Wednesday, May 25, 2011

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း

၁။  မိမိရဲ့ နှမြောတွန့်တိုမှု လောဘများကို လှူဒါန်းစွန့်ကြဲမှု  ဒါနတရားဖြင့် အနိုင်ယူပါ။
၂။  မိမိရဲ့ ဒေါသများကို   ထိမ်းချုပ်ခြင်း သီလတရားဖြင့် အနိုင်ယူပါ။
၃။  မိမိရဲ့ မောဟများကို  သတိဖြင့် စူးစိုက်ကာ အရှိကို မြင်အောင်ကြည့်ခြင်း  ၀ိပဿနာတရားဖြင့် အနိုင်ယူပါ။

၎။  မိမိရဲ့ သူတပါးအပေါ်  ယှဉ်ပြိုင်လိုမှုများကို  မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။  မိမိရဲ့ သူတပါးအပေါ်  အနိုင်ယူလိုမှုများကို သနားခြင်း ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ သူတပါးအပေါ်  မနာလို မရှုစိမ့် ဖြစ်မှုများကို သူကံကောင်းလို့ ချမ်းသာကြီးပွားအောင်မြင် နေတာပဲ ဆိုတဲ့ ၀မ်းမြောက်ခြင်း  မုဒိတာတရားဖြင့် အနိုင်ယူပါ။

၇။  မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို  ကိုယ်နဲ့ မဆိုင်သလို  ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။  မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
          ၉။  မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို  မိမိအခြေအနေကို မြင်အောင်ကြည့်ကာ မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
( ချမ်းအေး ဆရာတော်၊ စစ်ကိုင်း)

မကြာမီ ၀ဋ်လည်တတ်တယ်

မိဘအပေါ် ဆိုးသူသည်  နောင်တစ်ချိန်တွင်  သားဆိုးသမီးဆိုး ရတတ်၏။
ယောက္ခမအပေါ် ဆိုးသူသည် နောင်တစ်ချိန်တွင် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။
ဆရာသမားအပေါ် ဆိုးသူသည်  နောင်တစ်ချိန်တွင် တပည့်ဆိုးနှင့်တွေ့ရတတ်၏။
သူငယ်ချင်းအပေါ် ဆိုးသူသည်    သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
ကိုယ်ဆိုးလျှင်  ကိုယ့်ပတ်ဝန်းကျင်က  ဆိုးလိမ့်မည်။
ကိုယ်ကောင်းလျှင်  ကိုယ့်ပတ်ဝန်းကျင်က  ကောင်းလိမ့်မည်။

ဗြဟ္မ၀ိဟာရ အဇူဇာကျောင်းဆရာတော် ဘဒ္ဒန္တဧသက

Sunday, May 22, 2011

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည်

 (၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။

(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊
ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ" စသည်မျိုး။
(၆) မန္တာန် - ဥုံ= အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊
ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှု။

ပရိတ်ကြီး(၁၁) သုတ်-သမ္ဗုဒ္ဓေဂါထာ၊ ဒိဝါ တပတိ စသော ဂါထာတို့သည် ဥုံ ၊ သြောင်း စသည် မပါသောကြောင့် သံသယ ရှင်းရှင်း ရွတ်ဖတ်သရဇ္ဈာယ် ကောင်း၏။  အထူးအဆန်း အသစ်အဆန်း အနေဖြင့် အများသူငါ မရဖူး မကြားဖူးသော ဂါထာများကိုသာ ရွတ်ရန် စိတ်ဝင်စားကြသော သူများ သတိမူကြပါကုန်။
ဂါထာ ရှေ့၌ဖြစ်စေ ၊နောက်၌ဖြစ်စေ ဥုံ - သြောင်း စသည် တွေ့မြင်ပါက ဘုရားဟော ဂါထာ စစ်စစ် မဟုတ်ဟူ၍ မှတ်ပါ။

အင်းကန်းခြင်း ၇-ပါး
 အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့်ရှင်း ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။

အင်းကျိုးခြင်း ၇-ပါး
အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီ လေချွန်ခြင်း၊
(၃) လူးလဲလှယ်၍ စီစဉ်ခြင်း၊
(၄) စီရင်မပြီးဆုံးခင်  ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမတားမီ အတွင်းမျဉ်းများကိုတားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။

အင်းချသူ အင်္ဂါ ၈-ပါး
ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည် ဟူ၏၊

(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ် ပညာရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
 မတွေးတောရခြင်း။

အင်းပေါက်ခြင်း ၇ ပါး
 ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိ တတ်ဟူ၏၊

(၁) အင်းဘောင်ချင်းမထိစပ်ခြင်း၊
(၂) အင်းဘောင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချ မမှန်ခြင်း၊
(၄) အင်းဘောင်နှင့် အင်းဆံ ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့် မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချ မညီခြင်း။

ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
မှတ်ချက်။    ။ ယုံကြည် အားကိုး၍ မဟုတ်ပါ၊  စာဖတ်ပရိသတ်များအတွက် ဗဟုဿုတ သက်သက်ဖြစ်စေရန် ရည်ရွယ်တင်ပြပါသည်။