Tuesday, December 1, 2009

ပညာရေးဖြင့် ဘ၀ကို တည်ဆောက်ရာဝယ် -

ံ့

နိုဝင်ဘာ ၂၉ ရက်နေ့က Aquinas University ကို သွားဖြစ်ခဲ့လို့ မှတ်တမ်းအနေနဲ့ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်၊ ကိုလံဘိုမြို့ရဲ့ အထင်ကရ တက္ကသိုလ်တခုဖြစ်တဲ့ ဒီကျောင်းဟာ နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူပေါင်း များစွာ မဖြစ်မနေ တက်ရောက်နေကြဆဲပဲဖြစ်ပါတယ်၊ အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကပိုင်ကျောင်းတွေထဲမှာ ကြီးကျယ်တဲ့ ကျောင်းတော်ကြီးမို့ ဒီကျောင်းက ဘွဲ့ရပြီးသူဟာဘယ်မြို့မှာပဲ ဖြစ်စေ အလုပ်လျောက်ရတာ လွယ်ကူတယ်လို့ ဆိုပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တွေ ဦးစီးတည်ထောင်ထားတဲ့ ကျောင်းဖြစ်ပေမယ့် ကြီးကျယ်ခမ်းနားမှု့ကိုတော့ အံ့သြယူရပါတယ်၊ ( ကိုယ့်နိုင်ငံ နဲ့ယှဉ်ပြောတာပါ ) ကိုလံဘိုကို ကျောင်းလာတက်ကြတဲ့ သံဃာအများစု ဟာ ဆိုင်ရာ BA - MA ဘွဲ့တွေ အောင်ပြီးသွားရင် ဒီကျောင်းမှာ အင်္ဂလိပ်စာ မွန်းမံသင်တန်းသဘောမျိုး တက်ရောက်ခဲ့ကြတာ ဟိုနှစ်ပေါင်းများစွာက ချမ်းမြေ့ဆရာတော်ဘုရားကြီး တို့ ရန်ကုန်က ထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ တို့လက်ထက်ကတည်းက အခုချိန်ထိလို့ ဆိုရပါမယ်၊ အဲလောက်ထိ အစဉ်အလာကောင်းခဲ့တယ်ပြောရပါမယ်၊

တခုကောင်းတာက မတက်ခင် အရည်အချင်းစစ်စာမေးပွဲကို မဖြေမနေရ ဖြေရပြီး ရမှတ်အလိုက် အတန်းကို ခွဲခြားသတ်မှတ်ထားတဲ့အတွက် ဖြတ်လမ်းက လိုက်ရသူ မိမိတို့တတွေကတော့ သဘောကျကြပါတယ်။ စာရေးသူလဲ ၀င်ခွင့်စာမေးပွဲ သွားဖြေရင်း အား လား လူအုပ်ကြီး မနည်းပါလား ဟုတ်မှ ဟုတ်ရဲ့လားပေါ့- ခုံနံပါတ်တွေ လိုက်ကြည့်လိုက်တော့ ၃၇၀၀ ကျော် ရှိသတဲ့၊ တိုးလိုက်ရ ရှာလိုက်ရတဲ့ ကိုယ့်နံပါတ် ချွေးကိုပြန်- မောကရောပဲ။ ဒါက ဒုတိယအသုတ်အနေနဲ့ပါ ၊

၂၂ ရက်နေ့ ပထမသုတ်ကလဲ ၃၀၀၀ ကျော်ဆိုပါတယ်။ စာရေးသူလဲ စဉ်းစားကြည့်တယ် - အော် ဒီလူတွေ ငွေကြေးနဲ့ တက်နေရလို့သာ၊ အလကားဆိုရင်တော့ - တို့တောင် နေရာ ရမှာမဟုတ်လောက်ဘူးလို့ ၊ တကယ်က သင်တန်းကြေးက မနည်းပါဘူး၊ မြန်မာငွေနဲ့ ဆိုရင်သိန်းဂဏန်း ၀န်းကျင်မှာ ရှိပါတယ်၊ အဆင့်မြင့်သွားရင် ပိုပို များသွားပြန်တယ်၊ စာရေးသူတို့ ကတော့ နိုင်ရာနိုင်ရာ တက်ကြရတာပေါ့။

အဲ- ဒီထက် တတ်နိုင်သူတွေကတော့ British Council ဆိုတဲ့ England က ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းမှာ တတ်လေ့ရှိကြပါတယ်၊ အဲဒီမှာတော့ သင်တန်းတသုတ်အတွက်ကိုပဲ US 300 ၀န်းကျင်မှာ ရှိလို့ တက်ဖို့ဆိုတာ မမှန်းနိုင်ကြပါဘူး၊နောက်ဆုံး သင်တန်းဆုံးအောင် တက်ရရင် US 1000 နီးပါး ရှိတာကြောင့်ပါ၊ တက်ရင်လဲ ပညာရေးက ဆုံးအောင်တက်သင့်တယ်လေ။

ဘာဖြစ်လို့လဲ ဆိုတော့ တခြားစရိတ်တွေနဲ့ တက္ကသိုလ် ကျောင်း Fee ကြေးတွေရှိသေးလို့ ငွေကို ခြွေတာသုံးနေကြရ တာကြောင့် နိုင်ငံရပ်ခြားမှာ ကြာကြာမနေနိုင်ပဲ ကိုယ်လိုချင်တဲ့ ဘွဲ့ရပြီးရင် နေရပ်ကိုပြန်ကြရတယ်၊ ဒီမှာ ဆက်လက် သင်ချင်ပေမယ့် မသင်နိုင်ကြတော့ပါဘူး၊ နိုင်ငံတော်က ပညာသင်စရိတ်ထောက်ပံ့ပေးတယ် မဟုတ်ဘူးလား ပညာရေးတပိုင်းတစနဲ့ ဆုံးအောင် မတက်ပဲ မြန်မာပြည်ပြန်ကြွသွားကြတာ ဘာကြောင့်လဲ- ဆိုတဲ့ ကိုကျော်ကျော် ရဲ့ မေးခွန်းလိုပဲ လူတိုင်းက စာရေးသူကို မေးကြပါတယ်၊ဒီနေရာကနေပဲ အားလုံးကို ဖြေလိုက်ပါတယ်၊ တကယ်တော့ဘယ်သံဃာကိုမှ ပညာသင်စရိတ် ပေးတယ် ဆိုတာ မရှိခဲ့ပါဘူး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာကြရတာပါ၊ ပညာရေးကိုအလေးပေးတဲ့ ခေတ်ကြီးမို့လို့ နိုင်ငံရပ်ခြားမှာ အဖိနှိပ်ခံပြီး ဆင်းဆင်းရဲရဲ သင်နေကြရတယ် လို့ ဖြေပါရစေ -

( အဖိနှိပ် ခံ ဆိုလို့ အံ့သြနေမယ် ထင်တယ်၊ ဟုတ်ပါတယ် - ဒီက သံဃာတွေလဲ တက္ကသိုလ်က၊ နေထိုင်တည်းခိုရာကျောင်းက၊ ဈေးဆိုင်က၊ ကားသမားက၊ နောက်ဆုံး နေစရာကျောင်းမရှိလို့ လုံးချင်းတိုက်တွေကို တန်ရာတန်ကြေးပေးပြီး ၆ ပါး ၇ ပါး ၁၀ ပါးစသည် ငှါးရမ်းနေကြရပါတယ်၊ ဒီတော့ ပညာသင်စရိတ် စားစရိတ် နေစရိတ် မျက်စိထဲ မြင်အောင်သာကြည့်ပေတော့-အားလုံးပါပဲ နည်းမျိုးစုံနဲ့ညစ်တာကို ခံကြရတယ်၊ အဆင်ပြေတာတော့ ရှိပါတယ် အနည်းစုပါပဲ၊ပြောရရင်တော့ သူတို့လုပ်သမျှ နုရတယ် ပေါ့လေ၊ တခါတလေလောက်သာ စုပေါင်းပြီး ကန့်ကွက် တွန်းလှန်ရတယ် -) ဒါကြောင့် ပညာရေးလိုချင်လို့သာ လာရတယ် - အဝေးရောက်နေကြတဲ့ မြန်မာတိုင်းလိုပါပဲ ရင်ထဲမှာတော့ - -

တက္ကသိုလ် ၀င်းအတွင်းက ပင်မ စာသင်ဆောင်များ

RECEPTION
တဖွဲဖွဲ နဲ့ ၀င်ခွင့်ဖြေဆိုဖို့ လာနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေပါ
စာရေးသူ တို့ ဖြေဆိုခဲ့ရတဲ့ စာသင်ခန်းမ
ကျောင်းသားဦးရေပေါင်း ၂၀၀၀ ကျော်လောက် ဆံ့တဲ့ ပင်မ ခန်းမဆောင်

( ကိုယ့်ဆီကတော့ ၄တန်းလောက် အောင်ပြီးရင်ပဲ နောက်အငယ်တွေ ငဲ့ရအုံးမယ် ကျောင်းထွက်တော့ တော်ပြိပေါ့ ရေးတတ် ဖတ်တတ်ဆို၊ ၀မ်းရေးက ရှိသေးတာကိုး) ဒါကြောင့်လဲ ရှေ့ကလူတွေက ပညာတတ်ဆိုတာ မရှိ၊ အဲလို မရှိတော့ နောက်လုတွေက လဲ အားကျ အတုယူစရာ မရှိလို့ မကြိုးစားနဲ့ သူများနိုင်ငံ မှာ- ဘာဘာ ညာညာ -အဲလို အဲလိုတွေ ဖြစ်ကုန်ရော - လူ့စိတ် ဆိုတာကလဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့ သူတွေ ရှိမှသာ ကိုယ်ပါ အတုယူပြီး ကောင်းလာမှာကိုး၊

မြတ်ဗုဒ္ဓကလဲ သေ၀ိတဗ္ဗသုတ္တန်မှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပက်သက်ပြီး ဟောထားတယ် (၁) သေဋ္ဌမုပနမံ ဥဒေတိ ခိပ္ပံ၊ တသ္မာ အတ္တနော ဥတ္တရိံ ဘဇေထ၊ ကိုယ့်ထက် အကျင့်သိက္ခာသာလွန်သူကို ရွေးချယ်ပေါင်းသင်းပါ၊ ဒါမှ ကိုယ်လဲ ကောင်းလာမယ်၊(၂) န စ ဟာယေထ ကဒါစိ တုလျသေ၀ီ၊ ဒီလိုပုဂ္ဂိုလ်ကို မတွေ့ရရင် ကိုယ်နဲ့တန်းတူ သူကိုပေါင်းပါ၊ ဒါမှ သူ့မှာရှိတဲ့ အတုယူစရာလေးတွေ ကိုယ်ရမယ်၊ နောက်ဆုံး ကိုယ့်အဆင့်အတန်းက လက်ရှိထက်တော့ မဆုတ်ယုတ်ဘူးပေါ့၊

(၃) နိဟီယတိ ပုရိသော နိဟီနသေ၀ီ၊ ကိုယ့်ထက် အရာရာ ကိုယ်ကျင့်သီလ -စရိုက် လက္ခဏာ အားလုံး နိမ့်ကျနေသူကို တော့ အားနာလို့တောင် မပေါင်းပါနဲ့တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပါ ကိုယ်ကျင့်သီလတွေ ဆုတ်ယုတ်လျော့ပါးသွားနိုင်တဲ့ အတွက် အဖော်မထား တယောက်ထဲ နေရတာကပဲ ကောင်းပါတယ်၊ အဲလိုပဲ နေနိုင်အောင် ကြိုးစားပါ လို့ (အင်္ဂုတ္တရနိကာယ် တိကနိပါတ် ) မှာ နည်းပေး တိုက်တွန်းထားပါတယ်၊

အကျင့်ကလဲ ပါနေပြီထင်တယ်၊ တခုခု အတုယူစရာ အားကျစရာ တွေ့ပြီဆိုရင် အင်း ငါတို့ နိုင်ငံများဆို ဘယ်လောက်ကောင်းလိုက်မလဲ - ဘယ်လောက် စိတ်ချမ်းသာကြလိမ့်မလဲ - ဆိုပြီး အတွေးလေး ၀င်နေမိတယ်၊ ဒါကပဲ မျိုးချစ်စိတ် နိုင်ငံ ချစ်စိတ် ထင်ပါရဲ့၊ ကောင်းတာလေးတွေ အတုယူစရာလေးတွေ တွေ့တိုင်း ကိုယ်ဆီလဲ ဖြစ်စေချင်နေမိတယ်၊

အင်းလေ - တနေ့နေ့တော့ ဖြစ်လာကောင်းပါရဲ့ -စာရေးသူတို့ မသေခင် အသေမဦးသေးရင် ပေါ့ ၊ ပညာရေး နဲ့ ပက်သက်ပြီး တွေးမိတာလေးတွေပါ - ဒီတက္ကသိုလ်အကြောင်း အသေးစိတ် လေ့လာလိုရင် ဒီမှာ လေ့လာနိုင်ပါတယ်-

အားလုံး ပညာရေးဖြင့် ဘ၀ အဆင့်အတန်းကို မြှင့်တင် နိုင်ကြပါစေ -

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ဆိုကြရတာပါ၊ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့် ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့် မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..
လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့၊

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်၊(လိုရင်တမျိုး မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်၊

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲ စိတ်ကို ဘာမှမဖြစ်စေပါနဲ့၊

သူတို့ဘာပြောပြော ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်၊
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ၊

ရန်လိုမှု မုန်းတီးမှု မကျေနပ်မှု မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်. တဲ့။ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ လိုရင် လိုသလို မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်၊ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့.လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ၊ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော..မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက…ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်၊ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်၊

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ စိတ်သဘောထားကြီးမြတ်သူဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်းမလှုပ်ရှိနိုင်ရမှာပါ၊ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်၊ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ၊
(yaw community) မှ ဖော်ပြပါသည်၊

Sunday, November 29, 2009

သိဝိမင်းနှင့် ဥမ္မာဒန္တီ

တိမ်တိုက်ကို အကြောက်ကင်း၊ ဖောက်ထွင်းလို့ လျံဖြာ၊
တောက်ထွန်းတဲ့ စန္ဒာ ၊ နဘံ မှာ ထိန်သို့၊
ပြူတင်းဝ မြတ်လေသွန်မှာ၊
နတ်မေညွှန် ညွှန်းလောက်သကို့၊

ဖောင်းအပိန့် စုံလင်စွာ၊ ဂုဏ်အင်္ဂါ ပိုမို့၊
ကြုံမြင်လာ ပိုကရို့ငယ်နှင့် ကြုံမသို့ မူယာ၊
ချစ်မလို အာသာ ဖြည့်ပါလို့၊
မာယာ ကြည့် ကြည့်တဲ့ ဥမ္မာ၊

မင်းတွက် ကြောင့် မလှုပ်သာပြီ၊
ယုတ်တဏှာ အမှောင်ပိတ်လေတော့၊
မောင့်ရဲ့ စိတ် မောင်ပိုင်ပိုင် ခွဲမသိနိုင်၊
အသည်းထိ စွဲငြိကိုင်တယ် -
လဲ အိ - ယိုင် ယိုင်ခဲ့ပေါ့ လေး ။ ။

ကိုယ်တိုင်စပ်တယ် တော့ မထင်ပါနဲ့၊ အဲလောက် အရည်အချင်းမရှိသေးပါဘူး၊ အမည်မသိရှေးပညာရှင်တွေ ဖြစ်မယ် ထင်ပါတယ်။