Wednesday, April 29, 2015

သင်္ခါရုပေက္ခာဉာဏ်လမ်း



သတိကြီးစွာဖြင့် လျှောက်သွားရမည့် သင်္ခါရုပေက္ခာဉာဏ်လမ်း
-----------


 ဤအပိုင်းကား သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိတို့ကို အထူးညီမျှအောင်
သတိဖြင့် အထူးကြိုးစားရမည့်အပိုင်း ဖြစ်သည်။ သဒ္ဓါ ၀ီရိယ သတိ
သမာဓိ ပညာဟူသော ဣနြေ္ဒငါးပါးတို့ ညီမျှပါမှ အရိယမဂ်ဉာဏ် အရိယ
ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။


နာမ်တရားတို့၏အပျက်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍
ဝိပဿနာရှုနေရာ၌ သင်္ခါရတရားတို့၏ အပျက်ကို အညီအမျှ
လျစ်လျူရှုမှု ဥပေက္ခာသဘောသို့ မဆိုက်ရောက်သေးမီ အချိန်အနည်း
ငယ်လောက်ကစ၍ ရှုကွက်များလည်း စုံလင်လာပြီဖြစ်ရကား ဓမ္မာရုံလိုင်း
ကုသိုလ်ဇောဝီထိ နာမ်တရားတို့ကိုသာ ဦးစားပေး၍ ၀ိပဿနာ ရှုနေပါ။
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက
ဤ အချိန်အခါမျိုးတွင် ဈာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော ဈာနဓမ္မ
အမည်ရသည့် ဈာန်နာမ်တရားတို့ကိုသာ ဦးစားပေး၍ ၀ိပဿနာ ရှုနေပါ။
လက္ခဏာရေးသုံးတန်တွင်လည်း အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစား
ပေး၍ အနတ္တလက္ခဏာယာဉ်တင်ကာ ၀ိပဿနာရှုနေပါ။


ထိုသို့ရှုရာ၌ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ၀ိပဿနာဘာဝနာ
စိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာမည် ဖြစ်ပေသည်။ ထိုအချိန်တွင်
ယောဂါဝစရပုဂ္ဂိုလ်သည် အပြင်အသံစသည်ကို ကြားမှုမရှိတော့ပေ။ ထိုသို့
အသံစသည်ကို မကြားရတော့ဘဲ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ၀ိပဿနာဘာဝနာစိတ်သည်
ငြိမ်ဝပ်စွာကပ်၍ တည်လာပါက လှုပ်မရအောင်ငြိမ်လာပါက
ဝိပဿနာဘာဝနာစွမ်းအားသည် အထူးအားကောင်းလာပြီဖြစ်သည်။

ထိုအခါမျိုး၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရံခါ အဇ္ဈတ္တ ရံခါ
ဗဟိဒ္ဓရှုမှုကို ခေတ္တရပ်ဆိုင်း၍ အဇ္ဈတ္တ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင်
အဇ္ဈတ္တ၌၊ ဗဟိဒ္ဓ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ဗဟိဒ္ဓ၌၊ ရုပ်တရား၌
ဘာဝနာစိတ်သည် ငြိမ်နေလျှင် ရုပ်တရား၌၊ နာမ်တရား၌ ဘာဝနာစိတ်သည်
ငြိမ်နေလျှင် နာမ်တရား၌ -- မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေးရှုနေပါ။

ထိုသို့ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ရုပ်နာမ်နှစ်မျိုး
လုံးကိုပင်တွဲ၍ ရှုနေရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က ရုပ်သက်
သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က နာမ်သက်သက်ကို
ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။ အချို့က အနိစ္စဟု ရှုရသည်ကို အချို့
က ဒုက္ခဟု ရှုရသည်ကို အချို့က အနတ္တဟု ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏။

မိမိ ၀ိပဿနာရှု၍ ပိုကောင်းရာ သင်္ခါရတရားကို ရှု၍ ပိုကောင်းသည့်
လက္ခဏာရေး တစ်ပါးပါးကို တင်၍ ၀ိပဿနာ ရှုနိုင်သည်။ 


ထိုသို့ ရှုရာ၌အချို့ယောဂီများအဖို့ ရုပ်တရားများ၏ အပျက်ကို လုံးဝမမြင်တော့ဘဲ နာမ်
တရားတို့၏ အပျက်သက်သက်ကိုသာ တွေ့နေရတတ်သည်လည်း ရှိ၏။
ထိုအခါမျိုးတွင် နာမ်တရားတို့၏ အပျက်ကိုသာ လက္ခဏာယာဉ် တင်၍
ရှုရန် ဖြစ်သည်။ မတွေ့ရသော ရုပ်တရား၏ အပျက်ကို အထူးရှာဖွေ၍ မရှုပါနှင့်။

ထိုအချိန်အခါ၌ သုဒ္ဓ၀ိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော
နာမ်တရားများမှာလည်း များသောအားဖြင့် ၀ိပဿနာရှုနေသော မနော
ဒွါရိကဇောဝီထိစိတ်အစဉ်နှင့် ဘ၀င်များသာ ဖြစ်တတ်ကြ၏။ ရှေ့စိတ်ကို
နောက်စိတ်ဖြင့် = ရှေ့ဝိပဿနာဝီထိကို နောက်ဝိပဿနာဝီထိဖြင့် တစ်ဖန်
ပြန်၍သာ ၀ိပဿနာရှုနေပါ။ အကယ်၍ သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော
နာမ်တရားများမှာ ဈာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော
နာမ်တရားများနှင့် ၀ိပဿနာဇောဝီထိ နာမ်တရားစုတို့သာ ဖြစ်တတ်ကြ၏။
ထိုအခါမျိုး၌ မိမိ ဦးစားပေးကာ ၀ိပဿနာရှုနေသော ဈာန်နာမ်တရား
တို့ကိုလည်းကောင်း ရှုနေသော ၀ိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်း-
ကောင်း လက္ခဏာယာဉ်တင်၍ တွင်တွင်ကြီး ၀ိပဿနာ ဆက်ရှုနေပါ။ ဤ
အခါမျိုးတွင် သမထယာနိကပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ ဈာန်နာမ်တရား
တို့ကို အနတ္တလက္ခဏာကို ဦးစားပေး၍ ၀ိပဿနာရှုပါက ပို၍ပို၍ ကောင်း
တတ်ပေသည်။


အချို့ယောဂီများကား ရုပ်နာမ်နှစ်မျိုးလုံး၏ အပျက်ကိုပင် မြင်နေရ
တတ်ပြန်၏။ ထိုအခါ ရုပ်တစ်လှည့် နာမ်တစ်လှည့် ဖြစ်စေ၊ ရုပ်နာမ်တွဲ၍
ဖြစ်စေ အပျက်သဘောကိုသာ အာရုံယူ၍ နှစ်ခြိုက်ရာ လက္ခဏာယာဉ်ကို
ဦးစားပေးလျက် ၀ိပဿနာ ဆက်ရှုနေပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း
တစ်ဖန်ပြန်၍ ၀ိပဿနာရှုပါ။


ဤသို့ နည်းအမျိုးမျိုးဖြင့် ၀ိပဿနာရှုခဲ့သော် ကာမ ရူပ အရူပတည်း
ဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ လျစ်လျူ
ရှုထားနိုင်မှု ဥပေက္ခာသဘောသည်လည်း ကောင်းစွာတည်နေမည် ဖြစ်
၏။ သင်္ခါရတရားတို့အပေါ်၌ စက်ဆုပ်မှု ပါဋိကုလျသဘောသည်လည်း
ကောင်းစွာတည်နေမည် ဖြစ်၏။

ဘယဉ္စ္စ္စ နန္ဒိဉ္စ ၀ိဟာယ သဗ္ဗ္ဗသင်္ခင်္ါရေသု ဥဒါသိနော ဟောသိ မဇ္ဈတ္တေ္တာ။
(၀ိသုဒ္ဓိ၊၂၊၂၉၄။)


သင်္ခါရတို့၏အပြစ်ကို ကောင်းစွာမြင်သဖြင့် သင်္ခါရတို့မှ လွတ်မြောက်
လိုသော စိတ်ဓာတ်ဖြင့် သင်္ခါရတို့၏ အပျက်ကို လက္ခဏာယာဉ် အသီး
အသီးတင်၍ ၀ိပဿနာ ရှုနေသဖြင့် "ငါ-ငါ့ဟာ"ဟု စွဲယူထိုက်သော တစ်စုံ
တစ်ခုသော သင်္ခါရတရားကိုမျှ မမြင်တွေ့ရတော့သဖြင့် --
၁။ သင်္ခါရတို့ကို ကြောက်ရွံ့ခြင်း ဘယဟူသော အစွန်းတစ်ခု၊
၂။ သင်္ခါရတို့ကို နှစ်သက်ခြင်း တောင့်တခြင်း နန္ဒီဟူသော အစွန်းတစ်ခု
ဤ အစွန်းနှစ်ခုကိုပယ်၍ အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌
ဥဒါသိန်မူနိုင်ခြင်းသဘော အလယ်အလတ် လျစ်လျူထားနိုင်မှုသဘောသည်
ဖြစ်ပေါ်နေပေ၏။
ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဤဉာဏ်ကား သင်္ခါရုပေက္ခာဉာဏ်တည်း။

"ဖားအောက်တောရဆရာတော်"

Thursday, September 29, 2011

ပရဟိတအလုပ်သည် ဗုဒ္ဓအားလုံးတို့၏ လမ်းစဉ်


“ ခရီးများများ သွားလျင် ခလုတ်တိုက်မိတတ်တယ် ”
“ ခလုတ်တိုက်မှာ ကြောက်နေလျင် လိုရာပန်းတိုင်ကို မရောက်ပဲ ရှိလိမ့်မည် ”
“ ဒါကြောင့် ခရီးလဲ သွားပါ၊ ခလုတ်မတိုက်မိအောင်လဲ သတိထားပါ ”

အထက်ပါ သြ၀ါဒစကားများကား ရှေးရှေးသော ဆရာကြီးများ ပရဟိတလုပ်ငန်းများကို လုပ်နေစဉ် လက်ခံ ကျင့်သုံးခဲ့သော quotation များသာ ဖြစ်၏။ စာရေးသူထံ ပရဟိတလုပ်ငန်းများ လုပ်လိုသော ညီငယ်တစ်ယောက်က ပရဟိတလုပ်ငန်းနှင့် ဗုဒ္ဓဒေသနာများ ဘယ်လို ဆက်စပ်မှု ရှိနေပါသလဲ?  ဘယ်လိုစိတ်ထားများနှင့် အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် ရပါ့မလဲ? ဟု မေးမြန်းလာသော ကြောင့် ရေးသားလိုက်ပါသည်။

ဘာမှမလုပ်တဲ့သူတွေအတွက် ဘယ်လိုတုန့်ပြန်မှုမျိုးမှ မလာတတ်သော်လည်း ပရဟိတလုပ်ငန်းတွေ လုပ်နေပြီ ဆို လျင်  အကောင်း အဆိုး လောကဓံများနှင့် အတိုက် အခိုက်၊ အတွန်း အထိုး၊ အပင့် အမြှောက်၊ ချောက်တွန်းသူတွေက ဒုနဲ့ဒေး တွေ့ကြုံရမှာ မလွဲပါပဲ၊ တစ်ချို့က တွဲခေါ်ကြသလို၊ တစ်ချို့က တက်နင်းချင်ကြပါတယ်၊ လိုသူတွေက ချီးမွမ်းကြ သလို မလိုသူတွေက တွန်းချကြလိမ့်မယ် ဆိုတာ လူသားများရဲ့ သီအိုရီ တစ်ခုလို ဖြစ်နေပါပြီ၊

များသောအားဖြင့် လူ့စိတ်ဆိုတာကလဲ ချီးမွမ်းစကား တစ်ခွန်းပြောဖို့ ခက်ခဲနေပေမယ့် အပြစ်ပြောဖို့ ဆိုရင်တော့ ရည်ရွယ် ချက်ရှိလို့ဖြစ်စေ၊ မရှိပဲ ဖြစ်စေ ပြောမိတတ်ကြပါတယ်၊ ကောင်းစေချင်လို့ ပြောတာ ရှိသလို ချောက်တွန်းချင်လို့ မနာလိုလို့ ပြောခြင်းများလဲ ကြုံတွေ့ရမှာပါ။ သို့သော်လည်း လူအများရဲ့ ဒီသဘောတရားလေးကို ယောနိသော မနသိကာရ proper attention, judicious consideration ဆိုတဲ့ကိုယ်ချင်းစာ နားလည်စိတ်လေး ထားပြီး  နားလည်နိုင်ပြီ လက်ခံနိုင်ပြီ ဆိုရင်တော့ သင်ဟာ အရာရာ အောင်မြင်နိုင်ပါပြီ။

အဲဒီလို အကောင်း အဆိုး လောကဓံတွေ ဆိုတာကတော့ ပရဟိတသမားများအတွက် အတိတ်ကလဲ ရှိခဲ့သလို ယခုလဲ ရှိနေကြဆဲ နောင်လဲ ရှိနေအုံးမှာပါ၊ ဒါကပဲ လူသား ဖြစ်စဉ်၊ လူ့ပတ်ဝန်းကျင်ဖြစ်စဉ် တခုလို လည်ပတ်နေတယ်လို့ ဆိုနိုင် ပါတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရလျင် တစ်လောကလုံးမှာ perfect အဖြစ်ဆုံး၊ အပြစ်တစ်စုံတစ်ရာ ထောက်ပြစရာ မရှိပါဘူး ဆိုတဲ့ မြတ်စွာဗုဒ္ဓတောင်မှ သိဒ္ဓတ္ထဘ၀မှာ ကဲ့ရဲ့ခံရတယ်၊

ဘုရားဖြစ်ပြီးနောက်မှာလဲ ၄၅ နှစ်ပတ်လုံး လူသား တွေရဲ့ ကဲ့ရဲ့ဒဏ်၊ ဆဲဆိုဒဏ်တွေကို လူသတ်မှု၊ ကာမေသုမိစ္ဆာစာရအမှု စတဲ့ ကြီးမားတဲ့ အပြစ်တွေအပါအ၀င် စွပ်စွဲချက်  fraudulent charge တွေမျိုးစုံကို အကြိမ်ပေါင်း များစွာ ခံခဲ့ရတာပါ၊ စာရေးသူတို့လို သာမာန် အညတရ လူသား တွေမှာတော့ ကဲ့ရဲ့ခံရတာ စွပ်စွဲ ခံရတာ မထူးဆန်းတော့ဘူး လို့ ဆိုရပါမယ်။ အဲဒီလို ကိုယ့်စိတ်ကို ဖြေသိမ့် နိုင်ပြီ ဆိုလျင်လည်းဘယ်ကိစ္စကိုပဲ ဆောင်ရွက် သည်ဖြစ်စေ လောကဓံကို ခံနိုင်ရည် ရှိလာပါလိမ့်မယ်၊

ဗုဒ္ဓမြတ်စွာ၏ ပရဟိတစိတ်ထားများ

ပရ - သူတပါး၏၊ ဟိတ - အကျိုးစီးပွားကို လိုလားသူ ( ဒီနေရာမှာ သဒ္ဒါစည်းကမ်းအရ အဿတ္တိတဒ္ဓိတ်၊ ဗဟုဗ္ဗီဟိ သမာတ်ဖြင့် ) အများကောင်းကျိုးကို လိုလားသူ အဆင့်ထိ ယူရပါမယ်၊ ဒါဆိုရင်တော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ် သိန်း ကာလမှာ သုမေဓာရသေ့ဘ၀ကတည်းက ပရဟိတ စိတ်ထား ရှိခဲ့လို့သာ ဒီနေ့ အချိန်မှာ ဂေါတမဗုဒ္ဓ သာသနာဆိုတာ ရှိနေခဲ့တာပါ၊ တကယ်လို့ သုမေဓာရသေ့လေးမှာ ပရဟိတစိတ်ထား မရှိခဲ့လျင် ဒီနေ့ သာသနာ ဆိုတာ ရှိမှာ မဟုတ်တော့ဘူး၊ ကိုယ်တိုင် လက်တစ်ကမ်းမှာ ရောက်နေတဲ့ နိဗ္ဗာန်ကို မယူပဲ သူများကို ကယ်မယ်၊ သတ္တ၀ါတွေကို ကယ်မယ် ဆိုတဲ့ စိတ်နဲ့ အနစ်နာခံ၊ အပင်ပန်းခံပြီး ပါရမီတော်တွေကို ဖြည့်ဆည်းခဲ့တာ ပရဟိတစိတ်ထား အခြေခံကြောင့်ပဲ ဖြစ်ပါတယ်။

ဘုရားအလောင်းဘ၀မှာ လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ တိရိစ္ဆာန်ဖြစ်ဖြစ် ဘယ်နေရာ ဘယ်ဘုံဋ္ဌာနကို ရောက်နေသည်ဖြစ်စေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့တာ ဒီနေ့ ဇာတကအဋ္ဌကထာ များနဲ့ သုတ္တန်ဒေသနာတော်များမှာ အထင်အရှားရှိနေ ခဲ့တယ်၊ နောက်ဆုံး လူတွေနဲ့ မရောယှက်နိုင်တဲ့ ဗြဟ္မာဘ၀ကို ရောက်နေတာတောင်မှ ဇာတ်တော်ကြီး ၁၀ မျိုးထဲက နာရဒ ဇာတ်တော်မှာ နာရဒဗြဟ္မာ ဘ၀နဲ့ လူတွေ တရားပျက်၊ သီလပျက်နေတာကို လစ်လျူမရှုနိုင်တာကြောင့် အော် လူသားတွေ အပါယ်ရောက်ကြရှာတော့မယ် ၊ ငါ-သွားကယ်မှပဲ ဆိုပြီး လူ့ပြည်ကို ဆင်းကာ တရားဟောပြပြီး လူအများကို ကယ်တင် ခဲ့ဖူးတယ်။ တကယ်ဆို ဗြဟ္မာဘ၀နဲ့ ကိုယ့်ဘာသာ ဈာန်ချမ်းသာလေး ခံစားပြီး အေးအေးငြိမ်းငြိမ်းနေနိုင်တယ် မဟုတ် လား၊ ဒါပေမယ့်  သူတော်ကောင်းစိတ် ဓာတ်ခံက ဘ၀ပေါင်းများစွာ ကိန်းအောင်းလာခဲ့လေတော့ မနေနိုင်ရှာဘူး၊ တတ်နိုင် သမျှ ကယ်တင်ခဲ့ရှာတယ်။

ယခုပစ္စပ္ပန်ဘ၀ ဘုရားရှင်ဖြစ်ပြန်တော့လဲ ပြုစုမည့်သူ မရှိတဲ့ ဂိလာနရဟန်းကို ကိုယ်တော်တိုင် ရေနွေးအိုးတည်ကာ အနာ ပုပ်၊ ပြည်ပုပ်တွေကို ဖန်ရည်ဆေးကြောကာ  ပြုစုတော်မူပြီး ပရဟိတစိတ်ထားကို ဖော်ပြသွားခဲ့တယ်၊ နောက် ရဟန္တာဖြစ်ပြီး   နွားဝှေ့ခံရကာ ပရိ နိဗ္ဗာန်စံတော်မူရရှာတဲ့ ခိပ္ပါဘိညာ ဧတဒဂ်ရ အရှင်ဗာဟိယ ဒါရုစီရိယအလောင်းကောင် ကိုလဲ ကောင်းေ ကာင်း မွန် မွန် မီးသဂြိုလ်ပေးရန် စီမံတော်မူခဲ့တယ်၊

ဒါတွေဟာ အဖ ဘုရားရှင်ရဲ့ ပရဟိတလုပ်ငန်းများဖြစ်ပြီး တရားရေအေး တိုက်ကျွေးတာဟာလဲ အမြတ်ဆုံး ပရဟိတ လုပ်ငန်းပါ ပဲ၊ ဘုရားရှင်ရဲ့ လမ်းစဉ်ကို အားကျခဲ့ကြတဲ့ ယသသူဋ္ဌေးသား တို့ အုပ်စုဟာလဲ ယနေ့ ဦးကျော်သူတို့လို အဖွဲ့ အစည်းမျိုး ထူထောင်ကာ ပရဟိတလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ခဲ့၊ သက်သေပြခဲ့တာကြောင့် နောင်တစ်ချိန်မှာ ရဟန္တာဘ၀ကို အလွယ်တကူ ရရှိခဲ့ပြန်တယ်၊ ဆိုရရင်တော့ ပရဟိတစိတ်ထားကနေ  နိဗ္ဗာန် အထိတောင် ဧဟိဘိက္ခု ဘ၀နဲ့ ပို့ပေးနိုင်တယ် လို့ ဆိုရမှာပါ။

ပရဟိတအတွက် လိုအပ်သော စိတ်ထားများ

၁။ ကာယကံမေတ္တာ
၂။ ၀စီကံ မေတ္တာ
၃။ မနောကံ မေတ္တာ

၎။ အဂတိ မလိုက်စား၊ မျက်နှာကြီးငယ်မရွေးခြင်း၊
၅။ ကိုယ်ကျင့်တရား
၆။ ယုံကြည်ချက် သဒ္ဓါတရား များ ကိုယ်စီ ရှိထားဖို့ လိုအပ်ပါတယ်၊

ကာယကံမေတ္တာ ဆိုသည်မှာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်နေစဉ် တယောက်နဲ့ တစ်ယောက် သူလုပ်မယ် ငါလုပ်မယ် စသည်ဖြင့် မတွက်ကပ်ပဲ  နောက်ကွယ်မှာ ဖြစ်စေ၊ ရှေ့မှာဖြစ်စေ အဖွဲ့လိုက် ပျော်ပျော်ပါးပါးဖြင့်  လုပ်ဆောင်မှုကို ဆိုပါ တယ်၊

ဝစီကံ မေတ္တာ ဆိုသည်မှာ အဖွဲ့အတွင်းဖြစ်စေ၊ ပြင်ပလူများအပေါ်မှာဖြစ်စေ အပြစ်ကို မြင်လာတဲ့အခါ  သည်းခံစိတ် မထားနိုင် ပဲ နှုတ်နဲ့  အပြစ်ပြောမိခြင်းပါ၊ ကိုယ်ဟာ မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်နေတာပဲ လို့ စိတ်ထဲမှာ စွဲမြဲမှတ်သား ထားရပါမယ်၊ ကိုယ့်ထက်ငယ်နေလျင် ငါ့ညီရေ၊ ညီလေးရေ၊ ညီမရေ စသည်ဖြင့် ချစ်စဖွယ်စကားကို ပြောဖြစ်ကြရင် ကြားရသူများမှာလဲ နားဝင်ချို လှပါတယ်၊ အသက်အရွယ်ကြီးနေလျင်လဲ အကို၊ အမ စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုကြမယ် ဆိုရင် ၀စီကံမေတ္တာ နဲ့   ပြည့် စုံပါပြီ၊ ရှေ့မှာဖြစ်စေ နောက်ကွယ်မှာ ဖြစ်စေ အပြစ်တင် ကုန်းချော မလုပ် သင့်ပါဘူး။

မနောကံ မေတ္တာကတော့  သူတပါးအပြစ်တွေ မြင်လာရင်တောင် မေတ္တာတရားလက်ကိုင်ထားကာ နားလည်မှု ခွင့်လွှတ်မှု များနဲ့ ရေရှည်လက်တွဲသွားနိုင်အောင် ယောနိသော မနသိကာရ လေးထားပြီး ကိုယ့်စိတ် ကို ထိန်းချုပ်သင့်ပါတယ်၊ တကယ်လို့ သူများက အမှားလုပ်မိရင်တောင် စေတနာအမှားပဲလေ ဆိုပြီး ခွင့်လွှတ်ပေး နိုင်တာဟာ မနောကံမေတ္တာပါပဲ၊

အထူးသဖြင့် အဖွဲ့ဝင်အချင်းချင်းရဲ့ အပြစ်ကို မြင်သော်လည်း သည်းခံခွင့်လွှတ် နားလည် ပေးနိုင်ရပါတယ်၊  မေတ္တာထားဖို့ လိုအပ် သလို ကရုဏာစိတ် ရှိပါမှလည်း ပရဟိတကို ဆက်လက် လုပ်ဆောင်နိုင်မှာပါ၊ ကိုယ်က ပေးလိုက်ရလို့ ကူညီ လိုက်ရလို့ သူတ ပါးတွေ ပြည့်စုံသွားတာကို မြင်ရပြန်တော့ မုဒိတာ ဆိုတဲ့ ပီတိစိတ်လေး ဖြစ်ရပြန်တယ်၊

ပရဟိတလုပ်သူမှန်သမျှ  အရေးကြီးဆုံး လိုက်နာစရာအချက်က အဂတိလိုက်ခြင်း biases တွေပါ၊ ဘယ်အသင်း အဖွဲ့ မှာမဆို အဂတိ လိုက်တာ ရှိခဲ့ရင် ကွဲ ပြဲကုန်တော့တာပါပဲ၊ ချစ်လို့ မျက်နှာလိုက်တဲ့ ဆန္ဒာဂတိ၊ အမြင်မတူကြရင်း အမြင်   စောင်း လို့ ဖြစ်တတ်တဲ့ ဒေါသာဂတိ၊ မသိလို့၊ သတိလက်လွတ်ဖြစ်လို့ မှားမိတတ်တဲ့ မောဟာဂတိ၊ အထက်လူကြီး အာဏာ ရှိသူ များကို ကြောက်လို့၊ ခြိမ်းခြောက်ခံရလို့ လုပ်မိတတ်တဲ့ ဘယာဂတိ စတာတွေဟာ သတိထားစရာ ရှောင်ကြဉ် စရာများပဲ ဖြစ်ပါတယ်၊ ဒါကြောင့်လဲ ပရဟိတအဖွဲ့များမှာ  မျက်နှာ ကြီးငယ်၊ ရာထူး ဂုဏ်ဒြပ်တွေကို တိုင်းတာပြီး ခွဲခြား ခွဲခြား လုပ် လျင်ေ တာ့   ရေရှည် လက်တွဲဖို့ ခဲယဉ်းပြီး ပြိုကွဲသွားတတ်ပါတယ်။

လူတွေရဲ့ ပတ်ဝန်းကျင် အသင်းအဖွဲ့၊ ဘယ်နေရာမှာ ဖြစ်စေ အရေးကြီးဆုံးက ကိုယ်ကျင့်တရား moralityပါ၊ ကိုယ်ကျင့် တရား မကောင်းလျင် ဘယ်လောက် ကောင်းတာတွေ လုပ်နေနေ၊ မည်သူမျှ ယုံကြည်မှု မရှိသလို ကိုယ့်ဘာသာလဲ ယုံကြည်မှု confidence မတည်ဆောက်နိုင်ပါဘူး၊ ကိုယ်က ကိုယ်ကျင့်တရားမကောင်းဘူး ဆိုလျင်တော့ ပတ်ဝန်းကျင်က မေးငေါ့ကာ အပြစ်ပြောေ န ကြပါ လိမ့်မယ်။

မြတ်စွာဘုရားရှင် ဟောကြားထားခဲ့တဲ့ ဓာတုသံသန္ဒန သုတ်တော်မှာ သတ္တ၀ါတွေဟာ ဓာတ်ခံဆိုတဲ့ element or inherent တွေ တူတဲ့သူ အချင်းချင်းပဲ ပေါင်း သင်းလို့ ရတယ်တဲ့၊ အရက်ကြိုက်သူအချင်းချင်း၊ မူးယစ်ဆေး ကြိုက် သူအချင်းချင်း၊ ကာမေသုမိစ္တာစာရ ၀ါသနာတူသူ အချင်းချင်း စသည်ဖြင့် မကောင်းဓာတ်ခံရှိသူချင်း  ပေါင်းသင်းကြသလို ဒါနသီလ ဘာဝနာမွေ့ေ လျာ် သူအချင်းချင်းလဲတစ်ယောက်နဲ့တစ်ယောက်လေးစားပြီးဓာတ်တဲ့ကြတယ်၊ပေါင်းဖက်လက်တွဲနိုင်တယ် လို့ ဆိုပါတယ်၊  

ဘုရားတရားမြဲသူနဲ့ အရက်သမား ပေါင်းသင်းလို့ မရဘူးဆိုတာ လုံးဝဥဿုံ ပေါင်းသင်းမရတာ မဟုတ်ပါ၊ မေတ္တာနဲ့ ရေရှည်လက်တွဲ ဆက်ဆံမရတာကို ဆိုလိုပါတယ်၊ ဒါကြောင့် ပရဟိတလုပ်နေရင်း ကိုယ်တိုင်က သီလ စင်စင်ကြယ်  ကြယ်နဲ့ ကိုယ်ကျင့် တရား   ပြည့်စုံထားလျင် သီလမြေပေါ်မှာ စိုက်ပျိုးလိုက်တဲ့ ဒါနမျိုးစေ့တိုင်းဟာ ရှင်သန်ကြီးထွား အကျိုး ပေးမှာ အသေ အချာပါပဲ။

ကိုယ်ကျင့်တရားက အရေးပါသလို တစ်ယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ယုံကြည်ချက် သဒ္ဓါတရား ဆိုတဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်တာကလဲ အရေးပါပါတယ်၊ ယနေ့ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျမ္မာရေး၊ ပညာရေး စတဲ့ အသင်းအဖွဲ့အစည်းက လူတွေမှာ ကိုယ်စီ ကိုယ်စီ ယုံကြည်ချက် မတူညီလျင် လက်တွဲလို့ မရနိုင်တာ အားလုံး အသိပဲ ဖြစ်ပါတယ်၊

အဓိပတိလေးပါးသာသူ ခေါင်းဆောင်ဖြစ်မည်

ဆန္ဒာဓိပတိ - ကောင်းမြတ်တဲ့ စိတ်ဆန္ဒ၊ အကျိုးလိုလားတတ်တဲ့ ဆန္ဒအားကောင်းသူ၊
ဝီရိယာ ဓိပတိ - ကိုယ်တိုင် အားတက်သရော ကြိုးစားအားထုတ်လိုတဲ့ ၀ီရိယ ထက်သန်သူ၊

စိတ္တာ ဓိပတိ -  စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊  ဇွဲကောင်းမှုများနှင့် မေတ္တာတရားဖြင့် လူအများကို လွှမ်းမိုးထား နိုင်သူ၊
ဝီမံသာ ဓိပတိ - အရာရာတွင် သတိ ပညာဖြင့် ကျော်လွှားနိုင်သူ၊ ဖြတ်ထိုးဥာဏ်ကောင်းသူ၊ ပညာအားကြီးသူ၊

သာမာန်ထက် ထက်သန်သော အဓိပတိ၊ အရာရာတိုင်းတွင်လွှမ်းမိုးနိုင်သော predominant factor တွေ ပြည့်စုံနေ သူများကတော့ အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခု နိုင်ငံတစ်ခုမှာ ခေါင်းဆောင်ဖြစ်နိုင်ပြီး  မပြည့်စုံသေး သူများက  နောက်လိုက်များ ပဲ ဖြစ် တတ်ပါတယ်၊ နောက်ဆုံး တရားထူးရဖို့ နိဗ္ဗာန်သွားဖို့ ကြိုးစားကြမယ် ဆိုရင်တောင် အဓိပတိ လေးပါးက မပါမဖြစ် ပြည့်စုံရမှာပါ။

ဘုရားမြတ်စွာက အထက်ပါ အင်္ဂါခြောက်ချက်ကို တသက်လုံး လိုက်နာနိုင်ရင် လူအများရဲ့ ချစ်ချင်မှုကို ခံရမယ်၊ လေးစား မှုကို ခံရမယ်၊ ချီးမြှောက်မှုကို ခံရမယ်၊ တသက်လုံး အမှတ်တရ သတိတရ ရှိနေသင့်တဲ့ သာရဏီယ တရားတွေ လို့ ဟော တော်မူခဲ့တယ်။  ပရဟိတစိတ်ထား ရှိကြသူ သူတော်ကောင်းအားလုံးဟာ ဖော်ပြခဲ့တဲ့ သဒ္ဓါ၊ သီလ ၊ ၀ီရိယ၊ ခန္တီ၊  မေတ္တာ၊ ကရုဏာ၊ မုဒိတာ စတဲ့   ကောင်းမြတ်တဲ့ ဗြဟ္မစိုရ် တရားတွေကို အတတ်နိုင်ဆုံး ပြည့်စုံကြဖို့ လိုအပ်ပါတယ်။

“ ငါတို့ ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ အရေးမကြီးဘူး၊ ကူညီခဲ့တဲ့ကိစ္စတွေမှာ ဘယ်လောက်မေတ္တာတွေ ပေးနိုင်ခဲ့ သလဲ ဆိုတာပဲ အရေးကြီးတယ်၊
 ငါတို့ ဘယ်လောက်အတိုင်းအတာအထိ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တယ် ဆိုတာက အဓိကမဟုတ်ဘူး၊ လှူဒါန်းခဲ့တဲ့ အပေါ် မှာ မေတ္တာတွေ ဘယ်လောက် မျှဝေနိုင်ခဲ့သလဲ ဆိုတာပဲ အရေးကြီးတယ် ”

 ဆိုတဲ့ ရာစုခေတ်သစ်ရဲ့ လူသားအကျိုးပြု ခေါင်းဆောင်ကြီး မာသာထရီဇာ Mother Teresa ရဲ့ စိတ်ထားကို အတုယူကာ  မြင့်မြတ်သော စိတ်ထားများနဲ့ မြတ်မြတ်သော လမ်း စဉ်ကို လျောက်လှမ်းကြရင်း မြင့်မြတ်သောလူသားများ ဖြစ်နိုင်ကြ ပါစေလို့   စေတနာစကား ပါးလိုက်ရပါသည် …

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 29.Sep.2011








Tuesday, September 27, 2011

လယ်တီ ဆုံးမစာ ( လူမိုက်တို့ သွားရာလမ်း )


 ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
 ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးသည် 
မိုဃ်းလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
 အမိုက်လေးပါး၊ အင်လေးပါးထက်၊ 
နင်က-ရာထောင်၊ မကမှောင်၏။

လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စ ရွှင်၏၊။
 မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခ စင်းစင်း၊ ချမ်းသာကင်း၏၊

သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊
 အရူးပြင်ပြင်၊ နင့်ကိုထင်၏။
နင်နင့်ဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍာန်ကို၊
 နင့်ဉာဏ်မစူး၊ အခေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
 နေ့ရက်အပုံ၊ လွန်ခဲ့တုန်ပြီ၊

အာရုံ ၀တ္ထု၊ မီးစာစုဖြင့်၊ မှု့မှု့ရရ၊ နင်အားကျလည်း၊
 ဓားပြသေမင်း၊ သူတပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
 ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ရီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျှက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌
 တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
 တငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများဆုံးတည့်၊

အနှုန်းမပျက်၊ နောက်နရက်( ငရဲ )၀ယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
 နင့်လို လူမိုက်သွားလမ်းတည်း။

မဃဒေ၀ ဆုံးမစာ ( သေခြင်းသည်သာ )


 မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊
လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
 ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။

ချစ်လျံဝေေ၀၊ ချစ်ဆွေတွေနဲ့၊
 ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊
ကွဲရသည်မှာ၊ မလွဲသာတည့်။
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊
ပုခက်နဲ့ ပေ ဝေးလေလေ၍၊
နီးလျှင်ပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊

အကြောင်းမလျှော်၊ သုံးရက်ကျော်က၊
ပုပ်စော် ညှီနံ၊ ရန်တွေ့ပြန်သို့၊
အမှန်ချစ်သူ၊ မကပ် မူပဲ။၊ 
လစ်လျူရှုသုံး၊ တကယ်မုန်း၏။
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊
ဆွေညာအများ၊ စွန့်ပယ်ရှား၍၊
သွားရအပြီး၊ လူမနီးတည့်၊
တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊
(ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊
 စင်းစင်း အိပ်ကာ၊ မလှည့်သာပဲ၊
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့၊

သင်္ခါရချုံ၊ လောကီဘုံ၌၊ ခိုလှုံဝင်ခံ၊ ပုထုဇဉ်ကို၊
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊
လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အ၀၀ကို၊
နေ့ညမကွာ၊ ကြိုးစားရာသည်၊
ခေမာရောက်မှ၊ အေးမည်တည်း။

ခန္ဓာကိုယ်၏ ဇရာလက္ခဏာ


ပျိုလျှင် အို၊ ရှင်-သေကွဲ၊ နင်ဝေ ခွဲရှုပါ၊
 မြင်နေမြဲ စက္ခုမှာ၊ သက်နုခါ ကြည်လို့၊
ဇရာညှင်း မုံ ဝေသီတယ်၊
 စုံပွေလီ သောတ တွေချို့၊  

သွားကြွေပြုတ် ဖြူဆံပင်၊
ပူဟန်ပင် ခွေညို့၊
 ပူဟန်သွင် ထွေထွေတို့ရယ်ကြောင့်၊
အခြေအနေ ယို့ ပျက်ပြယ်၊
  
သတိကွယ်၊ ဉာဏ်ထုံထိုင်းပါလို့၊
ကံမုန်တိုင်း တိုက်ခွင့်ရောက်တယ်၊
ခါးစွေ စောင်း ရုပ်ပြောင်းကွယ်၊
ဟုတ်ကြောင်းနွယ် ဆိုရိပ်ပြပြီပေါ့၊

အို အနိစ္စ…ကာယသည်ကို၊
ဘာမှ မတည်လို၊
ခါ ကာလ သီသီလိုတယ်၊
ဤ ဤ ကိုယ် ပျက်ဆုံးပါလိမ့်လေး။