Tuesday, September 6, 2011

ကုဋီဆေးတဲ့ ကုသိုလ်



 ဒီနေ့  စာရေးသူက အွန်လိုင်း ဂျီတော့မက်ဆေ့မှာ သူများတွေက ရှုးရှုးရှဲရှဲနဲ့ ကိုယ့်ကို ဆဲဆိုနေရင်တောင် ကိုယ်က ပြုံးပြံးလေးနဲ့ သည်းခံနိုင်တယ်ဆိုရင် အဲဒါကို ခမာဂုဏ်နဲ့ ပြည့်စုံတယ်လို့ ခေါ်တယ်   လို့  ရေးတင်ထားတာကို ကြည့်ပြီး မေးခွန်းရှင်တစ်ယောက်ပေါ်လာတယ်၊ သူ့မေးခွန်းတွေက စာချစ်သူများအတွက်လဲ အကျိုးရှိစေမယ် ထင်လို့  ဒီဆောင်းပါးလေးကို မှတ်တမ်းတင်ဖြစ်ပါတယ်။

phyu3: ခမာဂုဏ်ဆိုတာရှင်းပြပေးပါဘုရား
Pann: ခမာ နဲ့ ခန္တီ က အတူတူပါပဲ၊ ပရိယာယ်ပုဒ် တွေပါ
phyu3: ဟုတ်
Pann  မိဖြူက ဘယ်ကများလဲ အဝေးကထင်တယ်
phyu3: ဟုတ်
Pann: အော် တွေ့ရတာ ၀မ်းသာပါတယ်
အွန်လိုင်းမှာ ဆိုတော့ ကိုယ့်ထက် ငယ်မှန်း ကြီးမှန်း မသိတော့ အဆင်ပြေသလိုပဲ ပြောနေရတယ်
phyu3: ရပါတယ်
ဘုန်းကြီးနဲ့စကားသိပ်မပြောတတ်ဘူး
Pann: ဟုတ်လား အရင်က  ပြောဖူးပြောစ မရှိရင် ဖြစ်တတ်ပါတယ်
phyu3: ဟုတ်ကဲ့
Pann: ရပါတယ် အဆင်ပြေသလို ပြောနိုင်ပါတယ်
ဘုန်းကြီး မလုပ်ပါနဲ့ ဦးဇင်းလောက်ဆို ရပါပြီ၊
phyu3: တပည့်တော်အလုပ်တဖက်နဲ့အချိန်ရ၇င်တော့စာတွေဖွင့်လေ့လာပါတယ်
ဟုတ်ကဲ့ပါ

Pann: ဟုတ်ကဲ့ လို့တော့ ပြောလို့ မရဘူး တင်ပါ့ဘုရား လို့ပြောမှ အဆင်ပြေပါတယ်၊ အလေ့အကျင့်ရှိရင်တော့ နောက်ကျလျင် လွယ်သွားမှာပါ၊ တသက်လုံး သုံးနှုံးနေရမှာ ဆိုတော့ နည်းနည်း သတိလေးထားပြီးလေ့ကျင့်ထားပေါ့၊  တရားဟောတယ် လို့ သဘောမထားပါနဲ့ ၊
ဘ၀မှာ အမြဲတမ်း ကြုံနေရမယ့် အရာတစ်ခုမို့ပါ

phyu3: မိဘတွေကိုယ်စားကောင်းမှုတွေလုပ်ပေးလို့ရလား
phyu3: သူတို့ကသိပ်မလုပ်ကြလို့လေ
Pann: အော် ရတာပေါ့
ကိုယ်က ကောင်းမှုလုပ်ပေးရင် သူတို့က သိလို့ သာဓုခေါ်တာနဲ့ ကောင်းရာ သုဂတိရောက်နိုင်တယ်
phyu3: သူတို့ကသက်ရှိနေတုန်းပါ
Pann: အော် ဒါဆို သူတို့နာမည်နဲ့ လှူဒါန်း ပေးပြီး သာဓု ခေါ်ခိုင်းတာနဲ့ သူတို့လဲရတယ်၊ ငါ့ညီမလဲ ဝေယျာဝစ္စကုသိုလ် ရတယ်
phyu3: ကုဋီဆေးတာဘယ်လိုကုသိုလ်ရပါသလဲ
အမြဲဆေးပါတယ်
Pann: အဲဒီကုသိုလ်က ဒီဘ၀မှာ ချမ်းချမ်းသာသာ ဘ၀ကို လျောက်လှမ်းရမယ်၊ နောက်ပြီး နောင်ဘ၀တွေမှာလဲ ရုပ်ရည်ချောမော လှပပြီး ပြည့်စုံတဲ့ ဘ၀ကို ရတတ်တယ်၊
ဘုန်းကြီးကျောင်းက ကုဋီလား
phyu3: တင်ပါ့
ဘုန်းကြီးကျောင်းဘုရား
Pann: အဲဒီကုသိုလ်ကို ဦးဇင်းလဲ သာဓုခေါ်တယ်
လူတိုင်း မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရတာ ပိုမွန်မြတ်တယ်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီကုသိုလ်က မာနကို ခ၀ါချပြီး လုပ်ရတာကြောင့် ဖြစ်လေရာဘ၀တိုင်း သူဋ္ဌေးမျိုး သူကြွယ်မျိုးမှာ ဖြစ်ရတတ်တာ
phyu3: ဒီဘ၀မှာတော့ဆင်းရဲပါတယ်၊

pann:  ဒါကတော့ အတိတ်ကံပေးသလောက်ပေါ့၊  ဒီဘ၀မှာ ကြိုးစားရင်လဲ သူဋ္ဌေးဖြစ်နိုင်ပါသေးတယ်၊
ကုဋီဆေးတာနဲ့ ပက်သက်ပြီး  တကယ့်အဖြစ်အပျက်လေး ပြောပြချင်သေးတယ်၊ အရင်နှစ်ပေါင်းများစွာက လယ်တီဆရာတော် ဘုရားကြီး ဆိုတာ ရှိခဲ့ဖူးတယ်၊ ကျောင်းတိုက် စာသင်တိုက်ကြီးရဲ့ ပဓာနနာယက အကြီးဆုံး ဆရာတော်ကြီးပေါ့၊ အဲဒီဆရာေ တာ် ကြီးဟာ ညညမှာ သံဃာတွေ အိပ်ချိန်ရောက်ပြီ ဆိုရင် သံဃာတွေ မသိအောင် ကုဋီတွေ ဆေးပြီး ရေဖြည့်ပေးတယ်၊ ကုဋီတလုံးထဲ မဟုတ်ဘူးနော်၊ သံဃာတွေ များတော့ အခန်းပေါင်း  ၅ ခန်း၊ ၁၀ ခန်းတွဲ အိမ်သာတွေ၊ 

အဲဒီလို လုပ်နေတာက တရက်မဟုတ်တော့ တပည့်ရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ မလုပ်ပါနဲ့ဘုရား၊ တပည့်တော်တို့ ငရဲကြီးပါမယ် လို့ လျောက်ကြတယ်၊ အဲဒီလို စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက “ တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား” ပြန်လည် လျှောက်ထားသတဲ့၊  လူတိုင်း အတုယူစရာ စိတ်ထားလေး၊ ဒါကြောင့် လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကုသိုလ်ကို လုပ်တာ ပိုမွန်မြတ်တယ်၊ အကျိုးပေးသန်တယ် လို့ ပြောတာ၊
Phyu3: တင်ပါ့ဘုရား

Pann: နောက်ပြီး သတိထားစရာက မာန်မာန အကြောင်းလေး နည်းနည်းပြောအုံးမယ်
Phyu3:  ပြောပါအုံးဘုရား
Pann: လူတွေ အမျိုးဇာတ် နိမ့်ကျတာ မထားသင့်တဲ့ မာန်တွေ ထားနေလို့လေ၊  ကိုယ့်ပတ်ဝန်းကျင်မှာ ကြည့်ကြည့်လိုက်ပါ၊ တချို့က ပိုက်ဆံနည်းနည်းချမ်းသာလာတာနဲ့ မြောက်ကားကားဖြစ်နေပြီ၊ အောက်ခြေလွတ်နေတတ်တယ်၊ အခုခေတ်လို ဖုန်းကောင်းကောင်း ကားကောင်းကောင်းစီးနေရရင်ပဲ အများနဲ့ ကိုယ်နဲ့ မတူသလိုလို မတန်သလိုလို  စိတ်ထားကြတော့တယ်၊ အဲဒါ မာန်တက်ခြင်းတစ်မျိုးပေါ့၊
လူတိုင်းမှာ ရုပ်လှသူက သူ့ရုပ်ကိုကြည့်ပြီးမာန်တတ်တယ်၊ ငါက ဘွဲ့ရ ပညာတတ်၊ သူဋ္ဌေးသား သမီး၊ သူတို့နဲ့ ငါတို့နဲ့ ဘ၀အဆင့်အတန်းတွေ ကွာတယ်၊ မတူဘူး ဆိုပြီး စိတ်ထားလေးက အောက်ခြေလွတ်နေတာ ကိုယ့်ဘာသာ သတိမထားမိဘူး၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့နေတာလဲ ဂရုမစိုက်တော့ဘူး၊ အဲဒါ မာနတွေပဲပေါ့၊အဲလို မာနတွေက အကုသိုလ်တွေ ဆိုတော့ နောက်ဘ၀တွေမှာ အမျိုးဇာတ်နိမ့်ကျတဲ့ ဆင်းရဲသားမျိုးရိုး မပြည့်မစုံတွေမှာ ဖြစ်စေတယ်၊
တန်ပြန်အနေနဲ့ ဒီဘ၀မှာ ကိုယ်က look down လုပ်ခဲ့တဲ့အတွက် နောက်ဘ၀မှာ ကိုယ့်က ပြန်ခံရတော့တာပဲ၊ သတိထားစရာတွေပါ။
phyu3: ဟုတ်
Sent at 7:35 PM on Tuesday
phyu3: အ၇ှင်ဘုရားကရန်ကုန်ကပဲလား
Pann: မဟုတ်ပါ အိန္ဒိယ ဘုံဘေမြို့မှာ P hD လုပ်နေပါတယ်
ကျမ်းပြုနေဆဲ ဆိုပါတော့
phyu3: တော်တယ်နော်တပည့်တော်လည်းတတ်နိုင်သလောက်တော့စာအုပ်တွေ လှုတယ်
နောင်ဘ၀  တော်အောင်လို့ပါ
Pann: နောင်ဘ၀တော်အောင် တနည်း ရှိသေးတယ်
phyu3: တင်ပါ
Pann: အခု အချိန်အား ရတုန်းလေးမှာ ဘာသာရေး စာပေတွေကို တတ်နိုင်သလောက် လေ့လာခြင်းဟာလဲ ဖြစ်လေရာ ဘ၀တိုင်း ပညာပါရမီ ဖြစ်စေတယ်
ဥပမာအနေနဲ့ ကလေးဘ၀က ကျက်ခဲ့တဲ့ စာတွေက လူကြီး ဖြစ်လာတဲ့အချိန်မှာ ပြန်ပြီး အကျိုးပြုသလိုပေါ့
phyu3: တင်ပါဘု၇ား
ခမာဂုဏ်နဲ့ပြည့်စုံဖို့တော်2သည်းခံရတယ်နော်
Pann: အင်း လူတိုင်း မလုပ်နိုင်တဲ့ အရာပဲဆိုပါတော့
လူတိုင်းလုပ်နိုင်ရင်လဲ ဘယ် ဂုဏ်ခေါ်တော့မလဲ

phyu3: တချို့တွေဆိုယောက်ကျာ်းလေးဖြစ်ပြီးနှမသားချင်းမစာနာ စွာပြောတတ်ကြတယ်
Pann: အင်း သူတို့က ကိုယ့်လောက်တောင် တရားမရှိသေးတာပဲ ဆိုပြီး သဘောထားလိုက်ရင် ငါ့ညီမ စိတ်ဆိုးတာ မပျောက်တောင် သက်သာရာ ရသွားမှာ ၊
နောက်ကျမှ ဘလော့ပစ်လိုက်လဲ ရတာပဲလေဒါကတော့ နောက်ဆုံးနည်းပေါ့
phyu3: တင်ပါ့ဘုရားအရင်ဘ၀ကကိုယ်လည်းသူများပေါ်ပြောခဲ့လို့နေမှာပါ
Pann: အင်း သူ့လဲ မမြင်ရ ကိုယ့်လဲ မမြင်ရ ဆိုတော့ ပြောချင်ရာ ပြောတော့တာပေါ့ ကိုယ်က ခွင့်လွှတ်နိုင်ဖို့ပဲ လိုတယ်
phyu3: တင်ပါ့
Pann: အွန်လိုင်းမှာ လူပေါင်းစုံ စရိုက်ပေါင်းစုံလဲ တွေ့ရလိမ့်မယ်
phyu3: တင်ပါ့
တပည့်တော်က အခုဆိုမေတ္တာပို့နည်းနဲ့ စိတ်ကိုကုစားပါတယ်
Pann:  အဲဒါလဲ ကောင်းတယ် ကိုယ်အားသန်ရာ တခုခုနဲ့ ဖြေဖျောက်တာ ပိုကောင်းတယ်
phyu3: တင်ပါ့
Pann: တချို့က မေတ္တာပို့တာ၊ တချို့က ဂုဏ်တော်ပွားတာ တစ်ချို့က ပုတီးစိတ်တာ
မတူတတ်ကြဘူး
စိတ်ငြိမ်စေတယ် ပီတိ ဖြစ်စေတယ် ဆိုရင် ဆက်လုပ်ပါ
phyu3: ဂုဏ်သတင်းကျောဇောချင်ရင်ဘယ်ဂုဏ်တော်ပွားရမလဲ
Sent at 7:51 PM on Tuesday
Pann: အရဟံဂုဏ်တော်၊ လောက၀ိဒူဂုဏ်တော်၊ ဘဂ၀ါဂုဏ်တော်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီစိတ်ကြီးနဲ့ အငမ်းမရ ပွားများနေရင် ကုသိုလ် မစစ်တော့ဘူး၊ လောဘအကုသိုလ်တွေ ပါနေပြီ
ပွားနေတဲ့အချိန်မှာ အဲဒီစိတ်ကို ဖယ်ထားပြီး စိတ်ကို နှစ်နှစ်ကာကာ စူးစိုက် ပွားများပါ၊ လိုချင်တဲ့စိတ်ကို ရှေ့တန်းမတင်ပါနဲ့၊
အကျိုးတရားက အလိုလို ရောက်လာပါလိမ့်မယ်
phyu3: ဆယ်ရက်စခန်းမှာတရားပတ်ဝင်တဲ့သူနဲ့ဝေယျာဝစ္စလုပ်တဲ့သူဘယ်သူက ကုသိုလ်ပိုရပါသလဲ
Sent at 7:56 PM on Tuesday
Pann: ကိုယ့်စိတ်ထားက ပိုအရေးကြီးသွားပြီ၊ စခန်းဝင်နေသူက ၀တ်ကျေတန်းကျေ ထိုင်နေတယ် ဆိုရင် သူ့အတွက် ရင်းရတာနဲ့ မတန်ဘူးပေါ့၊ သူက တကယ်ကို ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်နေတယ် ဆိုရင် သူ့ကုသိုလ်က အမြတ်ဆုံးဖြစ်သွားတယ်၊
 ဒီလိုပဲ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသူက စိတ်ထားသန့်သန့် နဲ့ လုပ်ပေးရင် ကုသိုလ်ရမယ်၊ အဲလိုမဟုတ်ပဲ ၀တ်ကျေတန်းကျေ လုပ်ပေးနေရင် ရသင့်သလောက် မရတော့ဘူး

phyu3: မေးတာတွေဖြေပေးလို့ကျေးဇူးတင်ပါတယ်ဘုရား
Pann: ဒီကလဲ အခုလို ထူးခြားတဲ့ မေးခွန်းလေးတွေ အတွက် ကျေးဇူးပါ
phyu3: နောက်လဲမေးပါအုံးမယ်ဘုရား
Pann: အင်း အလျင်းသင့်လျင် ဖြေပေးရတာပေါ့၊  အချိန်အားရတယ် အဆင်ပြေတယ် ဆိုရင် ဖြေပေးပါမယ်၊
တိုက်ရိုက် မဖြေဖြစ်ရင်လဲ မေးလ်ပို့မေးနိုင်ပါတယ်
phyu3: တင်ပါ့ဘုရား


Saturday, September 3, 2011

တရားထူးရဖို့ ပါရမီလို မလိုကို လေ့လာကြည့်ခြင်း

၁။ အတိတ်ဘ၀များစွာက ပါရမီ ရှိခြင်း မရှိခြင်း၊ ယခုဘ၀မှာလဲ ပါရမီ ပြည့်ခြင်း မပြည့်ခြင်းတို့ကို ဘယ်လို သိနိုင်ပါမလဲ ဆိုတဲ့ မေးခွန်း၊
၂။ လူတစ်ယောက် တရားထူးရဖို့ ပါရမီလိုအပ် မလိုအပ်ဆိုတဲ့ မေးခွန်း၊
၃။ ဒီလို ဆုတ်ကပ် ကာလကြီးမှာ တရားကျင့်ရင် လူတိုင်း တရားထူး ရနိုင်ဖို့ အခွင့်အရေး ရှိပါသလား
ဆိုတဲ့ မေးခွန်း၊
၎။ တရားထူး ရနိုင်ဖို့ ဘာတွေပြည့်စုံထားရပါမလဲ မေးခွန်းမျိုး၊

စသည်အားဖြင့် လူအများစိတ်ဝင်စားတဲ့ မေးခွန်းပေါင်းစုံကို ကိုယ်တိုင်လဲ အထပ်ထပ် စဉ်းစားဖူးသလို၊ သီတင်းသုံးဖော် ရဟန်းတော်များအချင်းချင်းလဲ မကြာခဏ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ စာရေးသူကိုလဲ လူတော်တော်များများက ဒီမေးခွန်းတွေ ကိုပဲ ထပ်ကာ ထပ်ကာ အမေးခံခဲ့ရဖူးတယ်။ သို့သော်လည်း တိကျတဲ့ အဖြေတစ်ခုအနေနဲ့ ရှိကို ရှိရမယ် လို့ စာရေးသူ ယုံကြည်နေခဲ့တယ်။ ကိုယ်လေ့လာထားသလောက်၊ နားလည်ထားသလောက်ကို မေးခွန်းရှင်များ အားတက်လာအောင်၊ စိတ်ဓာတ်ကျနေသူများကို ရွှင်လန်းတက် ကြွလာအောင်၊ depression ဖြစ်နေသူများကို active ဖြစ်လာအောင် အားပေး စကားတွေလဲ အကြိမ်များစွာ ပြောပေးခဲ့ဖူးပါတယ်။ အခု အထက်ပါအကြောင်းအရာများကို တတ်နိုင်သလောက် ခြုံငုံမိအောင် ကိုယ်တိုင်သုံးသပ်ကြည့်လိုတဲ့ ဆန္ဒတစ်ခုဖြစ်ပေါ်လာတာကြောင့် ဒီဆောင်းပါးကိုရေးဖြစ်တာပါ။

ပါရမီလို မလိုနှင့် ပြည့်ခြင်း မပြည့်ခြင်းအတွက်

ပါရမီ ဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်နေတာဟာ ပါရမီဖြည့် နေတယ် လို့ ဆိုရပါမယ်၊ တကယ်တော့ အတိတ်ဘ၀များစွာက ပါရမီရှိတယ် မရှိဘူး ဆိုရာမှာ ပါရမီကို တိုင်းတာနိုင်ဖို့ သာမိုမီတာ မရှိနိုင်ပါဘူး၊ mental practices စိတ်ကျင့်စဉ်ဖြစ်နေ တာကြောင့်လဲ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး၊

အဲဒီဘက်က မစဉ်းစားပဲနဲ့ ကိုယ်ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာကို အရင်ဆုံးလေ့လာ သင့်ပါတယ်၊ ပါရမီ ဆိုတဲ့ ပေတံနဲ့တိုင်းမနေပဲ  မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ်ဘယ် လောက် လိုက်နာနိုင်နေပြီလဲ ?  ကိုယ့်စိတ် ဘယ်လောက် ဖြူစင်နေပြီလဲ ? မကောင်းမှုတွေကို ဘယ်အတိုင်း အတာအထိ ရှောင်ရှား နိုင်ပြီလဲ ? စတာတွေကို အရင်သုံးသပ်ရပါမယ်၊ မြတ်စွာဘုရားဟောထားခဲ့တဲ့ စိတ္တာနုပဿနာ ကျင့်စဉ်အတိုင်း ကိုယ့်စိတ် မှာတဏှာရာဂစိတ်တွေ များနေသလား၊ ဒေါသတွေ အားကောင်း နေသလား၊ စသည်ဖြင့် အမြဲဆင်ခြင်ပြီး အကုသိုလ်တွေများနေလျင် လျော့ချနိုင်ဖို့၊ နည်းနေလျင်လည်း လုံးဝ မဖြစ်ပေါ်လာ အောင်ကြိုးစားဖို့၊  သတိလက် လွတ်ဖြစ်ပေါ်လာလျင်လည်း ထပ်ကြပ်မကွာ သိသိပြီး ပယ်ရှားနိုင် အောင် ကြိုးစားကြရမှာပါ။

ငါ့မှာ ပါရမီရှိလား မရှိဘူးလား၊ ပါရမီ ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုပြီး တွေးနေတဲ့ သံသယတွေနဲ့ ဆို အလုပ်မဖြစ်ပါဘူး၊ အဲဒီလို စဉ်းစားနေရင် လုပ်ရမယ့် အလုပ်တွေ လစ်ဟင်းပြီးတော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ၊  ငါ ဒီဘ၀ အရိယာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို မစဉ်းစားပဲနဲ့ ယခုလက်ရှိမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေဖို့ က အဓိကကျမယ်လို့ ယူဆမိပါတယ်။

တကယ်တော့ လမ်းကြောင်းရှိလျင် လျောက်ဖို့သာ အရေးကြီးတာပါ။ ဒီလမ်းကြောင်းက ငါသွားမယ့်နေရာ ရောက်နိုင် ပါ့မလား၊ ရောက်မှာ သေချာရဲ့လား စဉ်းစားစရာ မလိုဘူး၊  ဆိုပါဆို့ - ဆူးလေကနေ ရွှေတိဂုံ ဘုရားဆီကို သွားမယ့်လမ်း ကြောင်းက ရှိနေပြီးသား၊ အဲဒီလမ်းကြောင်းကို လျောက်ပြီး ရောက်ခဲ့သူတွေ၊ ရောက်သွားသူတွေ ကိုယ့်ရှေ့မှာ အများကြီး ရှိခဲ့ပြီ၊ ကိုယ်လဲ လျောက်ဖို့ပဲ လိုအပ်တယ်၊ အချိန်တန်ရင်တော့ ပန်းတိုင်ကို ရောက်မယ်ပေါ့၊

လမ်းကြောင်းရှိနေလျင် လျောက်သာလာခဲ့၊ ကားမတွေ့လဲ ခြေလျင်ခရီးလျောက်ခဲ့၊  ( ၂ ) နာရီကြာအောင် လျောက် ရမယ့်ခရီးကို   နှစ်နာရီကြာရင် ရောက်နိုင်မှာပါ၊ ၀ီရိယစိုက်ပြီး ခပ်သွက်သွက်လျောက်ရင် မြန်မြန် ရောက်နိုင်မှာပါ၊ ချွင်းချက် အနေနဲ့ ပြန်လှည့်ပြီး မသွားဖို့၊  ရပ်ပြီးလဲ မနေဖို့တော့ လိုအပ်ပါမယ်၊ ဆက်လျောက် လာရင် လမ်းဆုံးတော့ ပန်းတိုင် ရောက်ပါလိမ့်မယ်၊ အဲဒီလိုပဲ ကျင့်စရာရှိတာ ဆက်ပြီး ကျင့်မယ် ဆိုရင် အဆုံးမှာ အောင်ပွဲရယူနိုင်မှာပါ။

လမ်းစဉ် နှင့် မျှော်လင့်ချက်

လူတစ်ချို့ကတော့ သမထယာနိက ၊ ၀ိပဿနာယာနိက ဆိုပြီး ခွဲခြားပြောကြတာတွေ ရှိတယ်၊ လမ်းကြောင်းကို လျောက် တဲ့အခါမှာ ကိုယ်က ဘယ်လမ်းကြောင်းကို ယူမလဲ၊ နှစ်သက်သလဲ ဆိုတာ ရွေးရပါမယ်၊ ကုန်းကြောင်း လျောက်သွား ချင်တာလား၊ ကားစီးသွားချင်တာလား စသဖြင့် ရွေးချယ်ပြီးမှ လမ်းစဉ်ကို လိုက်သင့်ပါတယ်၊

ဘယ်အရာမဆို ပုဗ္ဗပယောဂ experience ဆိုတာလိုအပ်ပါတယ်၊  လုပ်ခဲ့ဖူးလျင် လွယ်တယ် ၊ မလုပ်ခဲ့ဖူးလျင် ခက်တယ် ပေါ့၊ သမထ ဆိုတာကတော့ ချမ်းသာ လွယ်ကူတဲ့လမ်းမို့ စိုစိုပြေပြေ ရှိတယ်လို့ ဆိုနိုင်ပြီး ၀ိပဿနာကတော့သွေ့ခြောက် ပျင်းရိစရာ ကောင်း လှပါတယ်၊ ရုပ်နာမ် ဖြစ်ပျက်ကို အမြဲတမ်း ရှုမြင်နေရတော့ အာရုံတွေကို မခံစားချင်တော့ပဲ ငြီးငွေ့နေတာကြောင့် ပျော်ရွှင်မှု မခံစားရဘူး၊ သို့သော်လည်း အထက်ပိုင်း အဆင့်မြင့်သွားလျင်တော့ သူလဲ ငြိမ်းချမ်းပြီး ပျော်ရွှင်စရာ ကောင်းလာတတ်ပါတယ်။

ပါရမီလည်း ရှိ၊ တရားထူးလဲ ရနိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘက်က ပြည့်စုံသင့်တာတွေက အများသားကလား၊ ပထမဆုံး တိဟိတ် ပဋိသန္ဓေ ဆိုတဲ့ မဟာကုသိုလ် ဥာဏသမ္ပယုတ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်တည်လာတဲ့ မဟာဝိပါတ် ဥာဏ သမ္ပယုတ်စိတ် ဖြစ်ဖို့ လိုအပ်ပါတယ်၊ အဲဒီကမှ တဆင့် အနုစိတ် ခွဲခြမ်းပြန်တော့ အလောဘဟိတ်၊ အဒေါသဟိတ် ၊ အမောဟဟိတ် ဆိုတဲ့ကုသိုလ်စိတ်တွေလဲ ပြည့်စုံရပါမယ်၊ အဓိကကတော့ အမောဟ ဆိုတဲ့ ပညာက ပဋိသန္ဓေမှာ မရှိ မဖြစ် လိုအပ်ပါတယ်၊

အခြေခံ source ဖြစ်တဲ့ ဥာဏ်ရည်ဥာဏ်သွေး IQ က ပါလာပါမှ ဒီဘ၀မှာမျှော်လင့်နိင်ပါတယ်၊ မြန်မာစကားမှာ နဂို ရှိမှ နဂိုင်း ထွက်တယ် ဆိုတာမျိုး၊ ၀ မရှိပဲ ၀ိ- မလုပ်လို့ မရနိုင်သလိုပေါ့၊  အခြေခံ တိဟိတ် ပဋိသန္ဓေ အိုင်ကျူမကောင်း ရင် တော့ မလွယ်ပေဘူး၊ အမောဟဆိုတဲ့ ပညာမပါပဲ ဒွိဟိတ် ပဋိသန္ဓေ၊  အဟိတ် ပဋိသန္ဓေတွေ ဖြစ်နေရင်တော့ ဒီဘ၀မှာ မပေါက်ရောက်နိုင်ဘူး၊ ဆိုလိုတာက အဆင့်အတန်းမြင့်မြင့်ထိ မရောက် နိုင်ဘူး၊ သို့သော် အလကား အလဟဿ ဖြစ်သလား ဆိုတော့ ဖြစ်မသွားပါဘူး၊ သူကြိုးစားသ လောက် တော့ ရောက်သွားမယ်၊

မျိုးစေ့ကိုက မကောင်းရင် အပင်လဲ မသန်နိုင်ဘူး ဆိုသလိုပေါ့၊ ပင်ကိုယ်ဓာတ်ခံ ညံ့နေသူများအတွက်တော့ အထက်တန်းကို တက်လှမ်းဖို့ ခက်ခဲတတ်ပါတယ်၊ ဒါဟာ အားငယ်စရာလား ဆိုတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြရရင် ဖားနတ်သားအကြောင်းကို ပြောရပါလိမ့်မယ်၊ ဖားကလေးတကောင် မြတ်စွာဘုရားတရား တော်ကို နာယူနေတာ ဘာမှန်းတော့ နားမလည်ဘူး၊ အသံတော်ကိုပဲ အာရုံပြုနေတာ၊  ဒီအချိန်မှာ နွားကျောင်းသားလက် ချက်နဲ့ သေရရှာတယ်၊ ဖားဘ၀မှာတော့ အဟိတ်တိရိစ္ဆာန်ဖြစ်ပြီး ပဋိသန္ဓေစိတ်က ညံ့နေသည့်အတွက် တရားထူးမရခဲ့ဘူး၊ သို့သော်လည်း ဒုတိယဘ၀မှာ တရားကို အာရုံပြုကာ သေရတာ ကြောင့် နတ်ပြည်ရောက်ပြီး ဖားနတ်သားဘ၀နဲ့ တိဟိတ်ပဋိသန္ဓေပြည့်စုံလေတော့ တရားပြန်နာ ရင်း သောတာပန် ဖြစ်သွားရတယ်၊ ဒါကြောင့် တကယ် ကျင့်မယ် ဆိုရင် အခြေခံကောင်း ရှိနေသူတိုင်း ပေါက်ေ ရာက်နိုင်သေး တယ် လို့ ယူဆမိတယ်။

ပြည့်စုံသင့်သည့် အချက်များ

၁။ ပဋိရူပဒေသ၀ါသ ( ရာသီဥတု၊ အစားအစာ၊ အတူနေသူအချင်းချင်း စသည်အားဖြင့် ညီညွတ်မျှတကာ စိတ်ချမ်းသာ၊ ရွှင်ပြဖို့ လိုအပ်ခြင်း၊ )
၂။ သပ္ပုရိသူပနိဿယ - အနေနဲ့ သူတော်ကောင်း ဆရာများကို အမှီပြုကာ ဆည်းကပ်တယ်ဆိုရာမှာ ဆရာဘက်က ချို့ယွင်းချက်၊ တပည့်ဘက်က ချို့ယွင်းချက် ဆိုပြီး ရှိတတ်ပါတယ်၊ မြတ်စွာဘုရားရှင် အနေနဲ့ကတော့ ဆရာဘက်က ချို့ယွင်းတယ် ဆိုတာမရှိပေမယ့် ကိုယ့်ဘက်က လိုအပ်နေလျင်လဲ မရရှိပဲ ကြန့်ကြာနေတတ်ပါ တယ်။

၃။ သဒ္ဓမ္မဿဝန - သူတော်ကောင်းတို့ တရားကို နာကြားခြင်း ဆိုရာမှာလည်း မြတ်ဘုရားက ရွှေပန်းထိမ် သည်သားကို ပေးတဲ့ ကမ္မဋ္ဌာန်း လို ကိုယ့်ဘက်က လိုအပ်ချက်နဲ့ သူ့ဘက်က ပေးတာ အချိန်ကိုက် ဖြစ်ဖို့ လိုအပ်ပါသေးတယ်၊ ကိုယ့်ဘက်က နာယူထားသော တရားတော်များလေလေ ဒီလမ်းစဉ် မှားသလား မှန်သလား၊ ယုတ္တိကျသလား မကျဘူး လား  ဆိုတာကို ကိုယ်တိုင် ဝေဖန် ဆုံးဖြတ်နိုင်သော အသိပညာများ တိုးလာသည့်အတွက် လမ်းမှားမရောက် နိုင်တော့ ပါဘူး။

၎။ ဓမ္မာနုဓမ္မပဋိပတ္တိ - မြတ်စွာဗုဒ္ဓ ဟောထားခဲ့သည့် သတိပဋ္ဌာန်၊ မဂ္ဂင်လမ်းစဉ်များအတိုင်း လမ်းမှန်ကို လိုက်ကာ ကျင့်ကြံပါမှ မျှော်လင့်နိုင်သော အရာလည်း ဖြစ်ပါတယ်။

၅။ ပါပမိတ္တ၊ မိတ်ကောင်း ဆွေကောင်းဟာလဲ သိပ်ပြီးတော့အရေးကြီးပါတယ်၊ ကိုယ့်မှာ အခြေခံကောင်းတွေ ရှိထား သော်လည်း မိတ်ဆွေကောင်းနဲ့ မတွေ့ရင် လမ်းမှားသွားနိုင်တယ်၊ ဒီနေရာမှာ အတွင်းအကြောင်း internal source တွေ ပြည့်စုံထားသော်လည်း external condition ဆိုတဲ့ ပြင်ပအကြောင်းတွေနဲ့ ပေါင်းမိဖို့ လိုအပ်နေပါသေးတယ်၊  အဲဒီလို အတွင်း အကြောင်း၊ အပြင်အကြောင်း နှစ်ခုပေါင်းမှ အကျိုးတရားဆိုတာ ထွက်လာရမှာပါ။

မိတ်ဆွေဆိုတာ ပေါင်းရုံသက်သက်မဟုတ်ပဲ ဆရာတင်တာကိုလဲ ယူနိုင်ပါတယ်၊ ဆိုပါစို့ တရားအားထုတ် လိုသူအတွက် မှန်ကန်တဲ့ နည်းလမ်းကို မပေးပဲ မှားမှားယွင်းယွင်း နည်းလမ်းကို  ပေးမိတာကိုလည်း သတိထားကြရမှာပါ၊  အဲဒီလို ပါပမိတ္တနဲ့ ပေါင်းမိလို့ မလုပ်သင့်တာတွေ လုပ်မိသွားလျင် ကိုယ့်ရဲ့ အခြေအနေ ကောင်းတွေဟာ ပျက်စီးသွား တတ်ပြန်တယ်။

ဥပမာအနေနဲ့ အားလုံးသိကြတဲ့ အဇာတသတ်ဘုရင်ကြီးဟာ သောတာပန်ဖြစ်ဖို့ အတွင်းအကြောင်း ပဋိသန္ဓေပြည့် စုံပြီးသား ဆိုသော်လည်း လူမိုက်နဲ့ ပေါင်းမိတော့ မလုပ်သင့်တာတွေ လုပ်မိပြီး ရှိပြီးသား အခြေအနေကို ဖျက်ဆီးပစ် လိုက်တာ သနားစရာသိပ်ကောင်းလှတယ်၊ နောင်တစ်ချိန်မှာ သာမညဖလသုတ် တော်ကို နာယူရပေမယ့် ပိတုဃာတက ကံကြီးကို ကျူးလွန်ထားလေတော့ သူ့သန္တာန်မှာ အခြေအနေကောင်းက ဖျက်ဆီးထားပြီ၊ ဒီဘ၀အတွက် မျိုးစေ့က ပျက်ဆီး သွားတယ်လို့ ဆိုရမယ်ပေါ့၊ ဒါဟာ ပါပမိတ္တကြောင့် ဆုံးရှုံးရတာပါ။

၆။ ကိရိယာ ပရိဟာနိ -ဆိုတာ လုပ်သင့်တာကို မလုပ်ပဲနေပြီး အချိန်ကုန် ခံနေတာကို ဆိုလိုတယ်၊
လူတွေ တော်တော် များများဟာ အခြေအနေကောင်းတွေ ပါလာခဲ့တာများပါတယ်၊ ရှေးကံတွေ ကောင်းခဲ့ကြလို့ ပြည့်စုံတဲ့ ဘ၀မှာ ရောက်နေကြသော်လည်း ၀ီရိယမရှိပဲ ပျင်းနေကြလို့၊ ဇွဲမကောင်းကြလို့ နောက်ပြီး ဖြစ်ချင်တဲ့ စိတ်ဆန္ဒ အားနည်းနေလို့ အဓိပတိမတပ်လို့ မဖြစ်မြောက်တာ များနေကြတာပါ၊

လုပ်ရမယ့်အလုပ်ကို လုပ်ဆောင်မှုမရှိတာ၊ လစ်ဟင်းတာကတော့ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ ဘယ်အလုပ်မဆို အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားတဲ့ ဒီဂရီ degree ဆိုတာ ရှိပြီးသားပါ၊ အချို့ တိဟိတ်ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိနိုင်ပါတယ်၊ အများကြီးလည်း ရှိနိုင်တယ်လို့ ထင်မိပါတယ်၊  သို့သော်လည်း လုပ်သင့်တဲ့ အလုပ်ကို မလုပ်ကြဘူး၊ လုပ်ပြန်တော့လဲ ဇွဲမရှိပဲ နောက်ဆုတ် နောက်ဆုတ်သွားကြတော့ degree မပြည့်မှီသေးဘူးပေါ့၊

ကျမ်းဂန်များမှာတော့ မီးပွတ်ယောကျာ်း နဲ့ ဥပမာပေးကြတယ်၊ ရှေးခေတ်က  သိပ္ပံပညာမထွန်း ကားသေးတော့  မီးပွင့်လေးတွေ ရလာဖို့ သစ်သား နှစ်ချောင်းကို အချင်းချင်း ပွတ်ရတယ်၊ မီးပွင့်လေးပေါ်လာမှ ၀ါဂွမ်းလေးနဲ့ တို့ယူရတယ်၊ ပွားရတယ်၊ အဲဒီ မီးပွတ်ယောက်ျားဟာ ပွတ်လိုက်တာ၊ အားစိုက်ပြီး ပွတ်တယ်၊ ၀ီရိယထည့်ပြီး ပွတ်တယ်၊ ပွတ်တာ ကြာပြီး မောလာတော့ နားနေပြန်ရော ၊ နောက်တစ်ခါ ပြန်ပွတ်တယ်၊ မောတော့ နားထားပြန်တယ်၊ ဒီလိုနဲ့ ပူလာခါနီး မီးပွင့်ခါနီးမှ ခဏနားလိုက်ဦးမယ် ဆိုပြီး နားနေတော့ အေးအေး သွားပြန်တယ်၊ ဒီလိုပါပဲ တရားအားထုတ်ကြတဲ့ သူများဟာလဲ ရခါနီးကျလျင် ပြန်ပြန်လျှော့ထား လိုက်ရင်းနဲ့ အသစ် အသစ်ပဲ ပြန်ဖြစ်သွားတယ်၊ ဇွဲကောင်းဖို့ သိပ်လိုတယ်လို့ ဆိုရပါမယ်၊

နောက်တစ်မျိုးအနေနဲ့ ခြေလှမ်းပေါင်း ( ၅၀၀၀ )  လှမ်းမှ ရောက်ရမယ့်ခရီးကို အလှမ်းငါးထောင် မပြည့်သေးပဲ ရပ်ရပ် ထားလေတော့ အသစ်အသစ် တာထွက်နေရာကပဲ ပြန်စရသလို ဖြစ်နေပါတယ်၊ တောင်ထိပ်ကို တက်လှမ်းသူဟာ ကုန်းလျောကို  ဆင်းသူတွေလောက်တော့မလွယ်ကူသလို ရေစုန်ကို မျှောလိုက်ရတာ လွယ်ကူသော်လည်း ရေဆန်ကို ဖြတ်ကူးဖို့ကျတော့ ဇွဲကောင်းဖို့ ၀ီရိယရှိဖို့ သတိ သမာဓိအားကောင်းဖို့ လိုအပ်နေပြန်တယ်။

ဒါကြောင့် မကောင်းမှုကို ပြုတယ် ဆိုတာ ရေစုန်လမ်းကို မျှောလိုက်ရသလို လွယ်ကူတာကြောင့် လူတိုင်းမှာ  အခြေအနေ ကောင်း များ ရှိနေသော်လည်း ကိရိယာပရိဟာနိ - ဆိုတဲ့ လုပ်သင့်တာတွေကို လွှတ်ထားမိ လေတော့ ကမ်းကို မတက်နိုင်ပဲ ဖြစ်ေ နကြပါ တယ်၊ သတ်မှတ်ထားတဲ့ degree ကို မပြည့်သေးဘူး ဆိုလျင်တော့ failure of action ဖြစ်ပြီး ဆက်လက် ကူးခတ်နေကြရဦးမှာပါ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ စာရေးသူအပါအ၀င် အားလုံးဟာ အချက်အလက်တော်တော် များများ လိုအပ်နေ သေးတာ သတိထားမိတယ်၊  ဆရာသမားကောင်းကောင်း၊ နည်းမှန်လမ်းမှန်၊ ကုသိုလ်ကောင်းမှုတွေ မပြတ်တိုက်တွန်း နေတတ်တဲ့ မိတ်ဆွေကောင်းနဲ့ လုပ်သင့်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်မိစေဖို့ လိုအပ်ပါလိမ့်မယ်။
  
ဒီလို အတွင်း အပြင် အကြောင်းတရားတွေ အားလုံးပေါင်း ဆုံမိပြီ ဆိုလျင်တော့ energy of mind စိတ်စွမ်းအား တွေတိုးပွားလာပြီး မီးပွင့်လာမှာ မလွဲဧကန်ပါပဲ၊ energy ဆိုတာ တစ်ခုနဲ့ တစ်ခုပေါင်းမှ ဖြစ်ပေါ်လာတတ်တာ မဟုတ်လား၊ တစ်ခုထဲနဲ့တော့ မရနိုင်ဘူးလေ၊ဒါကြောင့်ပါရမီဆိုတာကိုစဉ်းစားမနေပဲလမ်းကြောင်းအတိုင်းမှန်မှန်လျောက်နေဖို့သာအဓိကမို့ လျောက်ဖြစ်အောင် လျောက်ကြပါစို့ ဟူ၍ အားပေးတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

စာညွှန်း။ ။ အဂုင်္တ္တိုရ်ပါဠိတော်နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဓမ္မရေး ရာ အမေးအဖြေများမှ ကိုးကားဖော်ပြပါသည်။

မေတ္တာဖြင့် -
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.3.Sep.2011










Thursday, September 1, 2011

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား  ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -
                 အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက်ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး   ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ   မြွေလိမ်   မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ  မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး  မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း  ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။
  
သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ်။  ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

 အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်
  
ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့
 ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။

 ၂ ။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။  စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင်သွားသော်လည်း ပြိုမကျ ။

 ၄။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

 ၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။

 ၆။  အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင်  ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။

၇။  ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် )  စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။

၈။  လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။

 ၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

 ၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

 ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁