Sunday, January 3, 2010

ပါရမီ ဖြည့်သူများ ( သို့ ) ဒါနသီရိလင်္ကာ အပိုင်း၂

မေတင် ရဲ့ လျောက်ထား မှု့များ

ဒေါက်တာ ဒေါ်သက်သက်နွယ် က သံဃာများအား လျောက်ထားစဉ်

ပရမာနံ ကမ္မံ ပါရမီ -

( မြင့်မြတ်သူတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်ပါပေ၏ )

ပရမာနံ အယံ ပါရမီ -

ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏၊

ဒီနှစ် ၂၀၀၉ ခုနှစ်မှာတော့ ပွင့်လင်းတဲ့ ပညာရေး ခေတ် ဖြစ်တာမို့ သံဃာ ဦးရေ ဟာ အဆမတန် များပြားလာပြီး ၀ါဆိုသံဃာ ၂၃ရ ပါး အထိ ရှိလာပါတယ်။ အရင်နှစ်တွေက များများစားစား လှူဒါန်းနိုင်ပေမယ့် ဒီနှစ်မှာတော့ သံဃာဦးရေ က များပြားလာတာမို့ ဒါနသီရိလင်္ကာအသင်း ရဲ့ မေလ ၁၁ ရက် လှူဒါန်းပွဲ မနက်ပိုင်းမှာ သံဃာအပါး ၁၅၀ ကျော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး နေ့ပိုင်း ၂ နာရီမှာတော့ ပရိဘောဂ အသုံးအဆောင် တန်ဖိုးတွေ မပါဘဲပညာသင်စရိတ် သက်သက် စာရင်းအရ စင်္ကာပူဒေါ်လာ ၅၆၀၀၀ နီးပါး အကုန်အကျခံသော လှူဒါန်းပွဲကို ကျင်းပဖြစ်ပါတယ်၊

၊အခမ်းအနားမှာ ဒါယကာမကြီး ၂ယောက်စလုံး က အသင်းရဲ့ အခြေအနေတွေ အခက်အခဲတွေနဲ့ ယခုကဲ့သို့ သာသနာကို ထောက်ပံ့ခွင့်၇တာ အလွန်ဝမ်းသာကြောင်း၊ အသက်ကြီးလာသော်လည်း ကျမ္မာရေး ကောင်းနေသ၍ အလုပ်လုပ်နိုင်သေးသမျှ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကျမ္မာရေး ကောင်းမွန်ဖို့ သားတော်တို့ ( ဦးဇင်းတို့ ) ဘက်မှ မေတ္တာပို့ပေးကြဖို့ လျောက်ထားပြီး အရင်နှစ်တွေကလောက် မလှူဒါန်းနိုင်တဲ့အတွက် ဒါယကာမကြီးတွေဟာ စိတ်မကောင်းပါဘူး လို့ ညည်းရှာပါတယ်၊

စာရေးသူ ကလဲ သံဃာ အားလုံးကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်၊

ဒါနသီရိလင်္ကာ အသင်းမှ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ စသည့် နိုင်ငံပေါင်းစုံမှ အသင်းသူ အသင်းသားတို့၏ နက်ရှိင်းသည့် သဒ္ဓါတရား ကို သံဃာအားလုံးကိုယ်စား လေးစားတန်ဖိုးထားပြီး ချီးကျူး သာဓုခေါ်ပါကြောင်း၊ အသင်းအနေဖြင့် အခက်အခဲ အမျိုးမျိုးကြားမှ အလှူငွေ ကောက်ခံရသည် ဟု သိရသောကြောင့် အသင်းကိုယ်စား အနစ်နာခံသည့် စိတ်ထားအတွက် ကြည်နူး ၀မ်းသာ ပီတိဖြစ်ရပါ ကြောင်း၊ အသင်းမှ လှူဒါန်းထောက်ပံ့လိုက်သည့် သံဃာ အများစုဟာ အတ္တတ္ထစရိယ၊ ဥာတတ္ထစရိယ၊ လောကတ္ထစရိယ ဆိုသော ဒေသနာအရ အစဉ်အတိုင်းဖြည့်ဆည်းရမှာဖြစ်ပြီး နောင်တချိန်တွင် အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် သာသနာ့ အာဇာနည်များ ဖြစ်လာမည် ဟု မျှော်လင့်နိုင်ကြောင်း၊ တနှစ်သာ မဟုတ်ပဲ နှစ်စဉ် ကုသိုလ်တိုးပွား အကျိုးများနေတာမို့ သံသရာအတွက်လဲ ရိက္ခာ ပြင်ဆင်ပြီးသား ဖြစ်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်။

နိုင်ငံများစွာ မှ အလှူရှင် ဒါယကာ ဒါယိကာမ များကလည်း မိမိတို့ လှူဒါန်းလိုက်သည့် သံဃာတော်များ၏ အကြောင်းကို သိရ၍ မုဒိတာပွား ၀မ်းမြောက်ကြရသည်လို့ ကြားသိရပါတယ်၊

တကယ်တော့ ယခုလှူဒါန်းနေတဲ့ ပုံစံက မြန်မာပြည်က ဘုရားပွဲတွေမှာ မဟာဒုတ် စာရေးတံမဲ နှိုက်ရသလိုပါပဲ၊ သံဃာများစွာထဲက ဘယ်ကိုယ်တော်နဲ့ ဘယ်နိုင်ငံက အလှူရှင်များ ရေစက်ဆုံမယ် ဆိုတာကြိုတင် မသိနိုင်ကြပါဘူး၊ ဒါက အလှူအတွက် ရင်ခုန်စရာ ကြိုတင်ပီတိ တနည်းအားဖြင့် ပုဗ္ဗစေတနာ ကို တိုးပွားစေပါတယ်။

တချို့ အလှူရှင်များကလဲ အဲဒီကတဆင့် မကုဋာရာမ မြန်မာကျောင်းမှာ သံဃာတွေ အများကြီး သီတင်းသုံးနေကြတယ် ဆိုပြီး သံဃာအများ ကို ရည်မှန်းပြီး အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လေ့ရှိကြပါတယ်၊

နိုင်ငံရပ်ခြားမှာ ယခုလို သံဃာတွေ အပါး ၂၀၀ ခန့် တစုတဝေးကြီး ဖူးမျှော်ကြည်ညိုခွင့် လှူဒါန်းခွင့်ရတာကလဲ အတိုင်းထက်အလွန် ၀မ်းသာကြည်နူးမှူ့ ကို ဖြစ်စေပါတယ် တဲ့။ ဘာပဲဖြစ်ဖြစ် ဒီလို ပီတိတွေဟာ ဒါနသီရိလင်္ကာအသင်းကနေ ကူးစက် ထွန်းညှိပေးလိုက်တာ ဆိုရင် မမှားပါဘူး၊

အမှတ်တရ အနေနဲ့ အသင်းဥက္ကဋ္ဌ ဒါယကာမကြီး မေတင် ရဲ့ ၂၀၀၆ ခုနှစ်က ရေးသားခဲ့တဲ့ စာလေးက သူ့စေတနာ နဲ့ အသင်းရဲ့ အနေအထားကို ထင်ဟပ်စေတာမို့ အရှိအတိုင်း ဖော်ပြလိုက်ပါတယ်၊

ယူလိုက်က ကြိုက်တယ် ထင်

ယခု ၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် ဒါနသီရိလင်္ကာအသင်းသည် ၉ နှစ်တင်းတင်း ပြည့်လေပြီ၊လွန်ခဲ့သည် ဆယ်နှစ်ခန့်က စင်္ကာပူ နှင် ယခုစင်္ကာပူ သည် အလွန်ကွာခြားပါသည်။ အရင်တုန်းက ဘုန်းကြီးဆို ရှားရှားပါးပါးပင်၊ မဟာစည်ဆရာတော်၊ သီတဂူဆရာတော် စသည့် သံဃာများသာ တခါတရံ ကြွကြသည်၊ စင်္ကာပူရှိ မြန်မာမိသာစုများလဲ တခုတည်း ရှိသော မြန်မာကျောင်းကို အားထားကြရသည်၊ ၄င်း အချိန်ကာလမှ ဤအသင်းကို စတင်ခဲ့ခြင်း ဖြစ်သည်၊

ယခုအခါ စင်္ကာပူတွင် မြန်မာဘုန်းကြီးကျောင်း အခြားနှစ်ကျောင်းရှိသည်၊ ယခုတဖန် ဓာတ်တော်တိုက် ဟူ၍ ပေါ်လာပြန်ပါသည်၊ မယ်သီလရှင်ကျောင်းလဲ ထောင်ထားသည်၊ မင်္ဂလာဝိဟာရမှာလဲ မြန်မာဘုန်းကြီး တစ်ပါး ရှိပြန်သည်၊ မေတင် တို့ အသင်းကဲ့သို့ နောက်ထပ် ငါးသင်းမျှ ရှိသည်။ လစဉ် အလှူငွေ ကောက်ခံကာ မြန်မာပြည်သို့ ပို့ကြသည်၊

နွေရာသီ ကလေးများကျောင်းပိတ်၍ မြန်မာပြည်မှ အပြန်တွင်လည်း အိမ်တိုင်းလိုလို အလှူခံဖြတ်ပိုင်းလေးများပါလာကြသည်၊ မိမိဒေသ အရပ်မှ ဇရပ် ကျောင်းစသည့် အဆောက်အဦးများအတွက် ဖြစ်သည်၊

မြန်မာပြည်တပြည်လုံးမှ နာမည်ကျော်တရားဟောဆရာတော်များ၊ တရားပြများ၊ စာချဆရာတော်ကြီးများ အားလုံး စင်္ကာပူသို့ ကြွလာကြသည်။ မေတင်မှာလဲ လူတကာဆီက အလှူခံနေသူ ဆိုတော့ ကိုယ့်ဆီပဲ ပထမဆုံး အလှူခံကြသည်၊ မေတင်လဲ အလှူခံရသည့် ဘ၀ကို ကိုယ်ချင်းစာကာ အမြဲ ၅၀ တန် တရွက်တော့ ထည့်သည်၊ စင်္ကာပူ ဒေါ်လာ ၅၀ ကို မိမိအတွက် အကျီတစ်ထည်တောင် ၀ယ်ဖို့ စဉ်းစားနေရသည်၊ တော်တော်နဲ့ မ၀ယ်ဖြစ်ပါ၊ အလှူကတော့ တပတ်ကို တခါ နှစ်ခါ အမြဲထည့်ရသည်၊ မိမိအတွက်တော့ အဆင်ပြေသလို ပုံကျအောင် ဖန်တီး ၀တ်ဆင်ရပါသည်၊

ကြာတော့လည်း အလှူခံ၇မည်ကို အားနာလာသည်။ယခုအခါ ဘဏ္ဍာရေးမှူး ဒေါ်ရင်ရင်ဝင်း အလုပ်ဝင်သွားပြီ ဖြစ်၍ ညာလက်ရုံးပြုတ်တော့သည်၊ ဒေါက်တာ ဒေါ်သက်မှာလည်း အသက်ကြီး အလုပ်များ လူမှူ့ကိစ္စများကြားမှ အသင်းကို အချိန်ပေး၍ လုပ်ပေးရှာသည်၊ မနှစ်က သီရိလင်္ကာ ခရီးစဉ်ထဲက မေတင်တယောက် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ပါ၊ဒေါက်တာဒေါ်သက် ၊ ဒေါ်ရင်ရင်ဝင်းတို့ မျက်နှာနှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော် ရဲဘက်ကို သစ္စာရှိသော အားဖြင့် ဆက်လက် လုပ်ဖြစ်နေပါသည်၊

ထိုအချိန်က သီရိလင်္ကာ သံအမတ်ကြိး ဦးသန်းထွန်းကလဲ ဒေါ်တင်တင်မြင့်၇ယ် အကျိုးကျေးဇူးကြီးမားလွန်းလို့ ဆက်လုပ်ပါ လို့ မေတ္တာရပ်ခံပါတယ်၊ ဒေါက်တာသက် ၏ ငယ်ပေါင်းမိတ်ဆွေ ဒေါက်တာ ဒေါ်ဝင်းမေကလဲ အမရယ် ဒီလောက်အောင်မြင်နေတဲ့ လုပ်ငန်းကြီးကို သိမ်းလိုက်ရမှာ နှမြောစရာကြီး၊ ကျမတို့ အားပေးနေပါမယ် ဆက်လုပ်ပါ လို့ တိုက်တွန်းပါတယ်၊

ပြီးခဲ့သည့်လက အလိုတော်ပြည့် ဆ၇ာတော်ဘုရားအား ဦးခင်မောင်မြင့် + ဒေါ်ခင်မာကြည် တို့နေအိမ် ဆွမ်းကျွေးတွင် တွေ့၇သည်၊ ဆရာတော်သည် သီရိလင်္ကာတွင် မကြာခဏ ကထိန် သွားခင်းလေ့ ရှိသည်၊ တကြိမ်တွင်လည်း ဒါယကာမကြီးက ဘုန်းကြီးထက် အသက်ငယ်ပါတယ်၊ ဒါပေမယ့် ဒီလုပ်ငန်းကြီးကို လုပ်တာ ချီးကျူး သာဓုခေါ်ပါတယ်၊ ကိုယ့်အမေလို အမလိုပဲ မယ်တော်ကြိးကို သဘောထားပါတယ် လို့ မိန့်ကြားသွားပါသည်၊ ယခုတော့ နှစ်ကုန်သည်နှင့်  အမရေ စပွန်ဆာအတွက် ငွေပို့ပေးရတော့မလား ဆိုသည့် စေတနာရှင်များကလည်း ရှိနေကြပါသည်၊ သူတို့စေတနာကိုလဲ ထောက်ရအုံးမည်၊

ဆေးတံတို တညိုလောက်၊

ရော့ သောက်တော့ ပေး၊

မယူလိုက်က မိုက်တယ် ထင်၊

ယူလိုက်ပြန်က ကြိုက်တယ် ထင်၊

သောက်စေချင် တံခါးကွယ်ခြားမှာ၊

ထားခဲ့တော့လေး-

မေတင်တို့ ဘ၀မှာလည်း ရှိတဲ့လူနဲ့ ဆက်ရုန်းရမလား၊ အပြီးပဲ ပိတ်လိုက်တော့မလား- မမိုက်မကြိုက် အဖြစ်နဲ့ ဥပေက္ခာ များစွာနဲ့ ရသလို ရှာ၍သာ ပို့လှူမည် ဟု ဆုံးဖြတ်လိုက်ပါကြောင်း သီရိလင်္ကာရှိ သံဃာတော်အပေါင်းတို့ရေ - -

မယ်တော်ကြီး ဒေါ်တင်တင်မြင့် ( မေတင် )

၂၇ - ၀၁ - ၂၀၀၆

ရေစုန်ကို မျှောလိုက်ဖို့ လွယ်ကူပေမယ့် ရေဆန်ကို လှော်ခတ်ဖို့ ပိုမို ကြိုးစားအားထုတ်ရသလို သူလို ငါလို ရေလိုက်ငါးလိုက် အေးအေးလူလူ နေလို့ ရပေမယ့် ဒုက္ခလွတ်မြောက်ရာ ကို သွားဖို့ နည်းနည်း အားစိုက်ကူးမှ်ေ၇ာက်နိုင်မှာပါ၊

ဒါကြောင့် ပါရမီတွေ မြောက်များစွာ ( ဒါနပါရမီ မေတ္တာပါရမီ ၀ီ၇ိယပါရမီ ကရုဏာပါရမီ မုဒိတာပါရမီ ) စတာတွေ ကို နှစ်စဉ်နှစ်တိုင်း ဖြည့်ကျင့် ဆည်းပူးနေတယ် ဆိုတာကို တွေးမိတိုင်း ပီတိဖြစ်ရပါလိမ့်မယ်၊ ဒီထက်ပိုပြီး သာသနာကို ဆထက်ထမ်းပိုး စောင့်ရှောက် နိုင်ပါစေ လို့ စာရေးသူက အားပေးစကားပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ - -

ကျမ္မာ ချမ်းသာ အသက်ရှည်၍ သာသနာပြုနိုင်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးလျက်ပါ-

ပါရမီ ဖြည့်သူများ ( သို့ ) ဒါနသီရိလင်္ကာအသင်း

သံဃာတော်တို့အား ပညာသင်စရိတ် လှူဒါန်းပွဲတွင် ဒါယကာမကြီးများက တလှည့်စီ အသင်းအခြေအနေ အခက်အခဲများကို လျောက်ထားကြစဉ်

အသင်းဒုဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်နွယ် နှင့် ဥက္ကဋ္ဌ ဒေါ်တင်တင်မြင့် ( မေတင် )

ပရမာနံ ကမ္မံ ပါရမီ -
( မြင့်မြတ်သူတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်ပါပေ၏ )
ပရမာနံ အယံ ပါရမီ -
ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏၊

ဒါကတော့ ဗုဒ္ဓစာပေကလာတဲ့ ပါဠိဝိဂ္ဂဟ တပုဒ်ကို ဂရမ်မာ နည်းအရ ပြောကြည့်တာပါ၊ မှန်ပါတယ်၊ ပစ္စည်းဥစ္စာချမ်းသာနေရုံနဲ့ မြင့်မြတ်သူ လို့ မခေါ်ဆိုနိုင်သေးပါဘူး၊ ဒေါ်လာ ဘီလျံပေါင်းများစွာ ချမ်းသာနေကြတဲ့ သူတွေ အများကြီး ရှိနေပေမဲ့ ချမ်းသာတာပဲ ရှိပါတယ်၊ မြင့်မြတ်သူတွေတော့ မဖြစ်ကြသေးပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ သဒ္ဓါ သီလ သုတ
စာဂ ပညာ ဟိရီ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ ပါး မရှိကြသေးလို့ပဲ လို့ နားလည်လွယ်ကူအောင် ပြောရမှာပါ။

ဒီစကားနဲ့ ပက်သက်လို့ မြန်မာပြည်မှာ တုန်းက စာရေးသူဟာ မေးခွန်းတစ်ခုကို ဖြေခဲ့ရဘူးတယ် - အရှင်ဘုရား မြတ်စွာဘုရားက မနုဿတ္တဘာဝေါ ဒုလ္လဘော - လူ့ဘ၀ ဆိုတာ ရခဲတယ် လို့ ဟောထားခဲ့တယ် လူ့ပြည်က အပ်တချောင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တချောင်း ဆုံရင် ဆုံနိုင်မယ်၊ လူ့ဘ၀ကိုတော့ ရဖို့ မလွယ်ကူ ဘူး တဲ့၊ ဒါပေမယ့် ယနေ့ ကမ္ဘာကြီးမှာ လူသားဦးရေ တွေ များလွန်းလို့ လျော့ချ ကန့်သတ်နေရတာ အရှင်ဘုရား အသိပဲ၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ တဲ့၊ တော်တော်ကောင်းတဲ့ မေးခွန်းလေးပါ။
စာရေးသူကလဲ ပြန်မေးလိုက်တယ်၊ ကမ္ဘာမှာ ရှိနေကြတဲ့ လူတွေအများကြီးထဲမှာ ပညာရှိ နဲ့ ပညာမဲ့ ဘယ်သူတွေက များသလဲ - အထူးသဖြင့် ကိုယ်ကျင့် သိက္ခာ ပိုင်းဆိုင်ရာပေါ့ - ဆိုတော့ ပညာမဲ့ သူတွေက များပါတယ် တဲ့ ၊

ဟုတ်ပါတယ် - ဒီနေရာမှာ ဘွဲ့ ဒီဂရီတွေ တံဆိပ်တုံးတွေ အောင်လက်မှတ်တွေ ပိုင်ဆိုင်ထားသူတိုင်း ပညာရှိ မဟုတ်ပါဘူး၊
ကိုယ်ပိုင် ဥာဏ်နဲ့ စဉ်းစားတွေးခေါ်တတ်ပြီး ကုသိုလ် အကုသိုလ် ကောင်းမှု့ မကောင်းမှု့ လုပ်သင့်တယ် မလုပ်သင့်ဘူး ခွဲခြားသိမြင်တတ်သူမှသာ ပညာရှိအစစ်ပါ၊ အပေါ်ယံ လိုက်နာ နေသူကိုလဲ ပညာရှိမခေါ်နိုင်သေးပါဘူး၊ ဒါကြောင့် လူတိုင်းကို လူသားလို့ မဆိုနိုင်ဘူး၊ ဒီထက် တဆင့်တက်ရရင် ဘုရားဟောထားတဲ့ သူတော်ကောင်းဥစ္စာ ၇ ပါး ပြည့်စုံသူမှသာ မြတ်စွာဘုရား ရည်ညွှန်းတဲ့ မြင့်မြတ်လူသားဘ၀ ကို ပိုင်ဆိုင်နိုင်သူပါ၊ လို့ ပြောလိုက်မှ တင်ပါ ကျေနပ်ပါတယ် တဲ့၊
ဆိုလိုချင်တာက မြင့်မြတ်တဲ့ လူသားတွေရဲ့ အလုပ်တွေ အမျိုးမျိုး ရှိကြတဲ့ အထဲမှာ ပါရမီ ထိုက်တဲ့ ဒါန ဖြစ်ဖို့ အရေးကြီးပါတယ်၊ ဒီနေရာမှာ ဖော်ပြချင်တာက ပါရမီ ထိုက်တဲ့ အလုပ်တွေကို နှစ်စဉ် နှစ်တိုင်း မညည်းမညူ အားတက်သရော လုပ်ဆောင် လှူဒါန်းပေးနေတဲ့ အသင်းအဖွဲ့ တစ်ခုကတော့ သီရိလင်္ကာနိုင်ငံ ၌ B A . M A . Mphil. PhD ဒေါက်တာဘွဲ့များစွာကို လေ့လာ သင်ယူနေကြကုန်သော မြန်မာ စာသင်သား သံဃာတော် များစွာတို့အား နှစ်စဉ် ပညာသင်စရိတ်အဖြစ် တတ်စွမ်းသမျှ ထောက်ပံ့ လှူဒါန်း ပေးနေကြကုန်သော ဒါနသီရိလင်္ကာ အသင်း ဖြစ်ပါတယ်၊

ဒါနသီရိလင်္ကာအသင်းကို 1997 ခုနှစ် ဇန်န၀ါရီလမှာ စတင်ဖွဲ့စည်းခဲ့တယ် လို့ သိရတဲ့အတွက် ဒီနေ့မှာ ၁၃ နှစ်သက်တမ်းထဲကို ရောက်လာပါပြီ၊ အသင်းဥက္ကဋ္ဌ အဖြစ် စင်္ကာပူ က ဒကာမကြီး ဒေါ်တင်တင်မြင့် ဦးဆောင်နေပါတယ်၊ သူကတော့ ဘုရားသားတော် ရဟန်းတော်များစွာတို့ ရဲ့ မယ်တော်ကြီးအဖြစ် ပီတိ ကို စားပြီး အားမွေးနေသူ လို့ ဆိုချင်ပါတယ်၊ နှစ်စဉ်နှစ်တိုင်း သာသနာအတွက် သံဃာ များစွာအတွက် လူအား ငွေအား ပေါင်းပြီး ထောက်ပံ့နေဆဲပါ၊

နောက်တစ်ယောက်ကတော့ ဘရူနိုင်းနိင်ငံမှာ နေထိုင်တဲ့ ဒါယကာမကြီး ဒေါက်တာ ဒေါ်သက်သက်နွယ် ဖြစ်ပါတယ်၊ သူတို့နှစ်ယောက်ရဲ့ တက်ညီ လက်ညီ ကြိုးပမ်းအားထုတ်မှု့၊ ခိုင်မာသည့် သဒ္ဓါတရား ၊ ပေးဆပ်အနစ်နာ ခံမှု့တို့ကြောင့် ယနေ့အချိန်အထိ မြန်မာ သံဃာတော်တွေဟာ တဖက်တလမ်းက မိမိဘ၀ ရည်မှန်းရာ ပန်းတိုင်ကို ရောက်ဖို့ ဆက်လက် ကြိုးစားနေနိုင်ခဲ့တာ ဆိုရင် မမှားပါဘူး၊ ဒါနသီရိလင်္ကာအသင်း ကိုယ်စား အဲဒီ (သာသနာ့ မိခင်) မယ်တော်ကြီး ၂ ယောက်ဟာ ကမ္ဘာ့နိုင်ငံအနှံ့ ကနေဒါ အမေရိက မလေးရှား သြစတေးလျ စသောနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ သဒ္ဓါတရား ထက်သန်သူ မြန်မာလူမျိုးတို့ကို လက်လှမ်းမှီရာ လိုက်လံ အလှူခံပြီး ပညာသင်စားရိတ် အဖြစ် လှူဒါန်းခဲ့ကြတာပါ။

ဒါတင်မကပဲ သံဃာအားလုံး စုပေါင်းရာ မကုဋာရာမ မြန်မာကျောင်းတော်ကြီးမှာလဲ ၂၀၀၁ ခုနှစ်က ဆိုရင် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ကျောင်းတော်ကြီး ပြင်ဆင်ဖို့အတွက် စင်္ကာပူဒေါ်လာ ၄ သောင်းကျော် ကုန်ကျခံပြီး လှူဒါန်းခဲ့ပါတယ်၊ ရိက္ခာအဖြစ် ဆန် ဆီ ဆား ကြက်သွန် စသော စားသုံးစရာမျိုးစုံကိုလဲ လစဉ်တိုင်း ကြုံသလို လှူဒါန်းပို့ပေးနေတာပါပဲ။
ဆက်ပါအုံးမည် - -

စိုသော လက်ကို မခြောက်စေနဲ့

၁။ တတ်နိုင်သမျှ စကားနည်းပါ၊

၂။ ဥပေက္ခာ ပြုသင့်တာ ပြုပါ၊

၃။ တွေးတော ကြံစည် ပြုလုပ်မှု့တိုင်းမှာ စေတနာပါ - ပါစေ။

ကျမ္မာရေး အနေနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို လုံးဝ မစားပဲ နေနိုင်အောင် ကြိုးစားပါ၊ ကိုယ်နဲ့ တည့်တာကိုတော့ လျော့စားပါ၊ ဒါဆို ကျမ္မာရေးလဲ ကောင်းပြီး အသက်ရှည်စွာ နေရပါလိမ့်မယ် - -

စာရေးသူ လက်ကိုင်ထားခဲ့တဲ့ ရှေးရှေးဆရာတော်ကြီးရဲ့ အဆုံးအမ သြ၀ါဒလေးဖြစ်ပါတယ်၊ စစ်ကိုင်းတောင်ရိုး ကျေးဇူးတော်ရှင် သာသနာပိုင် ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒဖြစ်မယ် ထင်ပါတယ်၊ ပရဟိတ -လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်လိုတယ် ဆိုရင် စကားနည်းနိုင်သမျှ နည်းပါစေ တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ စကားအများကြီးပြောရင် စကားထဲက အမှားတွေ ပါလာတတ်ပြီး ဘ၀က လက်ရှိအခြေအနေကနေ သုည ဖြစ်သွားတတ်တယ်၊

နှစ်ကတော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကြီးငယ်တွေမှာ ဥပေက္ခာပြုထားနိုင်တာဟာလဲ စိတ်ချမ်းသာဖို့ နည်းလမ်းတစ်ခုပါပဲ၊ မဆိုင်ပဲ ၀င်ရှုပ်မိရင် သူများ ဓားခုတ်ရာ လက်ဝင်ရှိုသူလို ဓားစာခံ ဖြစ်တတ်ပါတယ်၊ သုံးနံပါတ် အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စ မှန်သမျှ ၊ ပြောစကားမှန်သမျှနဲ့ တွေးတော စဉ်းစားမှု့ တိုင်းမှာ စေတနာ ထားရပါမယ်၊ အလုံးစုံ ( တဖက်သား ထိခိုက်နစ်နာစေလိုတဲ့ စိတ်ထားဘယ်တော့မှ မထားရပါဘူး)

ဘုရားရဲ့ သားအရင်းပဲ ဆိုတဲ့ စိတ်နဲ့ စိတ်ဓာတ်တွေ ရုန့်ရင်း မောက်မာ မှာကို စိုးရိမ်တော်မူလို့ သားတော်ရာဟုလာလေး သာသနာ့ဘောင် ၀င်လာတဲ့ အခါမှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အထူးသြ၀ါဒအနေနဲ့ ဆုံးမတော်မူထားတဲ့ ရာဟုလောဝါဒ သုတ္တန် ဆိုတာ ပိဋကတ်တော်မှာ အလေးထား ရတဲ့ ဒေသနာတစ်ခုဖြစ်နေဆဲပါ၊

ချစ်သား ရာဟုလာ - စကားတခွန်းကို ပြောတော့မယ် ဆိုရင် မပြောခင် စဉ်းစားလိုက်ပါ၊ အခု ငါပြောလိုက်မယ့် စကားတခွန်း ဟာ ကိုယ့်အတွက် အကျိုးမဲ့ ဖြစ်စေသလား ဒါမှမဟုတ် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - တခုခု ထိခိုက်နေရင် အဲဒီစကားကို မပြောပါနဲ့၊

နောက်ထပ် ပြောနေဆဲ မှာလဲ သတိကပ်ပြီး စဉ်းစားလိုက်ပါ၊ အခု ငါပြောနေတဲ့ စကားဟာ - - --ပြောပြီးသွားရင်လဲ စဉ်းစားလိုက်ပါအုံး အခု ငါပြောပြီးသွားတဲ့ စကားတစ်ခွန်းဟာ --ကိုယ့်အတွက် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - ပေါ့။

ပြောင်းပြန်အနေနဲ့ ကိုယ့်အတွက် သူများအတွက် တခုခု အကျိုးရှိစေတယ် ဆိုရင် ပြော သာ ပြောပါ - ဒါပေမယ့် အဲဒီစကား ဟာ ဟုတ်မှန်တဲ့ သစ္စာစကားလဲ ဖြစ်နေတယ်၊ အကျိုးလဲ ရှိစေတယ်၊ ကိုယ်ကလဲ မေတ္တာနဲ့ ပြောလိုက်မယ် - သူတပါးက မနာခံလိုရင်လဲ သာသနာအရေးကို ငဲ့ပြီး ပြောရပါမယ်- ပြောနိုင်ရပါမယ် -

ဘုရားရှင်လက်ထက်တော်အခါက မာဂဏ္ဍီပုဏ္ဏားလင်မလားနှစ်ယောက် အနာဂါမ် တည်ပြီး တရားထူးရမည် ကို ကြိုတင်သိတော်မူတဲ့ အတွက်ကြောင့် သမက်ရှာ ထွက်လာတဲ့ ပုဏ္ဏားလင်မယားနှစ်ယောက်ကို သင်တို့ သမီး ကို လက်ထက်ယူဖို့ ဝေးစွ၊ ငါဘုရား၏ ခြေဖ၀ါးတော်တွင် မစင်တွေငြိကပ်နေပါစေ - သို့သော်လည်း ကိလေသာစိတ်ဖြင့်တော့ သင်တို့ သမီးကို မတို့ထိ နိုင်ပါ - ဆိုပြီး စကားနိဒါန်းပျိုးလို့ ၄ ပါဒ ဂါထာတပုဒ်ဟောလိုက်တာ တရားထူးရသွားခဲ့ဖူးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟာ သမီးဖြစ်သူ မာဂဏ္ဍီမင်းသမီးက မိမိအပေါ် အမျက်ပွား ရန်ငြိုးထားမှာကို သိပင် သိငြားသော်လည်း တရားတော်ကို လေးစားသောအားဖြင့် သာသနာကို ချီးမြှောက်ခဲ့တာပါ။ ဒါကြောင့် ဒီသုတ္တန်မှာလဲ ကိုယ် အမူအရာ နဲ့ပဲ ဖြစ်စေ၊ စိတ်နဲ့ ပဲ ဖြစ်စေ သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နဲ့၊ မပြောမိစေနဲ့ ၊ ကြမ်းတမ်းသောစကားကို မဆိုနဲ့ ၊ မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည် -လို့ ဆုံးမထားတာဖြစ်ပါတယ်၊

အထက်က စကားကို ပြန်ကောက်ရရင် ပရဟိတ လုပ်လိုသူဟာ စိုသောလက် ကို မခြောက်ပါစေနဲ့ တဲ့၊ ဆိုလိုတာက လူ့ဘ၀ကို ခဏတာ ရောက်လာကြတဲ့ အချိန်လေး စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ၊ ရန်ဖြစ်ထားလို့၊ စကားများထားလို့၊ ကိုယ့်လူ သူ့ဘက်သားဖြစ်နေလို့ ၊ အလုပ်ကိစ္စကြောင့်၊ ရည်ရွှယ်ချက်မတူလို့၊ ဆိုတဲ့ အကြောင်းပြချက်ပေါင်းများစွာနဲ့ မခေါ်မပြောပဲ နေကြတာတွေ မြင်ရ ကြားရတာတွေ ကြည့်ပြီး သူတို့နေရာကို ကိုယ်ချင်းစာ ၀င်ခံစားပြီး သနားစိတ်တောင်ဖြစ်မိတယ်၊

လူဆိုတာကလဲ အခက်သားကလား - သူ၏အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာ ရန်သူ စွဲမှတ်ယူ၏ - တဲ့၊ တယောက်နဲ့ တစ်ယောက် မခေါ်မပြောပဲ နေကြပြီး အလိုလို အကုသိုလ်စိတ်တွေကို ငွေမကုန်ပဲ ၀ယ်နေကြတာပါလား လို့ တွေးမိတယ်၊ ဘုရားရှင်ဟောထားတဲ့ စိတ် အမျိုးအစား ၈၉ပါး အကျယ်အနေနဲ့ ၁၂၀ အားလုံးကို တထွာလောက်ရှိတဲ့ ဒီခန္ဒာကိုယ်မှာအကုန်မွေးထားကြတာပဲ ၊

ဒါကြောင့် ဥပမာ အနေနဲ့ ရေစိုနေတဲ့ လက်ကို မခြောက်စေပဲ ကြာကြာ ခံအောင် ၊ ဆက်လက် စိုစွတ်နေအောင် ကြိုးစားရသလိုပဲ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်လိုသူဟာ လူတိုင်းနဲ့ တည့်အောင်ပေါင်းသင့်ပါတယ်၊ မေတ္တာဆိုတဲ့ အစိုဓာတ်ကို ဘယ်သောအခါမှ မခမ်းခြောက်စေပဲ ရေရှည်လက်တွဲ သွားနိုင်အောင် ကြိုးစားသင့်ပါတယ်၊

စာပေမှာတော့ အညမညံ ပိယစက္ခုဟိ သန္ဒဿန္တာ - အချင်းချင်း ချစ်ခင်ကြင်နာဖွယ် မျက်လုံးနဲ့ ကြည့်နေကြမယ် ဆို၇င် လောကကြီးက အေးချမ်းနေမှာပါ၊ ဒီလို မဟုတ်ပဲ ဒေါသစိတ်၊ မနာလိုစိတ်၊ မုဒိတာမပွားနိုင်တဲ့ စိတ်၊ ၀န်တို မစ္ဆရိယစိတ်၊ စတာတွေနဲ့ ကြည့်နေရင်တော့ လူဖြစ်ရှုံ့းတာပဲ အဖတ်တင်လိမ့်မယ်၊ ပြည့်ဝတဲ့ ဘ၀ အရည်အသွေး တွေ သူတော်ကောင်းအဆုံးအမတွေတော့ ရမှာမဟုတ်ပါဘူး၊ ၀ိနည်း မဟာဝါ ပါဠိတော် ဒီဃာဝု ဇာတ်တော်မှာလဲ ချစ်စ ကို ရှည်ပါစေ၊ မုန်းစ ကို တိုပါစေ - ဆိုတဲ့ သြ၀ါဒ ကို လိုက်နာခဲ့ လို့ ရန်သူမင်းနှစ်ပါးကြောင့် နိုင်ငံ၂ နိုင်ငံ စစ်ဘေးဒဏ်ကနေ ချမ်းသာခဲ့ဖူးပါတယ်။ ဒါကြောင့် ချစ်သော မေတ္တာစိတ်ဖြင့် စိုသော လက်ကို မခြောက်ပါစေနဲ့ လို့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်၊

အချင်းချင်း အမုန်းမထား မေတ္တာပွားနိုင်ကြပါစေ -

ဤဆောင်းပါးဖြင့် ပရဟိတအတွက် လိုအပ်သော အခြေခံ စိတ်ဓာတ်များ ပြောကြားပေးရန် တိုက်တွန်းသော ဒကာလေး မောင်ကျော် ရေ၊ ဒီနေရာကနေပဲ ကျေးဇူးတင်လိုက်ပါတယ်။

Tuesday, December 29, 2009

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၇ ( နိဂုံး )

ဟင် -- အဲဒီလို ခိုင်းလို့ ရသလား ၊ ငါတို့က သိမှ မသိတာ၊ ကြုံလဲ မကြုံဖူးတော့ ဘာလုပ်ရမယ်မှန်းလဲ မသိဘူး ကိုယ့်အတွက် သတိပဲ ထားနေရတယ် - -
တင်ပါ့ အခုတော့ ပြီးပါပြီ ကိစ္စမရှိတော့ပါဘူး၊ သူကလဲ ၀င်ပြီး ပြန်ထွက်ပေးမယ် ပြောပါတယ် ၊ ဒါကြောင့် တပည့်တော်ကလဲ ၀င်ခိုင်း လိုက်တာပါ ။ သူက ၀င်ပြီး မထွက်ရင် တပည့်တော်က သေမှာဘုရား - -တဲ့၊

အေး မဝေက ပြီးပေမယ့် ငါတို့က မပြီးနိုင်သေးဘူး၊ မေးစရာတွေ အများကြီးပဲ မေးရမှာပဲ - -ဆိုတော့ မေးပါ တဲ့။
ဒါနဲ့ စာရေးသူတို့ကလဲ တရစပ် မေးတော့တာပေါ့၊

စောစောက ညနေက ပြန်စမေးမယ်- မဝေ နောက်ကို သူက ဘယ်လို လိုက်နေသလဲ ပြောပြပါ - -
ကျောင်းက ထွက်ကတည်းက သူက နောက်က လိုက်နေတယ် ၊ ဘုရားပေါ်ထိ လိုက်ဆဲပဲ ၊ ပြန်ဆင်းလာတော့လဲ ပါလာတာပဲ ၊ အခု ကျောင်းမုခ်ပေါက် ရောက်မှ မလိုက်နိုင်တော့တာ၊ ဘာလဲ ဆိုတော့ သူက ဒီဦးဇင်းကို စကားပြောချင်ပါတယ် ၊ကူညီပေးပါ တဲ့။အခု တပည့်တော်တို့ စကားပြောနေတာကို သူက ကျောင်းမုဒ်ပေါက်ကနေ လှမ်းပြီး စကားပြောနေတာ ဘုရား --
တပည့်တော်က မဖြစ်နိုင်ပါဘူး၊ လို့ ငြင်းတော့ ကလေးတယောက်က ပူဆာနေသလိုပဲ ပူဆာနေတယ် ၊

ဒါကြောင့်လဲ ကို ခင်မောင်ထွန်း နဲ့ စကားပြောတာက ပြတ်ပြတ်သွားတယ် ၊ သူ့ကို လှမ်း လှမ်းပြီး စကားပြောနေ ရလို့ပါ ။
အော် ဒါဆို သူက အနား အထိ ဘာလို့ ကပ်မလိုက်လာသလဲ - အနားအထိ လိုက်ပြီး စကားပြောပါတော့လား - တင်ပါ့ တပည့်တော်ဘေးနားမှာ ယောင်္ကျားလေးရှိနေလို့ပါ၊ သူ့ဘုန်းကံကြောင့် အနားအထိ ကပ်လို့ မရပါဘူး။ အရှင်ဘု၇ားတို့ သင်္ကန်း အနားဆို ပိုပြီးတောင် မကပ်နိုင်ပါဘူးဘုရား၊ အဲဒီလို ကွာခြားပါတယ် - -
အော်အော် ဟု သာ ရေရွတ်မိလေ၏။

ကဲ ဒါဆို မဝေ က သူတို့ကို မြင်ရတယ် ဆိုတော့ ဘယ်လို ပုံစံလဲ ပြောပြစမ်းပါ - -
အဲဒီမိန်းကလေးက အစိမ်းရောင် ၀မ်းဆက် ၀တ်စုံနဲ့ပါ၊ ဆံပင် အရှည်ကြီးနဲ့ အရမ်းလှတယ်၊ အသားဖွေးတယ်၊ အသက်က ၂၂ နှစ် ၀န်းကျင် ရှိလိမ့်မယ်ဘုရား၊
အေး ငါတို့လဲ မြင်ဖူးချင်လိုက်တာ ဒီလိုမှန်းသိရင် ပြခိုင်းပါတယ် ဟု ဦးဇင်းတပါးက ၀င်ပြောလေ၏၊
စာရေးသူက သိချင်သော အရာတို့ကို မေးပြန်၏၊ ဒါဆို မဝေ- -

နတ်တွေ ဆိုတာရော မြင်ဖူးသလား ဒါမှ မဟုတ် ဥစ္စာစောင့်တွေကိုပဲ မြင်ရသလား-
တင်ပါ့ မြင်ဖူးပါတယ် ဘုရား၊ အခုလဲ အာရုံပြုကြည့်ရင် မြင်ရပါတယ် -

တကယ် မြင်ရတယ် ဆိုရင် ပြောပြစမ်းပါ - ဘယ်လို ပုံစံလဲ ဆိုတာ သိချင်လို့ပါ၊ လူတိုင်း မြင်ဖူးနေသလို ပြက္ခဒိန်တွေထဲကလို အချွန်အတက်တွေ နဲ့ပဲလား -
တချို့လဲ အဲဒီလို ပါပါတယ်၊ ဒါပေမယ့် ပုံထဲက အတိုင်းတော့ အချွန်အတက်တွေ အများကြီး မပါဘူး၊ နည်းနည်းပဲ ပါပါတယ်။
ဒါဆို ကိုယ်ရောင် ကိုယ်ဝါ တွေရော ဘယ်လိုလဲ - လင်းထိန်နေသလား --

တင်ပါ့ - နတ်တစ်ပါးနဲ့ တပါး မတူညီကြဘူးဘုရား၊ တချို့က အရောင်အ၀ါတွေက ၀င်းထိန် တောက်ပြောင်နေပြီး တချို့ကတော့ ဖျော့ဖျော့ပဲ ရှိကြတယ်၊ တချို့လဲ လုံးဝ မရှိသလောက်ပဲ၊
အေး ဒါဆို ဖြစ်နိုင်ပါတယ်၊ ငါတို့ ပါဠိတော် စာပေတွေမှာလဲပဲ ဘုန်းကံနည်းပါးကြတဲ့ နတ်တွေက ကိုယ်ရောင်ကိုယ်ဝါ မရှိပဲ ကုသိုလ်ကံ ဘုန်းကံ ကြီးတဲ့ နတ်တွေပဲ တောက်တောက်ပြောင်ပြောင် ရှိကြတယ် တဲ့။ အဲဒီ အဖြေကိုတော့ ကျေနပ်ပါတယ်၊
ဤနေရာ၌ နတ်တွေကို မြင်ဖူးသော မန္တလေးမြို့ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော်ဘုရားကြီး၏ အင်တာဗျူး တခု၌ အချို့နတ်များ ကိုယ်ရောင်ကိုယ်ဝါ မတူညီကြပုံ နှင့် အချွန်အတက် များစွာ မပါကြပုံကို ဒီဝက်ဆိုက် မှာကလစ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

သူတို့က ဘယ်နေရာတွေမှာ နေကြသလဲ မဝေ - - မြင်နိုင်တယ် ဆို ပြောပြပါအုံး - --
အခု အနီးစပ်ဆုံး ပြောရရင် ဦးဇင်းတို့ နေနေဆဲ အဆောင် ပေါ်မှာပဲ အောက် လှေခါးခုံမှာ တစ်ယောက်ရှိတယ်ဘုရား၊ နောက် အထက် လှေခါးအဆုံး တခါး ၀င်ပေါက်မှာလဲ ရှိပါတယ်၊ အောက်ထစ်ဆုံး ဦးဇင်းတို့ နေနေတဲ့ အခန်း တိုင်းမှာလဲ တံခါး ပေါက်တိုင်းမှာ ရှိနေပါတယ်၊ နောက်ပြီး သစ်ပင်ကြီးတိုင်း လိုလိုမှာလဲ ရှိနေကြတယ်၊ စောစောက ပြောတဲ့ ကျောင်းတိုက် မုဒ်ပေါက်ဝ မှာလဲ ကျောင်းဝင်း စောင့်နတ်ကြီးရှိပါတယ်၊ အခု သူက ၀င်လာခွင့်ပေးလို့ဝင်ခွင့်ရတာပါ။
အယ် ဒါဆို ငါတို့ကို စောစောက ဘာဖြစ်လို့ ၀င်ခွင့်တောင်းနေသလဲ - -
တင်ပါ သူက ၀င်ခွင့် မပေးပါဘူးဘုရား၊ ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ အရှင်ဘုရား တို့က ၀င်ခွင့်ပေးမှသာ သူတို့ကလဲ ခွင့်ပြုကြပါတယ်။

အော် ဒါဆို အိမ်တွေမှာလဲ နတ်တွေက ရှိတာပဲလား မဝေ - -
ရှိတာပေါ့ဘုရား၊ ဥစ္စာစောင့်တွေ ဆို သူ့ နေရာနဲ့သူ လမ်းပေါ်မှာလဲ သွားလာနေကြတာရှိတယ်၊ သူတို့က လူတွေကြားထဲ မှာပဲ လှုပ်ရှားသွားလာနေကြတာပါ၊ တခါတလေ ဆို လူတွေလို ဈေးလိုက် ၀ယ်ကြတာတောင် ရှိပါတယ်၊
အော် - နောက်ဆုံးမေးခွန်း အနေနဲ့ မေးချင်လို့ပါ - -
စောစောက မဝေ ၀င်ပူးခါနီးမှာ တဘက်ကို စည်းပြီး လဲကျသွားတာ ဘာဖြစ်သွားတာလဲ - အဲဒါ ပြောပြပါအုံး -

အဲဒါ ရှင်းအောင် ပြောရရင် ၀ိဥာဉ်ချင်း လဲလှယ်တာဘုရား၊ တပည့်တော် ၀ိဥာဉ်က ကျောင်းတိုက်အပြင်ဘက်ကို ထွက်ပေးရတယ်၊ အဲဒီနောက်မှ အဲဒီ ကောင်မလေး ၀ိဥာဉ်က ၀င်ပူးပြီး စကားပြောတယ်၊ ပြီး ပြန်ထွက်ပေးရတယ်၊ သူက ပြန်ထွက်မပေးရင် တပည့်တော် ပြန်ဝင်လို့ မရတော့ဘူး၊ ၀ိဥာဉ်ချင်း လဲလိုက်တာပေါ့၊ သူက ထွက်လာပြီး ကျောင်းအပြင်ဘက်ရောက်မှ တပည့်တော်က ပြန်ဝင်ရတယ်ဘုရား။ ။

အဲဒီ ကိစ္စက လူတိုင်းပဲလား - -
ဟုတ်ပါတယ် ကျောင်းစောင့်နတ်တွေက ၀င်ခွင့်ပြုမှပဲ ရတယ်ဘုရား - -
အင်း အင်း ကျေနပ်ပါပြိ မဝေ - - အားလုံးပြောပြတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
နောက်တရက်၌ အထက်ပါ ဦးဇင်းလေးသည် ညနေ ၄ နာရီခန့် ကြေးသွန်းဘုရားကြီးဆီ သွားပြီး အစောင့်အရှောက်တွေကို အားလုံး ဖိတ်ခေါ်ကာ ဘုရားရှင်ရှေ့၌ ပရိတ်ကြီး ပဋ္ဌာန်းဒေသနာ နှင့် မေတ္တာဘာဝနာတို့ကို ပို့သလျက် အထူးအားဖြင့် ညီမ ငါးဖော်မှ အငယ်ဆုံး ဥစ္စာစောင့်မလေးအား တိုင်တည်ကာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု့ အားလုံးအတွက် အမျှအတန်းပေးဝေ ခဲ့ပါတယ်၊ ထိုအချိန်မှ စပြီး ထူးခြားမှု့ တစုံတရာ မတွေ့ရတော့ပါ။ ကျွတ်လွတ်သွားပြီ ထင်ပါသည်။ အကယ်၍များ မကျွတ်လွတ်သေးရင်လဲ အခုချိန်တိုင်အောင် သတိရတိုင်း မေတ္တာပို့ အမျှပေးနေမည်သာ ဖြစ်ပါသည်။ ။

စာကြွင်း ။ ။ ၂၀၀၃ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော တကယ့်အဖြစ်အပျက်အား ပြန်လည် ရေးဖွဲ့ခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် ဗုဒ္ဓစာပေများနှင့် ဆန့်ကျင်ကောင်း ဆန့်ကျင်နေပါလိမ့်မည်၊ သို့ပါသော်လည်း ပရလောကဟူသည် ဆန်းကြယ်သော မျက်လှည့်အတတ်နှင့်တူရကား ဟုတ်/မဟုတ် ရောပြွမ်းနေလိမ့်မည် ဟု ထင်ပါသည်။ စာပိုဒ် အစဉ်မကျပဲ ချွတ်ချော်မှု့ တစုံတရာ ရှိပါကလဲ စာရေးသူ၏ မပြည့်စုံမှု့သာ ဖြစ်ပါသည်၊ စာဖတ်ပရိသတ်များ စိတ်ရှည်ရှည် စောင့်မျော် ဖတ်ရှု့ အားပေးခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်- -

အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ - -