Friday, December 18, 2009

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ

မိမိ ကိုယ်ပိုင်နေရာလေးသို့ အမြဲတမ်းတစိုက်မတ်မတ် လာရောက် အားပေးနေသော စာဖတ်ပရိသတ်တွေကိုရော၊ တခါတရံ ပဲ လာရောက်ဖတ်ရှု့သူတွေကိုရော အားလုံးကို လေးစား တန်ဖိုးထားပါတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ကျောင်းစာတဖက်နဲ့မို့ ပိုစ့်အသစ်တွေ မတင်ဖြစ်ခဲ့တာကို ဒီနေရာကနေ လေးစားစွာ တောင်းပန်အပ်ပါတယ်။ ဒါကြောင့် ပိုစ့်အသစ်လေးတွေကို ရှေ့လျောက်ပြီး တင်နိုင်အောင် ကြိုးစားနေပါတယ်၊

ဒီတခါ ကြိုးစားမိတာက ပရလောက နာနာဘာဝ လို့ ခေါ်တဲ့ ဥစ္စာစောင့်တွေ အကြောင်းကို ဥစ္စာစောင့်ဘ၀ကနေ လူ့ဘ၀ကို အလည်ရောက်လာတဲ့ မဝေ (သူ့စကားအရ လူ့ဘ၀ကို မရောက်ဖူးလို့ဗဟုဿုတရဖို့အလည်လာတယ်ဆိုပါတယ်)ဆိုတဲ့ဒကာမလေးတယောက်ကပြောပြတာတွေကို စာရေးသူနှင့် မိတ်ဆွေဦးဇင်းတပါး ငယ်ရွယ်စဉ် ရဟန်းငယ်ဘ၀က တွေ့ကြုံ ခဲ့ရတာပါ၊ အဲဒီထဲမှာ မှတ်သားစရာလေးတွေစိတ်ဝင်စားစရာလေးတွေပါနေတာမို့မျှဝေလိုက်ပါတယ် -

ကိုယ်တိုင် မျက်မြင် မဟုတ်တာမို့ ယုံဖို့ ခက်ပေမယ့် တကယ်ထင်ရှားရှိနေခြင်း၊ သူတို့ရဲ့လှုပ်ရှားလုပ်ကိုင်နေပုံများ၊ ဘ၀ကူးပုံများ၊ လူကို ၀င်ပူးပြီး အမှန်တွေကိုပြောနိုင်ခြင်း၊ သူတို့ရဲ့ ပျော်စရာဘ၀များကို ဖြတ်သန်းပုံ၊ ယောကျာ်းဘုန်းကံ မိန်းကလေးဘုန်းကံ အနိမ့်အမြင့် ကွာခြားပုံတွေကို သိရပါတယ်- သူ့စကားအရ ဒီလူ့ဘ၀ကသေရင် နောက် အဲဒီ ဥစ္စာစောင့်ဘ၀ကို ပြန်သွားမယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ် -

ဘာပဲပြောပြော သူ့စကားတွေက စာပေ ပါဠိတော် အဋ္ဌကထာတွေမှာ ပါတာတွေနဲ့ ကိုက်ညီနေတာတွေကို သတိထားမိပါတယ် အထူးသဖြင့် သူလို ဗုဒ္ဓဘာသာစာပေအကြောင်း ဘာမှ မသိသေးတဲ့ တောရွာက ကောင်မလေးတယောက်ရဲ့ စကားတွေက ကျမ်းဂန်နဲ့ ကိုက်ညီနေတဲ့ အတွက် လက်ခံရမှာပါ - --

+ + + + +

ဟဲ့ မဝေ၊ နင့် လက္ခဏာ တွေက တော်တော်ဆိုးနေပါလား၊ ဘယ်လိုကြီးတွေလဲ မသိဘူး၊ ငါ့ ကြည့်ဖူး မြင်ဖူးသလောက်တော့ ဒီလို လက္ခဏာမျိုး တခါမှ မတွေ့ဖူးဘူး၊

ဘာဖြစ်လို့လဲ ဦးဇင်း

ကြည့်စမ်းပါအုံး နင့်ရဲ့ အသက်လမ်းကြောင်းကလဲ တ၀က်ပဲ ပါတယ်၊ လူတိုင်းလို ပုံစံမျိုး မဟုတ်ဘူး၊

နောက်ပြီး တခြား ဥာဏ်လမ်းကြောင်းရော၊ ကံလမ်းကြောင်းရော၊ နှလုံးလမ်းကြောင်းရော အားလုံးက တ၀က်စီပဲ ပါနေတယ်၊ သတိထားနော် -နင်အသက် တိုလိမ့်မယ်၊ ကုသိုလ် ကောင်းမှု့လေး ဘာလေးလုပ်ပေးအုံး- ငါတော့ နင့်အစား တော်တော် စိတ်မကောင်းဖြစ်မိတယ် -

စာရေးသူတို့ စာသင်သားဘ၀က ရန်ကုန်မြို့ ဗဟန်း ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်မှာ ဓမ္မာစရိယ စာမေးပွဲအတွက်လေ့လာနေချိန်ဖြစ်ပါတယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ရွာတရွာက( နာမည်တော့ မမှတ်မိတော့ဘူး၊) မဝေ ဆိုတဲ့ မိန်းကလေးတယောက် နဲ့ သူ့ရဲ့ ညီမ တ၀မ်းကွဲ တယောက် အားလုံး ၅ ယောက် ၇န်ကုန်ကို ဘုရားဖူးလာရင်း ကျောင်းမှာ တည်းခိုနေကြတယ်၊ စာရေးသူတို့က အဲဒီတုံးက ၂၃ နှစ်အရွယ်နဲ့ မဝေက ၃၄ နှစ်ရှိနေပြီ၊ကျောင်းမှာ တည်းခိုကြရင်းဘုရားဖူး လိုက်ပို့ရတာပေါ့၊ ဒီလိုနဲ့ တနေ့ညပိုင်း သူတို့နဲ့ စကားပြောနေရင်းနဲ့ လက္ခဏာ ကြည့်ဖြစ်ကြတယ်၊

ဟုတ်တယ်ဘုရား၊ တပည့်တော်က အသက်တိုမှာ သိနေပါတယ်၊ နေရရင် နောက်ထပ် ၁၀ နှစ် မကြာတော့ဘူး၊ ဒါပေမယ့် ခြွင်းချက်တော့ရှိတယ်၊ တပည့်တော်လက်ထပ် ဖြစ်ရင် ၄၁ နှစ်ဆို သူတို့က ပြန်ခေါ်လိမ့်မယ်၊ လူလွတ်ဘ၀နဲ့ နေရင်တော့ စိတ်ကြိုက်နေခွင့်ပြုထားတယ်-

ဟင် ဘယ်လိုကြောင့်လဲ နားမလည်တော့ဘူး -

ဘာတွေ ပြောနေတာလဲ -

ဘယ်က ဟိုဘ၀လဲ - -

တင်ပါ တပည့်တော်က တကယ်တော့ ဥစ္စာစောင့်ဘ၀က လာတာ ဘုရား၊ လူ့ဘ၀က ပျော်စရာကောင်းတယ် ကြားဖူးလို့ ရောက်ဖူးတယ်ရှိအောင် အလည်လာတာပါ။ ဟိုဘ၀ လွှတ်လိုက်ကတည်းက အဲလို ကတိနဲ့ လွှတ်လိုက်တာ၊တကယ်လို့ လက်ထပ်ပြီး သားသမီးတွေ ဘာတွေ ရပြီး လူ့ဘ၀မှာတွယ် တာနေမှာစိုးလို့ စောစော ပြန်ခေါ်တာပေါ့ ၊

ဆက်ပါအုံးမည် - -

Monday, December 14, 2009

SWIMOLOGY နှင့် လက်တွေ့ပညာ ( ဒု )

ဘ၀ရည်မှန်းချက် မြင့်မြင့်ကို မှန်းထားတယ်ဆိုရင် မင်းတို့ရဲ့ ဦးနှောက်တွေကို အမှိုက်ပုံးမဖြစ်စေနဲ့။ အမှိုက်ပုံးဆိုတာမျိုးဟာ စွန့်ပစ်ထိုက်တာအားလုံးကို လက်ခံထားတော့ ခဏလေး ပြည့်တာပေါ့။ မင်းတို့ ဦးနှောက်ထဲကိုလည်း အကျိုးမရှိတဲ့ ကိစ္စတွေ အကြောင်းအရာတွေကို ထည့်မထားသင့်ဖူး။ အဲဒါတွေနဲ့ ပြင်ပကိစ္စအကြောင်းအရာတွေနဲ့ပြည့်နေရင် မင်းတို့ ခရီးမတွင်ပဲ ပန်းတိုင်ရောက်ဖို့ ကြာနေလိမ့်မယ်။ ဒီတော့ စောစောက လက်တွေ့ပညာအတွက် ဥပမာကို ဆက်ပြောပြမယ်။

Swimology

တခါက မြို့ကြီးတမြို့မှာ တက္ကသိုလ်ပေါင်းများစွာက ထင်ရှားအောင်မြင်နေတဲ့ ပရော်ဖက်ဆာ အိုကြီးတစ်ယောက်၊ သူ့ ပုခုံးမှာလည်း ဘွဲ့တံဆိပ်တွေ ချိတ်ထားတာ ရင်ဘက်အထိ အပြည့်ပေါ့ကွာ၊ မင်းတို့ မှန်းကြည့်ကြပေါ့။ ဘ၀ရဲ့ နောက်ဆုံးအရွယ်လည်း ရောက်လာပြီ၊ ခံစားဖို့ရာ လောကီစည်းစိမ်တွေလည်း ပြည့်စုံခဲ့ပြီဆိုတော့ တက္ကသိုလ်ကြီးတွေကနေ အနားယူပြီး လေ့လာရေးခရီး ထွက်မယ်ပေါ့- စိတ်ကူးတဲ့အတိုင်း ရိက္ခာပစ္စည်း ကိရိယာတန်ဆာပလာ အစုံထည့်ပြီး ခရီးထွက်လာတာ ပင်လယ်အနီးက ရွာတစ်ရွာကို ရောက်တော့ ရွာသားတွေကို ပြောတယ်။ May I introduce myself, My name is- ပရော်ဖက်ဆာ ဘယ်သူ ဘယ်သူပေါ့။ ဟုတ်လား။ စာမတတ်တဲ့ တံငါသည်တွေဆီသွားပြီး ဘိုလို ပြောနေတာ။ ငါ ရေကြောင်းသုတေသန လေ့လာခရီးထွက်ချင်တယ်။ မင်းတို့ ငါ့အတွက် မော်တော်တစ်စီးနဲ့ လူတစ်ယောက်ကို ရှာပေးပါ။

ရွာသားတွေကလည်း အခုရာသီဥတု မကောင်းသေးပါဘူး၊ မဖြစ်နိုင်ပါဘူးဆို ငြင်းတာပေါ့။ ဟာ--- မင်းတို့ ဘာကို စိုးရိမ်နေတာလဲ။ ဘာပညာကို မဆို ငါအားလုံးသင်ခဲ့ပြီးပြီ။ ( တတ်ခဲ့ပြီလို့ မပါဘူးနော် ) မင်းတို့ သတိထား။ ရိက္ခာကိရိယာ အစုံအလင်ပါတယ်။ ရအောင် စီစဉ်ပေးပါ။ ပရော်ဖက်ဆာ ကြီးက တောင်းဆိုတာ ဆိုတော့ ရွာသားတွေလည်း အာ မခံရဲဖူးပေါ့ကွာ။ မင်းတို့လည်း မှတ်ထား။ ပညာတတ်ဖြစ်လာရင် ပညာမာန်မတက်မိစေနဲ့။ ခုကြည့် သူလိုချင်တာ အကုန်တောင်းတာပဲ။ နောက်ဆုံးတော့ ရွာသားတွေလည်း စီစဉ်ပေးရတာပေါ့။ ဒီလိုနဲ့ ပင်လယ်ပြင် ရောက်ရော ။

လှေပေါ်မှာ သူယူလာတဲ့ ပစ္စည်းအစုံအလင်နဲ့ အလုပ်ရှုပ်နေတာ။ မိုးလေ၀သ ကြည့်ဖို့ တိုင်တွေ ထောင်လိုက်။ စလောင်းတွေ တက်လိုက်။ ဟိုဘက် လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့။ မင်းတို့ မြင်ကြည့်ပေါ့။ သူတစ်ယောက်တည်း ပျင်းလာတော့ လှေသမားကို မေးတယ်။ ဟေ့-- မင်း meteorology ဆိုတာကို သိလား။ ဟာ--- ဘယ်သိမလဲဗျ။ ကျွန်တော် ကြားတောင် မကြားဖူးဘူး။ အေး - အဲဒါက မိုးလေ၀သ အကြောင်းကွ။ မင်းမှတ်ထား။ ဒါက ဒီလိုရှိတယ်။

ဒါလေး ဒီလိုဖြစ်နေရင် လေတိုက်တော့မယ်။ ဒီ ရေဒါက ဘယ်အရပ်ကို ပြနေရင် မိုးရွာတော့မယ်။ အဲလို ကြည့်ရတယ်။ လှေသမားက ဘာသိမလဲ။ အင်း အင်းပေါ့။ နားပူသက်သာအောင် သူပြောလိုက်တာ။ နောက်ရက်ကျပြန်တော့ ဟေ့မင်း hydrology ဆိုတာရောသိလား။ မသိဘူးဗျာ။ အေး အဲဒါ ဒီပင်လယ်ပြင်ကြီး အကြောင်းကွ။ မင်းဒါလောက်တောင် မသိလို့ကတော့ သေမှာပဲ။ မသိဘူး။သေလည်း သေပါစေတော့။ တစ်ရက်တမျိုး တမျိုးနဲ့ ------

Astronomy - နက္ခတ္တဗေဒ

Philology - ဘာသာစကားဗေဒ

Biology - ဇီဝဗေဒ

Physiology - ဇီဝကမ္မဗေဒ

Entomology - ကိမိလ အင်းဆက်ပိုးပညာ

Pathology - ရောဂါဗေဒ

အို စုံနေတာပဲ။ သာမာန်ကျောင်းသားတစ်ယောက်တောင် အားလုံးနားလည်ဖို့ မလွယ်ကူတဲ့ ပညာတွေကို တံငါသည် လှေသမားကို သွားပြီး မေးနေတာ။ လှေသမားကလည်း စိတ်မရှည်တော့ဘူး။ ကျွန်တော် ဘာမှ မသိဘူး၊ ဟာ မင်းဒါတွေ မသိရင် မလွယ်ဘူး။ သေလိမ့်မယ်။ ဘာညာပေါ့ကွာ။ အထူးသဖြင့် နက္ခတ္တဗေဒကို မင်းတတ်သင့်တယ်။ ဘယ်နက္ခတ် ဘယ်အရပ်မှာ ရှိနေရင် ပင်လယ်လှိုင်းကြီးမယ်။ လှိုင်းငြိမ်မယ် ဆိုတာကို သိရတာပေါ့။ ပင်လယ်ကို ဖက်ပြီး ကြီးပြင်းလာတဲ့ ကောင်ကို သွားပြီး ဆရာလုပ်နေတယ်။ ဒီလိုနဲ့ တစ်ရက်တော့ လှေသမားက စနေထောင့်ကို ကြည့်ပြီး- အင်း.... ရာသီဥတုကတော့ အခြေအနေမကောင်းဘူး။ လှိုင်းကြီးပြီး လေမုန်တိုင်း ကျတော့မယ့် လက္ခဏာပဲ ဆိုတာသိနေတယ်၊ သိမှာပေါ့။ ပင်လယ်ကမ်းစပ်နေပြီး မိဘတွေရဲ့ရိုးရာ တံငါ အလုပ်နဲ့ လှေကိုဖက် ပင်လယ်ရေထဲမှာ ကြီးပြင်းလာတဲ့ အကောင်ဆိုတော့ လေတိုက်တာ နေထွက်တာ လထွက်တာ အခြေအနေကြည့်တာနဲ့တင် သိတယ်လေ။ ဆိုလိုတာက လက်တွေ့ပညာ သူ့မှာ အများကြီးရှိတယ်။ စာတွေ့တော့ လာမမေးနဲ့။ ကကြီးတောင် သိမှာ မဟုတ်ဘူး။ ဒါနဲ့ ပရော်ဖက်ဆာ ကြီးကို မေးတယ်။

ဆရာကြီး-- ဆရာကြီးက ကျွန်တော့ကို ပညာတွေ တရက်ပြီးတရက် မရိုးအောင် ပြောပြပေးနေတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အဲဒီပညာတွေ မတတ်လို့ သေချင်လည်း သေပါစေတော့။ ဒီနေ့တော့ ကျွန်တော်က ဆရာကြီးကို မေးမလို့ပါ။ ဆရာကြီး swimology ကို သိရဲ့လား။ ဟေ့- ငါ့တသက်လုံး swimology ဆိုတာ မကြားဖူးပေါင်ကွာ။ အော်ဆရာကြီးက ပညာတွေတတ် ဘွဲ့တွေတော့ ရပါတယ်။ ဒါတောင် မသိဘူးလား၊

swimology ဆိုတာ ရေကူးတဲ့ ပညာကို ပြောတာ။( အမှန်က ပရော်ဖက်ဆာကြီးဆီက ology တွေ နားဝနေတော့ ရေကူးတာကို ology ထည့်လိုက်တာ swimologyဖြစ်သွားတာ) အခုရာသီဥတုက မကြာခင် မုန်တိုင်းလာတော့မယ်။ ရေကူးတာမတတ်လို့ကတော့ ဆရာကြီးသေမှာပဲ။ ကျွန်တော်လည်း မကယ်နိုင်ဘူး လို့ဆိုတော့ ပရော်ဖက်ဆာ လည်း ချွေးပြန်ပြီပေါ့ကွာ။ တကယ်လည်း မုန်တိုင်းလာရော လှေသမားက ရေကူးတတ်လို့ အသက်ချမ်းသာရာ ရသွားတယ်။ ပရောဖက်ဆာအိုကြီးကတော့ ကယ်ကြပါ ကယ်ကြပါ အော်ရင်းနဲ့ ရေနစ်သေရတာပေါ့။

ဒီလိုပါပဲ... မင်းတို့လည်း စာတွေ့လောက် ကျေနပ်မနေကြပဲ လက်တွေ့ swimology ဖြစ်အောင်ထိ လေ့လာကြပါလို့ တိုက်တွန်းအားပေးရင်း ဆရာ့သြ၀ါဒကို နိဂုံးချုပ်ပါတယ်။

ကိုယ်တွေ့ ( ဓမ္မအသိ )ဖြင့် ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်တိုင်အောင် သယ်ယူနိုင်ကြပါစေ။

ဤဆောင်းပါးအားကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး၏သြ၀ါဒကိုနည်းမှီရေးပါသည်၊