Saturday, February 6, 2010

အနော်ရထာမင်းကြီး၏ ကောင်းမှု့တော် စွယ်တော်စေတီများ

ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တော်မူသော အနော်ရထာမင်းကြီးသည် စွယ်တော်စေတီ (၄)ဆူကို သစ္စာအဓိဌာန်ပြုကာ တည်ထားခဲ့သည်။ ထိုစွယ်တော်မြတ် လေးဆူမှာ-

(၁) ရွှေစည်းခုံစေတီတော်
(၂) တန့်ကြည်တောင်စေတီတော်
(၃) တုရင်တောင်စေတီတော်
(၄) လောကနန္ဒာစေတီတော် တို့ဖြစ်သည်။

အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ကား " ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ် လေးဆူကို အကြင်သူသည် နောက်နေ့ မကူးနေ့ချင်း ဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား၊ မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည့်သူအား မကြာချက်ချင်း၊ လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း " ဟူ၍ ဖြစ်ပါသည်။
ဖော်ပြပါ အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ပြုခဲ့သည့် ဆိုရိုးစကားအတိုင်း ယခုအခါ ပုဂံဘုရားဖူး ခရီးသည်တို့သည် ပုဂံတစ်ဝိုက်ရှိ စွယ်တော်စေတီ (၄)ဆူကို ကြိုးစား၍ နေ့ချင်းဖူးမျှော်လေ့ရှိကြပါသည်။

ရွှေစည်းခုံစေတီတော်

အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄ နှစ်မြောက်၊ သက္ကရာဇ် ၃၉၃ ခုနှစ်တွင် သီဟိုဠ်ကျွန်းသို့ တမန်စေလွှတ်၍ စွယ်တော်ပွားတစ်ဆူကို ပင့်ဆောင်စေသည်။ သီဟိုဠ်ဘုရင် ဓာတုသေန မင်းကြီးသည် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားတစ်ဆူ ကိုပေးအပ်ခဲ့ရာ အနော်ရထာဘုရင် ကြီးမှာ များစွာ နှစ်ထောင်းအားရ ရှိတော်မူလေသည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံနေပြည်တော်၌၏ အရှေ့မြောက် အရပ်တွင် ထိုဗုဒ္ဓစွယ်တော်ပွားကို ဌာပနာ၍ ရွှေစည်းခုံ စေတီတော်ကို တည်တော်မူသည်။

စေတီတော်မပြီးမီ အနော်ရထာမင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်သော သားတော် ကျန်စစ်သားမင်းကြီးက ဆက်လက်၍ တည်တော်မူခဲ့ရာ သက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

တန့်ကြည်တောင်စေတီတော်

ပုဂံမြို့ တစ်ဘက်ကမ်း တန့်ကြည်တောင်ထိပ် ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်(၇၀) ၀ါတော်(၃၅)၀ါတွင် ဒေသစာရီ ကြွချီတော်မူ ခဲ့သော တောင်ထူး တောင်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ဒေသစာရီကြွချီ တော်မူစဉ် ရပ်တန့်၍ ကြည့်ရှုတော်မူရာ တောင်ထိပ်ဖြစ်သော ကြောင့် တန့်ကြည်တော် ဟု အမည်တွင်ခဲ့သည်။

အသောကမင်း တရားကြီးက စေတီပေါင်း ရှစ်သောင်း လေးထောင် တည်ခဲ့ရာတွင် တန့်ကြည်တော်ထိပ်၌ စေတီတော် တစ်ဆူတည်ခဲ့သည်ဟု အဆိုရှိသည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည်လည်း ရှင်အရဟံ မထေရ်မြတ်၏ တိုက်တွန်း နိုးဆော်ချက်အရ သီဟိုဠ်မင်းထံမှ ရရှိသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၆ ခုနှစ်တွင် ထိုစေတီတော်ကြီး၌ပင် ထည့်သွင်းဌာပနာ၍ ပြုပြင်တည်ထား တော်မူသည်။ သက္ကရာဇ် ၃၉၇ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် ရွှေထီးတော် အသစ် တင်လှူ ပူဇော်ခဲ့ပါသည်။

လောကနန္ဒာစေတီတော်

သီရိပစ္စယာမြို့၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းနဖူးတွင် တည်ရှိသည်။ လောကနန္ဒာ စေတီတော်မှာ အနော်ရထာမင်းကြီး၏ ကောင်းမှုတော်များတွင် အထူးခြားဆုံး စေတီတော် ဖြစ်ပါသည်။ သီဟိုဠ်ကျွန်း မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘောဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တစ်ဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက သက္ကရာဇ် ၃၉၄ ခုနှစ်တွင် တည်ထား ခဲ့ခြင်းဖြစ်သည်။

ထို လောကနန္ဒာစေတီတော်ကြီး၏ အာရုံခံ တန်ဆောင်း အနောက်ဘက်တွင် သမိုင်းအတွက် အရေးပါသော ကျောက်စာနှစ်ချပ် ရှိသည်။ တစ်ချပ်မှာ သက္ကရာဇ် ၅၆၉ ခုနှစ်တွင် ရေးထိုး၍ နောက်တစ်ချပ်မှာ သက္ကရာဇ် ၅၉၂ ခုနှစ် တွင် ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

တုရင်တောင်စေတီတော်

ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။ ပုဂံမြို့နယ်နိမိတ် အ၀င်ကတည်းက ထင်ရှားစွာ မြင်တွေ့ရပါသည်။ သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၃ ခုနှစ်တွင် အနော်ရထာမင်းက တည်ထားခဲ့ခြင်း ဖြစ်သည်။ တုရင်တောင် စေတီတော်ကို ဖူးမြော်ရန် လမ်းနှစ်သွယ်ရှိရာ ပထမလမ်းမှာ တောင်ပရွာဇရပ်မှ ယာခင်းများကို ဖြတ်၍ တောင်ပေါ် ကျောင်းကိုပတ်ပြီး တက်သွားသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ တောင်ပရွာဇရပ်မှ အလွန်လမ်းညွှန် ဆိုင်းဘုတ်အတိုင်း လိုက်သွားရသော ကားလမ်းအတိုင်း မောင်း၍ သွားရောက် ဖူးမြော်နိုင်ပါသည်။

အောင်မြေ ဘလော့မှ ပြန်လည်မျှဝေပါသည်။

Wednesday, February 3, 2010

ရဟန်းသံဃာ မရှိသော အရပ်ဝယ် -

ဟိုတနေ့က နော်ဝေ နိုင်ငံက ဒကာမတဦးက မေးလျောက်လာပါတယ်။ တစ္ဆေ သရဲ ဖုတ် ပြိတ္တာ မှင်စာ စတဲ့ မကောင်းဆိုးဝါးတွေက ၀င်ပူး နှောက်ယှက်ပြီး၊ ခြောက်လှန့်တာ ခံနေရပြီ ဆိုရင် မိန်းကလေးတွေနဲ့ ကလေးတွေကိုသာ ၀င်ပူးကြပါတယ်၊ တကယ်လို့များ အဲလို အန္တရာယ် ကြုံခဲ့ရလို့ ရဟန်းသံဃာ မရှိတဲ့ အရပ်မှာ ဆို ဘယ်လို ဖြေရှင်းရမလဲ တဲ့။

တကယ် သိသင့်တဲ့ မေးခွန်း၊ လိုအပ်နေတဲ့ မေးခွန်းလေးမို့ စာရေးသူက ချက်ချင်းပဲ အဖြေပေးခဲ့ပါတယ်။ အမှန်က အများစု မိန်းကလေးတွေ ကလေးတွေ ရဲ့ ဟဒယ၀တ္ထုရုပ် ဆိုတဲ့ နှလုံးသားက နုနယ်တဲ့ အတွက် ပရလောက က ၀ိဥာဏ်တွေက ၀င်ပူးရတာ လွယ်ကူတဲ့ အကြောင်းကို စာရေးသူရဲ့ မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ ပိုစ့်မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးထားတာရှိပါတယ်။ အထူးသဖြင့် ၀မ်းနည်းနေချိန်၊ စိတ်အားငယ်နေချိန်များမှာ ၀င်ပူးရတာ လွယ်ကူပါသတဲ့။

တစ်ဆက်ထည်း ဗုဒ္ဓဘာသာမှ မဟုတ်ပဲ ဘာသာတရား အားလုံးမှာ အခုလို ၀င်ရောက်ပူးတာ နှောက်ယှက်တာတွေ ရှိနေကြပါတယ်၊ ဒါပေမယ့် တခြားဘာသာတွေမှာတော့ နည်းလမ်းကို မသိကြပဲ အဆင်ပြေသလို သူတို့ စိတ်ကူးဥာဏ်တွေနဲ့ သာ ဖြေရှင်းနေကြရပါတယ်။

နည်းလမ်း အနေနဲ အနုနည်း အကြမ်းနည်း ဆိုပြီး ၂ မျိုးသုံးနိုင် ပါတယ်၊ ယခု သာသနာမှာ ရဟန်းသံဃာများ သုံးနေကြတာ ၂ မျိုးလုံး သင့်လျော်သလို သုံးနေကြဆဲပါ။ ပထမ နည်းအနေနဲ့ မေတ္တာပို့ပြီး ကုသိုလ်အဖို့ အမျှပေးဝေ ရပါမယ်၊ သင့်တော်၇ာ ဘုံဋ္ဌာန ကို လွတ်လွတ်ကျွတ်ကျွတ် သွားကြပါ ဆိုပြီး မေတ္တာရပ်ခံ ရပါမည်။
ကြမ်းဖက်လို့ မရပါဘူး၊

သိထားရမှာက သူတို့ ၀င်ပူးတာ က ပျော်ချင်လို့ ကျီစယ်တဲ့ အနေနဲ့ ၀င်ပူးတာ ရှိသလို အစာငတ်ပြီး စားချင်လွန်းလို့ ၀င်ပူးတာလဲ ရှိပါတယ်။ ကျီစယ်တာမျိုးက တကြိမ် နှစ်ကြိမ် လောက်သာ ဖြစ်လေ့ရှိပြီး အစာ တောင်းတာ ဆိုရင်တော့ ခဏတိုင်း ၀င်ပူးလေ့ရှိပါတယ်။ ဒါကြောင့် အစာတောင်းတာမျိုး မကြာခဏ ကြုံနေရပြီ ဆိုရင်တော့ အကြမ်းနည်းကိုပဲ သုံးပါ။
ဒီလို မေတ္တာပို့ပြီး အနုနည်းနဲ့ မရရင်တော့ အကြမ်းနည်း သုံးနိုင်ပါတယ်။

နည်းလမ်းအနေနဲ့ ရတနသုတ်၊ အာဋာနာဋိယသုတ်၊ မဟာသမယသုတ် နဲ့ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ တွေကို နေ့တိုင်း အချိန်မှန် ရွတ်ဖတ်ပေးနေရင် တန်ခိုးကြီးတဲ့ နတ် ဗြဟ္မာတွေက လာရောက် နာယူကြတာမို့ ဘုန်းကံမရှိတဲ့ အောက်တန်းစားနတ်တွေ ပရလောကက မကောင်းဆိုးဝါးတွေ အားလုံး မနေနိုင်ပဲ အဝေးကို ထွက်ပြေးကြရပါတယ်၊
သံဃာတော်တွေ ကတော့ ပရိတ်ရွတ် ပဗ္ဗာဇနိယ ကမ္မ၀ါစာ ဖတ်ပေးပြီး လက်ရှိအရပ်မှာ မနေနိုင်အောင် နှင်ထုတ်ကြရိုး ထုံးစံ ရှိပါတယ်။

ဗဟုဿုတ အတွက် သံဃာတော်တို့၏ အမိန့်တော် ပြန်တမ်း - -

ဥပမာ - ဒီအိမ် ( ဒီအရပ် ) မှာ နေထိုင်ကြတဲ့ သူတွေဟာ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေသူတွေ အမှန်စင်စစ် ဖြစ်ပါတယ်၊ ဒီ မှန်ကန်တဲ့ သစ္စာစကားကြောင့် လူကို မူးအောင် ဝေအောင် နှလုံးတုန်အောင် ပြုလုပ်နေသော တစ္ဆေ သရဲ သင်းကွဲပြိတ္တာ၊ မြေဘုတ်ဘီလူး၊ စုန်း ကဝေ မှင်စာ စသော ပရလောကမှ သတ္တ၀ါအပေါင်းတို့ သည် မိမိတို့နှင့် သင့်လျော်ရာ နေရာဋ္ဌာန သို့ သွားကြပါကုန်၊ ဤ အိမ်သူ အိမ်သားတို့အား မနှောက်ယှက်ကြပါကုန်လင့်၊ ဘုရား တရား သံဃာ ရတနာသုံးပါး၏ အမိန့်တော် - -- - --

လူသားတွေ အနေနဲ့ အမိန့်တော် ပြန်တမ်း ကို လုပ်လို့ ရနိုင်ပေမယ့် ဖြစ်နိုင်ရင် ရှောင်ကျဉ်တာက ကောင်းပါတယ်၊ တကယ်လို့ ကိုယ့်ကံကြမ္မာက နိမ့်ကျနေရင် အညိုးထားတဲ့ ပရလောကသားတွေက အသက်အန္တရာယ် ပေးတတ်ပါတယ်၊ ကိုယ်က ကံကောင်းနေပြန်ရင်လဲ ကိုယ့်နဲ့ စပ်ဆိုင်သူ ညီအကို မောင်နှမ မိဘ သွေးသားတော်စပ်သူ အားလုံးထဲက ကံနိမ့်သူ ကို ရန်ရှာတတ်ကြပါတယ်။ အနည်းဆုံးကိုယ့်ကို ကိုယ် စိတ် နှစ်ပါး ဆင်းရဲစေချင်နေကြပါတယ်။

ပရိတ်ရွတ်တာနဲ့ ပက်သက်ပြီး မြန်မာပြည်မှာ တုံးက ကျောင်းထိုင်ကာစ သူငယ်ချင်း ဘုန်းကြီးလေးတပါးရဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်၊ ရွာတရွာမှာ ဦးဇင်းလေးတပါး ကျောင်းထိုင်တာက မကြာသေးဘူး၊ တနေ့တော့ ၇ နှစ်လောက် ကိုရင်ငယ်လေးတပါး ရူးသလိုလို နှမ်းသလိုလို ဖြစ်ပြီး အခြားကိုရင်တွေကို နည်းမျိုးစုံနဲ့ ဆဲဆို နေတာ ဘယ်လိုမှ ဖြောင်းဖြလို့ မရတဲ့ အခြေအနေပေါ့၊ ပါးစပ်ကလဲ သွားရည်တွေ ယိုစီးကျနေတယ်၊

နောက်ဆုံး ဘုန်းကြိးလေးကလဲ ကြံရာမရတဲ့ အဆုံး - -- ကဲ လာကြ စမ်း၊ ကျောင်းသား ကိုရင်တွေ အားလုံး၊ ဒီကိုရင်ငယ်ကို ၀ိုင်းရံပြီး ထိုင်နေကြ၊ ပြိးတာနဲ့ ပရိတ်ကြီး ၁၁ သုတ် အကုန်ရွတ်ကြကွာ၊
ဆိုပြီး ကိုယ်တိုင်လဲ ၀င်ထိုင် ရွတ်လိုက်တယ်၊

ဘာပြောကောင်းမလဲ - ဘုန်းကြီး ကျောင်းသားတွေ ကိုရင်တွေ ဆိုတာကလဲ ဘုရားရှိခိုးတိုင်း ရွတ်နေကြ ဆိုတော့ အားရပါးရ ရွတ်လိုက်ကြတာ အစ ပထမ မင်္ဂလသုတ်လောက် တော့ မသိသာသေးဘူး၊ ရတနသုတ်လဲ ရောက်ရော ၀င်ပူးခံနေရတဲ့ ကိုရင်ငယ်လေးက ရှူးရှဲ ရှုးရှဲ ဖြစ်နေပြီ၊ အခြေအနေက နည်းနည်း ထူးခြားလာတယ်ပြောရမယ်။ နေရ ထိုင်ရတာ ခက်ခဲနေပုံပါပဲ၊

အာဋာနာဋိယ သုတ်လဲ ရောက်ရော - - အသံကုန်အော်ဟစ်ပြီး -
မရွတ်ပါနဲ့တော့ - ထွက်သွားပါ့မယ်၊ နောက် မနှောက်ယှက်တော့ပါဘူး - တဲ့။
ဒါနဲ့ ကိုရင်တွေလဲ အလန့်တကြား ရပ်လိုက်တယ် - -

သူငယ်ချင်း ကျောင်းဘုန်းကြီးလေးက -
အေး မင်း ဘယ်သူလဲ အမှန်အတိုင်းပြောပါ - ဆိုတော့ တပည့်တော်က ဒီကျောင်းဝိုင်းထဲက မန်းကျည်းပင်မှာနေတဲ့ ရုက္ခစိုးပါ၊ တဲ့ ၊

ငါ့ကျောင်းမှာ နေပြီး ဘာကြောင့် ကိုရင်လေးကို လုပ်ရတာလဲ - -
သူက ဒီ မန်ကျည်းပင်ကို လေးခွ နဲ့ ပစ်လိုက်လို့ တပည့်တော် ကလေးတယောက် ၀မ်းဗိုက်ကို မှန်ပြီး ဒဏ်ရာ ရသွားပါတယ် တဲ့ ၊

လေးခွ ဆိုသည်မှာ ( အညာဒေသမှာတော့ ဘတ်ခွ လို့ ခေါ်ပါတယ်၊ စာဖတ်သူများ မြင်ဘူးကြမယ် ထင်တယ်၊ သစ်သားနဲ့ သားရေပင် ကို အသုံးပြုပြီး လောက်စာလုံး ထည့် ပစ်ရတာမျိုးပါ ၊ အခန့်မသင့်ရင် လူကို တောင် သေစေနိုင်ပါတယ် )
ဒါကြောင့် သူ့ကိုလဲ ကလဲ့စားချေပါရစေ ဆိုပြီး လျောက်ထားတယ်၊

အောင်မာ - အဲဒီ ကိုရင်လေးက ငါ့ တပည့် ဆိုတော့ ငါ့ရဲ့ သားသမီးပဲ၊ ဒါကြောင့် ငါက မပေးနိုင်ဘူး၊ ခွင့်လဲ မပြုနိုင်ဘူး၊ မင်းကိုသာ အခုလို နောင်မှာ လုပ်နေအုံးမယ် ဆိုရင် ငါ့ကျောင်းဝင်းထဲ မနေခိုင်းပဲ နှင်ထုတ်ရလိမ့်မယ်၊ ကြိုက်တဲ့ နေရာသာ သွားနေပေတော့ -
လို့ မာဆတ်ဆတ် ပြန်ပြောလိုက်မှ - -

တင်ပါ့ နောင် မလုပ်တော့ပါဘူး ဘုရား၊ ရှောင်ကျဉ်ပါ့မယ် တဲ့။

ကဲ ဒါကတော့ ပရိတ်ရွတ်ဖတ်ခြင်း အကျိုးကျေးဇူးလေးပါ၊ ဒီလောက်ဆို ဘာလုပ်ရမယ် ဆိုတာ ပြည့်စုံလုံလောက်ပြီ ထင်ပါတယ်၊ ဒါကြောင့် ရဟန်းသံဃာ မရှိတဲ့ အရပ်မှာလည်း ကိုယ့်ဥာဏ်ကို လွှာပြီး အသုံးချတတ်ကြပါစေ - - လို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

Monday, February 1, 2010

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား ဘုရား ။

ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။
ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။

ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ဟာ…..မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။
ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့
ရေတွက်မထားတာလဲ ။

ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။

ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ဗုဒ္ဓကမသိလို့မဟုတ်ဘူးသိတယ်။ဒါပေမယ့်ဒကာကိုယ်တိုင်
တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလိုဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်
လောက်အဆင့်သာရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း လူစာရင်းမသွင်းတဲ့ အတွက် တကူးတက ထည့်မဟောခဲ့တာ ။

အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။

ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။

မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ-စာ-၁၈၇

Saturday, January 30, 2010

ယောကျာင်္းဘ၀ ရလိုသော် ( ဆုံး )

နောက်တော့ ဒီဘာဝရုပ် ပြောင်းသွားတာကို ရှက်လွန်းလို့ သူငယ်ချင်းတွေ မသိအောင် ထွက်ပြေးပြီး တက္ကသိုလ်ပြည်က သူဋ္ဌေးသားတယောက်နဲ့ ရေစက်ဆုံလို့   သားသမီး ၂ ယောက် ရပြန်တယ် ၊  တနေ့မှာတော့ သောရေယျ ဘ၀က ငယ်သူငယ်ချင်းကို   တက္ကသိုလ်ပြည် ရောက်နေတာ တွေ့လိုက်တော့ သောရေယျ မြို့က သူဋ္ဌေး ဘယ်သူ ဘယ်သူတွေ အကြောင်းမေးမြန်းပြီး သူတို့ သားလေးရော ဘယ်မှာလဲ လို့ မေးလိုက်တယ်၊ ဒီတော့  သူငယ်ချင်း လုပ်သူက မပြောပါနဲ့တော့ကွာ ၊  သူ့မိဘတွေရော ငါတို့ရော  သေပြီ ထင်လို့ ရက်လည် ဆွမ်းသွပ်တွေတောင် လုပ်ပြီးသွားပါပြီ၊  ဆိုပြီး ၀မ်းနည်းပက်လက်နဲ့ ပြောပြရှာတယ်။
အမောင်   အဲဒီ သောရေယျ သူဋ္ဌေးသားဟာ ကျမ ပါပဲ၊
ဟယ် အရှင်မ ဘယ်လို ပြောလိုက်တာလဲ ၊ သွားစမ်းပါ၊ ကျနော်တို့ သူဋ္ဌေးသားက နတ်သားလေးလို ခန့်ညား တယ်၊ ဘယ်လို ဖြစ်နိုင်မလဲ ပေါ့။
အမောင်  အဲဒီ ရေချိုးသွားတဲ့ နေ့က အရှင်ကစ္စည်းမထေရ်ကို တွေ့လိုက်တယ် မဟုတ်လား၊
အင်း တွေ့မိပါတယ်၊ အဲဒါ ဘယ်လို ဆိုင်သလဲ အရှင်မ၊
ဆိုင်ပါသော်ကော၊ အဲဒီမထေရ်ကို ဒီလို ဒီလို စိတ်နဲ့ ပြစ်မှားမိလိုက်လို့  ယောက်ျားလိင်  ပျောက်ပြီး မိန်းမသားဘ၀ကို ရောက်နေတာပါ၊ လို့ သေချာရှင်းပြလိုက်တော့ ဟိုက တအံတသြနဲ့။
ဒါဆို  အဲဒီ မထေရ်ကို အရှင်မက မတောင်းပန်ဘူးလား၊  တောင်းပန်ရင် ပျောက်နိုင်ပါတယ်၊ ဆိုပြီး နောက်တော့ မထေ၇်ကို အိမ်မှာ ဆွမ်းပင့်ကပ်ပြီး - -
အရှင်ဘုရား  ဒိ အိမ်ရှင်မက အရင်က တပည့်တော် သူငယ်ချင်းယောကျာ်းလေးပါဘုရား။ သူက  အရှင်ဘုရား အပေါ်မှာ ဒီလို ဒီလို ပြစ်မှားမိခဲ့ ပါတယ်၊ ဒါကြောင့် အခုလို မိန်းမသားဘ၀ကို ရောက်နေရတာပါ။ အခု ၀န်ချ တောင်းပန်ပါတယ်။ သည်းခံစေချင်ပါတယ် ဘုရား ပေါ့။  
မထေရ်ကလဲ တေန ဟိ ဥဋ္ဌဟထ၊ ခမာမိ ဝေါ အဟံ -   ဒါဆိုလဲ ထပါတော့ ၊ ငါ  ခွင့်လွှတ်ပါတယ် လို့ မိန့်တော်မူလိုက်တယ်၊  ခမာမိ - ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကား ဆုံးတာနဲ့ ဘ၀ကလဲ အရင်လို ယောကျာ်းလေးလိင် ပြောင်းလဲ သွားတယ်။
ဒီတော့ တက္ကသိုလ်ပြည်က လက်ရှိ အိမ်သား ကလဲ  အမောင် ဒီကလေး ၂ယောက်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာမို့ မိဘ ပါပဲ၊ ဒီမှာပဲ နေပါ  တဲ့။
သောရေယျ သူဋ္ဌေးသားကတော့ ပါရမီတွေ ရင့်ကျက်ချိန် တန်လာပြီ လို့ ဆိုရပါမယ်၊ အမောင် သူများနဲ့ မတူပဲ  ထူးဆန်းတဲ့ ဘ၀အနေနဲ့  ပထမ ယောကျာ်းဘ၀၊ ဒုတိယ မိန်းမ ဘ၀၊ တတိယ ယောကျာ်းဘ၀ အနေနဲ့  ဖြစ်ရတာကို စိတ်ကုန်ပါပြီ၊ လူ့ဘ၀ကြီးကို ငြီးငွေ့လှပါပြီ၊ သာသနာ့ဘောင် ၀င်ပါတော့မယ်၊ ကလေးတွေကတော့  အရှင့်သား တာဝန်ပါပဲ ပြောပြီး   အားလုံး လွှဲအပ်ခဲ့တယ်။
အရှင်မဟာကစ္စည်း အထံမှာ ရဟန်းဝတ် ခဲ့ပေမယ့်  လူတွေက ဟိုးလေးတကျော် အုန်းအုန်း ကျွတ်ကျွတ် နဲ့  လိုက်လာပြီး အရှင်ဘုရား   အဖေဘ၀နဲ့ အမေဘ၀ က သားသမီး  ၄ ယောက်မှာ ဘယ်သားသမီးကို ပိုချစ်ပါသလဲ -  တဲ့။ 
ကုစ္ဆိယံ ၀ုတ္ထကေသု အာဝုသော -  ကိုယ်တိုင် ၀မ်းနဲ့ လွယ်ပြီး မွေးရတဲ့ ကလေးကို ပို ချစ်မိပါတယ် ဖြေရှာတယ်။

ဒီနေရာမှာ  ဖခင် မေတ္တာ နဲ့ မိခင် မေတ္တာ ဘယ်လို ကွာခြားတယ် ၊ နက်ရှိုင်းတယ် ဆိုတာကို သက်သေ အနေနဲ့ ထုတ်ဖော် သွားတာပါ၊ ဒါကြောင့်လဲ မိခင် မေတ္တာ ကို ဘယ်သူမှ တုနှိုင်းမမှီ နိုင်ဘူးလို့  မြတ်စွာဘုရားက ဟောကြားခဲ့တယ်။
လူတွေရဲ့ အုန်းအုန်း ကျွတ်ကျွတ် ဒဏ်၊ သတိ သံဝေဂစိတ်၊  အခြံအရံပရိသတ်တွေကို ရှောင်လွဲချင်လို့ တပါးတည်း သွား ရပ် ထိုင် လျောင်း  နဲ့ ၀ိပဿနာ ရှု့လိုက်တာ နောင်တချိန်မှာတော့ ရဟန္တာ ဖြစ်သွားခဲ့ ပါတယ်၊
နိဂုံးချုပ် အနေနဲ့  ကောင်းတဲ့ အာရုံ မကောင်းတဲ့ အာရုံတွေနဲ့ ရင်ဆိုင်ခဲ့ရရင် ကိုယ့်စိတ်ကို သတိတရား မလွတ်စေပဲ ထိန်းချုပ်လို့  လောကဓံတရားတွေကို ကြံ့ကြံ့ ခံနိုင်ပါစေ ၊ မြင့်မြတ်တဲ့ ယောကျားဘ၀ကိုလဲ ပိုင်ဆိုင်အောင် ကြိုးစားနိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။