖြစ်တယ်၊
ယာနဒေါ သုခဒေါ ဟောတိ-
သွားလာစရာယာဉ် နှင့် ယာဉ်လက်မှတ်စသည်လှူရင် ဘ၀တိုင်း ကိုယ် စိတ်နှစ်ပါးချမ်းသာဖို့ အကြောင်းဖြစ်တယ်၊
ဒီပဒေါ စက္ခုဒေါ ဟောတိ -
အလင်းရောင်ဆီမီး၊ လျှပ်စစ်မီးစသည်ပေးလှူရင် ပကတိမျက်စိ ဥာဏ်မျက်စိကို အားကောင်းဖို့ အကြောင်းဖြစ်တယ်၊
သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ ၊
အဆောက်အဦးကို ပေးလှူသူကတော့ အထက်ပါ ဒါနအမျိုးအစားအားလုံးကို ပေးလှူရာရောက်ပါတယ်၊
သူတို့အားလုံးထက် အမြတ်ဆုံး ကတော့ အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မံ အနုသာသတိ၊ ၀ါစေတိ၊ သိက္ခာပေတိ၊ ကထေတိ၊
အဓိပ္ပါယ်က မြတ်စွာဘုရားရှင် ၄၅ ၀ါပတ်လုံး ဟောကြားထားတော်မူခဲ့သော နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားတော်တွေကို ကိုယ်တိုင်လေ့လာ၊ သင်ယူ၊ ပို့ချ ၊ ဟောပြောခြင်း၊ သူတပါးကို လေ့လာ သင်ယူစေ ဟောပြောစေခြင်း သည် အမတဒါန - ဖြစ်ပါပေ၏၊
လို့ ဒေ၀တာသံယုတ် ကိံဒဒ သုတ္တန် မှာ အတိအလင်းဟောကြားတော်မူခဲ့ပါတယ်၊ ဒါကြောင့် အလှူရှင် မမြကျေးမုံ အနေနဲ့လဲ အမတဒါန အမြတ်ဆုံး အလှူကို ပေးလှူရာရောက်တဲ့အတွက် နိဗ္ဗာန်အထောက်အပံ့ ဖြစ်ပါစေကြောင်း ၀မ်းမြောက်စကားပြောကြားရင်း ဘာသာ သာသနာအကျိုး လောကအကျိုးကို ဆထက်ထမ်းပိုး ချီးမြောက်ထောက်ပံ့နိုင်ပါစေ လို့ မေတ္တာနဲ့ ဆန္ဒပြု လိုက်ပါတယ်။
အလှူရှင်ရဲ့ တိုက်တွန်းမှု့၊ စာရေးသူရဲ့ ၀ါသနာ နဲ့ စာဖတ်သူဓမ္မမိတ်ဆွေ တို့ရဲ့အားပေးစကားတွေကြောင့် ဒီတခါ ၀ိဇ္ဖာ ဇော်ဂျီ တပသီ တို့အကြောင်းကို ပိုစ့်အသစ်အနေနဲ့ အားထုတ်မိပြန်ပါတယ်၊ သာသနာနဲ့ မအပ်စပ်ပဲ အကျိုးသိပ် မရှိဘူးဆိုတာ သိပေမယ့် ထေရ၀ါဒ သာသနာမှာ မကင်းနိုင်သေးတဲ့ ဘာသာရေး မှိုင်းတိုက်မှု့တွေကို ပယ်ဖျက်ဖို့ ဗဟုဿုတအနေနဲ့ သူတို့ အကြောင်းအရာတွေကို သိထားမှ ဖြစ်ပါမယ်၊ ဒါမှသာ ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရပြီး မှန်ကန်တဲ့ ပန်းတိုင်ကို ရောက်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်၊
ဒီ ၀ိဇ္ဖာ ဇော်ဂျီ တပသီတို့ အကြောင်းကို သူတို့နေရာဋ္ဌာန၊ သူတို့ကျင့်စဉ်၊ ထွက်ရပ်ပေါက်ကြပုံ စတာတွေကို တတ်နိုင်သလောက် လက်လှမ်းမှီရာ စုစည်းပြီး ဒီနေရာသစ်လေးမှာ ရေးသားပါမယ်။
ဓမ္မမောင်နှမ ရဟန်းရှင်လူ အားလုံးရဲ့ အားပေးမှု့နဲ့အတူ ပန်းကမ္ဘာ တခုကနေ ပန်းကမ္ဘာတခုကို မွေးဖွားလိုက်ပြန်ပါပြီ၊ ဆက်လက် အားပေးဖို့ မျှော်လင့်ရင်း -
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ
Subscribe to:
Posts (Atom)