Saturday, February 5, 2011

2011 year’s resolution


ဓမ္မမိတ်ဆွေ ကိုဝိမုတ္တိသုခ က တဂ်ပိုစ့်အနေနဲ့  ၂၀၁၁ ခုနှစ်မှာ ဘာလုပ်နေမလဲ ဆိုတဲ့  ခေါင်းစဉ်နဲ့  အချိန်ပေးနိုင်ရင် ရေးပေးပါအုံး လို့ တောင်းဆိုထားတာ  ကြာနေပါပြီ၊ အခုမှပဲ ရေးဖြစ်ပါတယ်၊ အကြောင်းပြချက်တွေကတော့ အမျိုးမျိုး ရှိခဲ့တယ်၊  ကော်နက်ရှင် မကောင်းတာရယ်၊ အချိန်အား မပေးနိုင်တာရယ်၊  နေရာတိုင်းမှာ အင်တာနက် မသုံးနိုင်တာရယ် အများကြီး အများကြီးလို့ ပြောရပါလိမ့်မယ် --

အစိန္တိတမ္ပိ ဘ၀တိ၊ ( လောကမှာ မကြံစည်တာတွေလဲ ဖြစ်လာတတ်တယ် )

စိန္တိတမ္ပိ ၀ိနဿတိ ( ကြိုတင် ကြံစည်ထားတာတွေလဲ မမျှော်လင့်ပဲ ပျက်စီးသွားတတ်တယ် )

လို့ မြတ်စွာဗုဒ္ဓက ဟောကြားထားတာကို တွေးမိပြန်တော့ ဘယ်အရာကိုမှ ကိုယ်ပိုင်တယ် ကိုယ့်  လက်ထဲမှာလို့ မတွေးဖြစ်ပြန်ဘူး၊

လွန်ခဲ့တဲ့  ၅ လကျော်လောက်က ငြိမ်းချမ်းရာ နေရာလေးဆီကို  ရက်ပေါင်း ၁၀၀ ကျော် နားခိုခဲ့ပြီး နောက်မှာ မြင်သမျှ ကြားရသမျှ အရာအားလုံးကို ငြီးငွေ့တဲ့ စိတ်တွေပဲ ဖြစ်နေမိတယ်၊ တဆက် တည်းမှာ လောကဓံတရားတွေကို ဓမ္မနဲ့ မြင်တတ်ကြည့်တတ် လာတယ်ပေါ့၊ ဒီအချိန်မှာ ကိုဝိမုတ္တိက ဆောင်းပါးရေးခိုင်းတယ် ဆိုတော့ မြင်တဲ့ ခံစားမိတဲ့အတိုင်း ရေးရရင် အရာအားလုံးကို အပျက်တွေဘက်ကပဲ မြင်နေမိတယ်၊ အပျက်ဆိုလို့ ကြည်နူးစရာ အာရုံတစ်ခုကို အဆိုးမြင်ဝါဒီ အနေနဲ့ မြင်တတ်တာမျိုး မဟုတ်ပါဘူး။ အာရုံတွေနဲ့ ကိုယ်နဲ့ တစ်ထပ်တည်း မကျပဲ ငြီးငွေ့နေတာ မပျော်ရွင်တာတွေကို ဆိုလိုတာပါ။ အထူးသဖြင့် စာရေးသူက ပတ်စပို့ နဲ့ ဗီဇာကိစ္စတွေကို ရုံးဋ္ဌာနတွေမှာ  ကြိုးစားနေရပြန်တော့ ဘာကိုမှ ကိုယ်ပိုင် အစိုးမရခြင်း  အနတ္တတွေနဲ့  စိတ်ဆင်းရဲခြင်း ဒုက္ခတွေကိုတော့ မမြင်ချင်မှ အဆုံး လို့ ဆိုရလိမ့်မယ် --

ဟိုတနေ့က တော့ ပေါ်လာမိတဲ့ ဓမ္မအတွေးစများ  ဆိုတဲ့  ဆောင်းပါးကို ဖတ်ပြီး စာဖတ်ပရိသတ် တစ်ယောက်က အရှင်ဘုရား တရားထူးတွေ ရနေပြီထင်တယ်၊ အရိယာဖြစ်နေပြီလား ဘုရား တဲ့၊  ခန္ဓာကိုယ်ကို ထခုန်မိမတတ် လန့်ဖျတ်သွားမိတယ်၊ 

ဦးဇင်းကို အဲဒီလို မထင်ပါနဲ့၊ ဘာမှ မဖြစ်သေးပါဘူး၊ ဘာတရားထူးမှလဲ  မရသေးပါဘူး၊ သူလို ကိုယ်လို ပုထုဇဉ်အဆင့်ပဲ ရှိပါသေးတယ် - လို့  မနည်းဖြေရှင်းလိုက်ရတယ်။ တကယ်တော့ စာရေးသူကိုယ်တိုင် ကြုံခဲ့ရတဲ့ ငြိမ်းချမ်းမှုလေးတွေကို  အားလုံးကိုလဲ သိစေချင်၊ မျှဝေချင်တဲ့ ဆန္ဒနဲ့ ချရေးပြလိုက်တာပါ၊

အရင်ကတော့ လူ့ဘ၀တစ်ခုကို ရည်မှန်းချက်ထားပြီးကြိုးစားခဲ့တယ်၊ ဒီစာမေးပွဲတွေကို ငါ အောင်ကို အောင်ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့သမျှ  ရာခိုင်နှန်း ၈၀ နီးနီး အောင်မြင်နိင်ခဲ့ပါတယ်၊  အခုလဲ သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ ၊ စတဲ့ လောကုတ္တရာဘွဲ့ဒီဂရီတွေ ပြီးပြန်တော့  ဘီအေ အမ်အေ ဒေါက်တာဘွဲ့  ဆိုတဲ့ ဂုဏ်ဒြပ်တွေကို လိုချင်လွန်းလို့ ကိုယ့်ဘ၀ကို ပုံစံခွက်ထဲမှာ ထည့်ပြီး ပန်းတိုင်မရောက်သေးသမျှ မနားဘူး ဆိုတဲ့စိတ်နဲ့ မရမနေ ကြိုးစားနေခဲ့တာ တော်တော် မောပန်းနွမ်းနယ်နေပါပြီ၊  အဲဒါတွေ ပြီးရင်တော့ ဘ၀ဟာ ပြီးပြည့်စုံပြီလို့ ထင်ခဲ့မိတယ်။ အခုချိန်မှာတော့ အဲဒီအတွေးတွေဟာ တက်တက်စင်အောင်လွဲနေပြန်ရော။ ပြောင်းပြန်လှန် ပစ်လိုက်သလိုပဲ သူ့အလိုလို စိတ်ဓာတ်တွေ ပြောင်းလာလိုက်တာ မယုံကြည်နိုင်အောင်ပါပဲ  --

ဘွဲ့တွေ ဒီဂရီတွေနောက်ကို လိုက်ရတာ မောပမ်းနေသမျှ ဓမ္မနဲ့ ဖြေသိမ့်နိုင်အောင် ကြိုးစားနေရတယ်၊ ဒါဆို အဲဒီ ဘွဲ့တွေကို ရအောင် မကြိုးစားတော့ဘူးလား လို့ မေးခဲ့ရင် ကြိုးစားအုံးမှာပါ - ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တိုင်ရွေးချယ်ပြီး လျောက်လှမ်းနေတဲ့ လမ်းစဉ်မို့လို့ ခရီးဆုံးကို ရောက်အောင် သွားပါအုံးမယ်၊ ဒါပေမယ့် အရင်လို အမြင်မျိုး အတွေးမျိုးတွေတော့ မရှိတော့တာ သေချာတယ် - ဥပမာအနေနဲ့ ပြောရရင် အကောင်းဆုံး အစားအစာ တစ်မျိုးကို စားသုံးဖူးတဲ့ သူဟာ ကျန်တဲ့ အစားအသောက်မှန်သမျှကို မလိုချင်တော့သလိုပါပဲ၊  နတ်သုဒ္ဒါ ကောင်းမှန်း လူတိုင်း သိကြပါတယ်၊ ခံစားနိုင်ဖို့ကိုတော့ မကြိုးစားတတ်ကြဘူး၊ ဒီလိုပါပဲ ၀ိပဿနာတရား ကောင်းမှန်း အေးမြ ငြိမ်းချမ်းမှန်း သိကြပေမယ့် အချိန်အားပေးဖို့တော့ တွန့်ဆုတ်နေတတ်ကြတယ်။ ဓမ္မအရသာကို ခံစားဖူးပြီး နောက်ပိုင်းမှာတော့ လူ့ဘ၀ကို ဘယ်လို လျောက်လှမ်းရမယ် လျောက်လှမ်းသင့်တယ် ဆိုတာလဲ အလိုလို သိမြင်တတ်လာ တယ်။  ဒါဟာလဲ ဓမ္မက ပေးတဲ့ အကျိုးကျေးဇူးပါပဲ --

လူတွေကို သြ၀ါဒပေးနေကျ စကားလေးတွေကို ဖောက်သယ်ချ ပြချင်ပါတယ် -  လူမှုပတ်ဝန်းကျင်နဲ့ မကင်းနိုင်ကြတဲ့ လူတိုင်း လူတိုင်းမှာ အရေးကိစ္စတွေ ရှိတယ် - လူမှုရေး စီးပွားရေး၊ ပညာရေး ကျမ္မာရေး အိမ်ထောင်ရေး  ဘာသာရေး စတာတွေပေါ့၊  တစ်ခုမှ လစ်လပ်သွားရင် မကောင်းဘူး၊ အားလုံး ပြည့်စုံနေမှ လူ့ဘ၀ဟာ အဓိပ္ပါယ်ရှိတာ၊  တစ်ခုခု လွဲချော်ပြီး အဆင်မပြေတော့ရင် ကျန်တာတွေလဲ တစ်ခုပြီး တစ်ခု လွဲတော့တာပဲ --- ဒီအရေးတွေဟာ လူတိုင်း ပြည့်စုံသင့်တယ်လို့ ဆိုရမယ် -- မပြည့်စုံ သေးရင်လဲ ပြည့်စုံနိုင်အောင် ကြိုးစားသင့်ပါတယ်--

သာသနာ့ဝန်ထမ်း ရဟန်းတော်များမှာတော့ လူမှုရေး အနည်းငယ် ရှိတတ်ပေမယ့် ဖယ်ထားရင်လဲ ရပါ တယ်၊  စီးပွားရေးနဲ့  အိမ်ထောင်ရေးကို ဖယ်ထားနိုင်ပြီး ပညာရေးကိုတော့ ကိုယ်တိုင် ကြိုးစားမှ ရလိမ့် မယ်၊  ကျမ္မာရေးကို ဂရုစိုက်သင့်သလို ဘာသာရေး ဆိုတာကတော့ ဓမ္မနဲ့ အသိ အကျင့်တစ်ထပ် တည်းကျအောင် နေနိုင်ပြီ ဆိုရင် လူ့ဘ၀ဟာ သိပ်တန်ဖိုးရှိသွားပါပြီ။

ကြားဖူးတဲ့ ဆရာဝန် သူဋ္ဌေးလင်မယား  နှစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရန်ကုန်မြို့ကနေ ဆရာဝန်ဖြစ်ပြီး အမေရိကမှာ လင်မယားနှစ်ယောက် တက်ညီ လက်ညီ ကြိုးစားပြီး ငွေတွေ စုကြတယ်။ အသက် ၆၀ လောက်အထိ စုဆောင်းလို့ အပြီးမှာငွေထုတ် ပိုက်ပြီး ရန်ကုန်မြှို့  ရွှေတောင်ကြား အင်းလျားလမ်းမှာ  တိုက်နဲ့ ခြံနဲ့ ကားနဲ့ နေလို့ ကောင်းဆဲ ယောကျာ်း ဖြစ်သူ ဆရာဝန်မှာ ကင်ဆာဖြစ်လို့  အမေရိကကို ပြန်ပြီး ကုတာ ငွေတွေ ကုန်ခါနီး ဖြစ်လာပါရော၊ ဒါပေမယ့် ငွေတွေက မကယ်နိုင်ခဲ့ပါဘူး၊ ဆရာဝန်ကြီးဟာ  မထင်မှတ်ပဲ အသက်ဆုံးရှုံး သွားရရှာတယ်။  အဲဒီစိတ်နဲ့ပဲ မကြာမီ ဆရာဝန်မကြီးဟာလဲ အိပ်ယာထဲ ဘုန်းဘုန်းလဲကာ  တစ်လလောက်သာ ခြားပြီး ဆုံးသွားရပြန်တယ်၊  သူတို့ နှစ်ယောက်လုံးရဲ့ ဘ၀ဟာ သိပ်ပြီး သနားစရာ ကောင်းပါတယ်၊  လောကီစီးစိမ်တွေ ပြည့်စုံခဲ့ပါတယ်၊ ဓမ္မအသိတွေကိုတော့ မယူနိုင်ခဲ့ကြဘူး။

စာပေမှာ လာတဲ့ စကားလေးတစ်ခွန်းရှိတယ်၊ " ဥဘတော ဘဋ္ဌာ " တဲ့။ လောကီဘက်ရော လောကုတ္တရာဓမ္မဘက်ရော နှစ်ဖက်စလုံး ဆုံးရှုံးတယ်ပေါ့၊ လောကီ လောကုတ် နှစ်မျိုးလုံး သိမ်းပိုက်ရယူနိုင်သူကိုတော့  " ဥဘော အတ္ထာ ပရိဂ္ဂဟိတာ "လို့  သတ်မှတ်ရတယ်။ ကိုယ်လဲ အဲဒီ အထဲမှာ မပါဖို့ အရေးကြီးပါတယ်။

To know and not to do, is not yet to know  နည်းလမ်းတွေကိုတော့ သိနေတယ်၊ လက်တွေ့မပါသေးဘူး ဆိုရင် မသိသေးတာနဲ့ အတူတူပါပဲ တဲ့။ အားထုတ်ခြင်းတွေမှာ နှစ်မျိုးပဲ ရှိတယ်၊ တမင်အားထုတ်ခြင်း နဲ့ အစဉ်အားထုတ်ခြင်း  ဆိတ်ငြိမ်ရာ ရိပ်သာတွေ တောတောင်တွေမှာ တကူးတက သွားရောက်ပြီး အားထုတ်တာကိုတော့ တမင် အားထုတ်ခြင်းလို့ ခေါ်ရမယ်၊  ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဘာအလုပ်ကိုပဲ လုပ်နေရပါစေ၊ ဘယ်လို ပတ်ဝန်းကျင်မှာပဲ နေထိုင်ရပါစေ  တရားနှလုံးသွင်းကာ အစဉ်အမြဲ  အားထုတ်နိုင်တာကိုတော့ အစဉ် အားထုတ်ခြင်း လို့ ခေါ်ရပါမယ်၊

 ရတနသုတ်မှာ လာတဲ့ စရိယ သုံးပါးထဲက အတ္တတ္ထစရိယ= ကိုယ့်ဘ၀ပြည့်စုံအောင် ကြိုးစားခြင်း၊( ဘုရားရှင်အတွက်တော့ ဗုဒ္ဓတ္ထစရိယ ပေါ့ )  ဥာတတ္ထစရိယ= ဆွေမျိုးမိတ်ဆွေတွေကို ထောက်ပံ့ခြင်း၊ လောကတ္ထစရိယ= အများကောင်းကျိုး အတွက် ပရဟိတသက်သက် လုပ်ကိုင် ဆောင်ရွက်ခြင်း စတဲ့ အကျင့်တွေကို တတ်နိင်သလောက် ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားရပါအုံးမယ်။

" လောကဓံ ကြုံမြဲမို့ ၊ အမျိုးမျိုးတွေ့ရမယ်။ စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ် " လို့ တောင်မြို့ဆရာတော်ဘုရားကြီး စပ်ဆိုထားတာကို ကြားဖူးတယ်။ လောကဓံ ဆိုတာကတော့ ခန္ဓကိုယ်ကြီး ရှိနေမှတော့ ဒုက္ခခံကြရတာ မဆန်းတော့ပါဘူး တဲ့။ ဒီလိုပဲ ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ အသက်တွေကြီးလာပြီး လူ့ဘ၀က ထွက်ခွာသွားကြရတာပါ --

ကိုဝိမုတ္တိက ၂၀၁၁ ခုနှစ်အတွက် ရည်ရွယ်ချက် ဆုံးဖြတ်ချက် တွေ မေးလိုက်တာကြောင့်  ရှိနိုင်တာက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ဖြစ်ပါလိမ့်မယ်၊ လုပ်နေမှာက စာတမ်းအတွက် ကြိုးစားနေဖြစ်လိမ့်မယ်။

ပရဟိတအတွက် စာရေးသူရဲ့ ဘ၀အခြေချနေထိုင်မှုကတော့ မြန်မာပြည်တွင်း မှာပဲ ဖြစ်စေ၊  နိုင်ငံရပ်ခြား မှာပဲ ဖြစ်စေ ကံ ပြစ်ချရာ နေရုံပဲ လို့ ခံယူထားမိတယ်။ ဒီကြားထဲမှာ မထင်မှတ်တာတွေ ဖြစ်လာခဲ့ရင်လဲ ကမ္မဿကာ ပဲလို့ နှလုံးသွင်းမိပါတယ်။ ၂၀၁၁ မှ မဟုတ်ပဲ လာမယ့် နစ်တိုင်း နှစ်တိုင်းမှာ  ကျမ္မာရေး  နဲ့  အစဉ်အားထုတ်ခြင်း တွေ ပြည့်စုံအောင် နေနိုင်ဖို့ ကြိုးစားရပါအုံးမယ် --

ဒါဆိုရင် ငြိမ်းချမ်းစွာ ဘ၀နေနည်းကို ပိုင်ဆိုင်နိုင်ပါပြီ --

 

မေတ္တာဖြင့်  …….

အရှင်သုနန္ဒာလင်္ကာရ  ( M.A ) ( ပန်းကမ္ဘာ )

6.Feb. 2011

 

 

No comments:

Post a Comment