Wednesday, November 4, 2009

ဒေါသ နည်းအောင် နေထိုင်နည်း

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။

အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့အလုပ်မျိုးကိုလုပ်နေတဲ့သူ၊အတွေ့အကြုံများတဲ့သူမှာကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေးတယ်။

ဆက်ရန် -

Monday, November 2, 2009

ဗုဒ္ဓ နိုင်ငံတော်

ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းရေးလိုလားတောင့်တနြေ
ကသည့် ယခုလိုအခါသမယ၌ တစ်စုံတစ်ခုကို မျှော်လင့်တောင့်တနေကြသော လူအားလုံးတို့ ၏နားထဲတွင် အတိတ်၏အသံသည် ပဲ့တင်ထပ်နေပါစေ။

ရှေးအတိတ်ကာလက လင်္ကာဒီပတောင်ဘက်စွန်းရှိ ဒေ၀မြို့ တော်မှ ဥရောပတိက်ရှိ အိုင်အိုနီယန် ပင်လယ်ကမ်းခြေအထိ ထိုအချိန်က လူသိများသော ကမ္ဘာသည် နေရာထူးနေရာမြတ်တစ်ခုဖြစ်ခဲ့သည်။ ထိုနေရာ၌ ငြိမ်းချမ်းခြင်းနှင့် ရွှင်လန်းချမ်းမြေ့ခြင်း ကြီးစိုးလွှမ်းမိုးနေသည်။ အသောကမင်းတရားကြီး ရေးထိုးစိုက်ထူထားခဲ့သော ကာလစီ၊ ဂိရနာ၊ ရှဟဘဇဂါဟီ ကျောက်စာများအဆိုအရ ခရစ်တော်မဖွားမြင်မီ ရာစုနှစ်ပေါင်းများစွာ မတိုင်မီကပင် ဇမ္ဗူဒိပ်ကျွန်းမှ ကရုဏာတမန်တော်သည် ဆီရိယား၊ အီဂျစ်၊ ဆိုင်းရင်၊ မေစီဒိုနီယာ၊ အယ်လ်ဘေးနီးယားနိုင်ငံတို့ ၌ တရားဓမ္မဖြန့် ဖြူးဟောကြားကြသည်။ လူနှင့်တိရစ္ဆာန်တို့ အတွက် ဆေးရုံဆေးခန်းများ ဖွင့်လှစ်တည်ထောင်ခဲ့ကြသည်။ အိပ်-ဘီ-ဘက်ဗဲလ် (H.B Havell) က သူ၏နာမည်ကျော်စာအုပ် “အိန္ဒိယ၌ အာရယန်တို့ ၏ အုပ်ချုပ်မှုသမိုင်း” (History of Aryan Rule in India ) ၌ ဤသို့ ဆိုထားသည်။

“အသောကမင်းတရားကြီး၏ အုပ်ချုပ်မှုကာလသည် အိန္ဒိယယဉ်ကျေးမှု၏ အကြီးမားဆုံးသမိုင်းခေတ် တစ်ခေတ်မျှသာမကဘဲ လူ့ ယဉ်ကျေးမှုသမိုင်း၏ မှတ်တိုင်ကြီးတစ်တိုင်လည်း ဖြစ်၏။ မိမိသာသနာပြုလုပ်ငန်း၏ အကျိုးသက်ရောက်မှုသည် မိမိအုပ်ချုပ်သော နိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်သွားသည်ဟူသော အသောကမင်းတရားကြီး၏ ကြေငြာချက်နှင့်ပတ်သက်၍ အငြင်းပွားစရာ အကြောင်းမရှိပေ။ မကြာမီက တူးဖော်တွေ့ ရှိရသော ရှေးဟောင်း ကမ္ဗည်း ကျောက်စာများသည် အီဂျစ်ပြည်၌ အသောကမင်းတရားကြီး သာသနာပြုခဲ့ပုံ အထောက်အထားများကို ဖော်ပြနေသည်။

“ဘာသာတရားတစ်ခုခုသည် လူ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအစီအစဉ်၌ ဆက်စပ်မှုမရှိသည့် အရာတစ်ခုအဖြစ် ရှင်းလင်းပြောပြ၍လည်း မရပေ။ နားလည်၍လည်းမရပေ။ ထို့ ကြောင့် အသောကမင်းတရားကြီး အုတ်မြစ်ချခဲ့သော ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများသည် နောက်ပိုင်း၌ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတရားနှစ်ခု ပေါ်ပေါက်ထွန်းကားလာခဲ့သော နယ်မြေကိုပင် ဖန်တီးပေးခဲ့သည်ဟု ကောက်ချက်ချလျင် မှန်ကန်သည်ထက်ပင် ကျော်လွန်သွားပေလိမ့်မည်။”

အာရေဗျ သမိုင်းဆရာ အောလ်ဘေရုနီ (Alberuni) ၏ အဆိုအရ ပါရှား၊ ခုရာဆန်၊ အီရတ်နှင့် ဆီရိယားနယ်စပ် တိုင်းနိုင်ငံအားလုံးသည် ခေတ်တစ်ခေတ်က ဓမ္မနိုင်ငံတော်အတွင်း ပါဝင်ခဲ့သော နိုင်ငံများဖြစ်ကြသည်။ ပါထိယားနိုင်ငံ၌ ဗုဒ္ဓရုပ်ပွားတော် ပါရှိသော ရွှေဒင်္ဂါးပြားများကို တွေ့ ရှိရသည်။ ယင်းရွှေဒင်္ဂါးပြားများ၌ ဗုဒ္ဓ၏ ဘွဲ့ နာမတော်ကို ဂရိအက္ခရာဖြင့် ရေးထိုးထားသည်။

အမှန်စင်စစ်ရှေးဟောင်း ကမ္ဗည်း ကျောက်စာပညာရှင်များသည် ထိုခေတ်က ဇမ္ဗူဒိပ်ကျွန်းမှ အာဖဂါနိစ္စတန်၊ ပါရှား၊ ပါထိယား၊ အီရတ်၊ ဆီရိယား၊ ဂျေရုစလင်၊ အီဂျစ်၊ ဆိုင်ရင်၊ မေစီဒိုနိယာအထိ လည်းကောင်း၊ နောက်ဆုံး အက်ပိရပ်အထိလည်းကောင်း ဗုဒ္ဓဘာသာ သာသနာပြုများ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကြွှတော်မူခဲ့ကြသော လမ်းခရီးများကို ခြေရာကောက်၍ ရနိုင်သည်။

မြတ်စွာဘုရား၏ သာသနာ့ဘောင် အတွင်းဝင်ရောက် ရှင်ရဟန်းပြုကြသော ဂရိလူမျိုး အများအပြားရှိကြသည်။ အသောကမင်းတရားကြီး အထူးကြည်ညိုလေးစားသော ရဟန္တာတစ်ပါးမှာ ဂရိလူမျိုးနွယ် ဓမ္မရက္ခိတမထေရ်ဖြစ်သည်။ အပရန္တတိုင်းသူတိုင်းသားများအား ဗုဒ္ဓတရားဟောကြားရန် တာဝန်လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်မှာ ဓမ္မရက္ခိတမထေရ် ဖြစ်သည်။

ဓမ္မရက္ခိတမထေရ်သည် သတ္တ၀ါအားလုံးအပေါ် ကရုဏာရှေ့ ထားသော မထေရ်တစ်ပါးဖြစ်သည်။ သမန္တပါသာဒိကာပါရာဇိကဏ်အဋ္ဌကထာ၌ ဓမ္မရက္ခိတမထေရ်သည် လူသူမနီးတောကြီးမျက်မည်းထဲ၌ သီတင်းသုံးသော အရညကင် ဓူတင်ဆောင် ရဟန်းတော်ဖြစ်သည်ဟု ဆိုထားသည်။ တောတိရစ္ဆာန်များက ဓမ္မရက္ခိတမထေရ်ကို ၀တ်ကြီးဝတ်ငယ်ပြုကြသည်။ အသောကမင်းတရားကြီး၏ ညီတော် တိဿသည် သစ်ပင်ကြီး တစ်ပင်ရင်း၌ ဘာဝနာတရား ပွားများအားထုတ် နေသော ဓမ္မရက္ခိတ မထေရ်ကို ဖူးတွေ့ ရသည်။

ဓမ္မရက္ခိတမထေရ်သည် ငြိမ်းချမ်းမှု၏ တကယ့်ရုပ်လုံးရုပ်သွင်ဖြစ်သည်။ ညီတော်တိဿသည် ယင်းငြိမ်းချမ်းမှုမျိုးကို လိုလားတောင့်တသူ ဖြစ်လာသည်။ ဆင်ကြီးတစ်ကောင် သစ်ခက်တစ်ခက်ဖြင့် ဓမ္မရက္ခိတမထေရ်အား ယပ်ခတ်ပေးနေသည်ကိုလည်း ညီတော်တိဿမြင်ရသည်။

ထို့ နောက် မကြာခင် အတောအတွင်းမှာပင် ဘုရင့်ညီတော် တိဿသည် သာသနာ့ဘောင်ဝင်ရောက်ပြီး ရဟန်းပြုလိုက်သည်။

ထိုနည်းအတူပင် အသောကမင်းတရားကြီး၏ သားမက်တော် အဂ္ဂိဗြဟ္မာလည်း ရဟန်းဘ၀ရောက်ရှိသွားသည်။ ယင်းမင်းညီမင်းသား အနွယ်တော်များ၏ ခြေရာနောက်လိုက်၍ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ လည်း သာသနာ့နွယ်ဘွား ဘိက္ခုနှင့်ဘိက္ခုနီများ ဖြစ်သွားကြသည်။

အရှေ့ ဟူ၍လည်း မရှိပေ။ အနောက်ဟူ၍လည်း မရှိပေ။ ချစ်ခင်ခြင်းသာလျှင်ရှိသည်။ စည်းလုံးညီညွတ်ခြင်း သာလျှင်ရှိသည်။ ကမ္ဘာလောကသည် ရွှင်လန်းချမ်းမြေ့ခြင်း အပြည့်ရှိနေသည်။

ဗုဒ္ဓ၏ မြင့်မြတ်သော တရားဒေသနာတော်သည် လူမျိုးအားလုံး၊ နိုင်ငံသားအားလုံး၏ နှလုံးသားအတွင်း၌ တစ်ဖန်ပြန်၍ ထွန်းလင်းတောက်ပ လာပါစေ။

ဆရာအရှင်သူမြတ်၏ ကရုဏာတော်သည် သတ္တ၀ါအားလုံးအား ရွှင်လန်းချမ်းမြေ့အောင် လုပ်ပြီးလျှင် ကမ္ဘာလောကအပေါ်တွင် ပျံဝဲနေပါစေ။

(မူရင်းစာရေးဆရာ သီရိလင်္ကာရဟန်းတော် “ဘိက္ခုမေတ္တေယျ”၏ မဟာဗောဓိဂျာနယ်တွင် ဖော်ပြဖူးသောဆောင်းပါးကို ဆရာပါရဂူမှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

မသေခင် တစ်လ အလို

၁၊ ဘယ်သူတွေနဲ့ ရှိနေချင်လဲ -

သေခါနီးလူတယောက်အတွက် ဘယ်သူမှ မရှိပဲ တစ်ယောက်ထဲ တရားနှလုံးသွင်းနေနိုင်ရင် အကောင်းဆုံးပါပဲ၊သံယောဇဉ်ရှိသူတွေကို ကြိုတင် ဖြတ်သင့်ပါတယ်၊ ဘာကြောင့်ဆို သူတို့က ၀မ်းနည်းလို့ ငိုနေပေမယ့် ဘယ်သူမှ မကယ်နိုင်ပါဘူး။

သံယောဇဉ်တွေကြောင့် သေသွားခဲ့ရင် ခံရမှာက ကိုယ်တစ်ယောက်ထဲမို့ပါ -

၂။ ဘာတွေ ခံစားနေရမလဲ -

တလ လွန်ရင် သေရမှာ သိနေတဲ့ လူတယောက်အတွက် လုံးဝ မပျော်ရွှင်နိုင်တော့ပါဘူး၊

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၂၀၀ ကျော်က သာသနာပြုဘုရင်ကြီး သီရိဓမ္မာသောက လက်ထက်မှာညီတော် တိဿ မင်းသားက ဒီရဟန်းတော်တွေ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ပြီးတော့ တရားအားမထုတ်ဘူး၊ဇိမ်ယစ်နေကြတာပဲ - ဆိုတဲ့ စကားကို ကြားတဲ့ ဘုရင်က ကိုင်း ဒါဆို မောင်မင်း ဒီနေ့က စပြီး ပလ္လင်ပေါ်တက်၊ စိတ်ကြိုက် ကာမဂုဏ်တွေကို ခံစားပါ၊

ဒါပေမယ့် ရ ရက်လွန်ရင်တော့ သတ်ပစ်ပါမယ်၊ ဆိုပြီး ခံစားခိုင်းသတဲ့ ၊ တိဿမင်းသားခင်ဗျာ ကိုယ့်စကားနဲ့ ကိုယ်မို့ ရ ရက်ကျော်ရင် သေရမှာ သိနေတာ သေချာနေတာကြောင့် အာရုံတွေကို မခံစားနိုင်ပဲ ဇောချွေး ပြန်နေသတဲ့၊ ဒီတော့မှ ရှင်ဘုရင်က ညီတော်က ရ ရက်လောက် နေပြီး သေရမှာ ကြောက်နေတာလား- ဘုရားသားတော် ရဟန်းတော်တွေက မောင်မင်းကြောက်တယ် ဆိုတဲ့ သေခြင်းတရားကို နေ့ည မပြတ် ပွားများနေလေ့ ရှိကြတယ်၊

ဒါကြောင့် မပြစ်မှားရဘူး ဆိုတော့မှ ညီတော် မှားပါတယ် ဆိုပြီး တောင်းပန်ခဲ့ဘူးတယ်၊

ဒါကြောင့် ဘာဝနာမရှိရင် လူတိုင်း ခံစားနေရမှာပါပဲ၊

၃။ ဘာတွေ ပြန်ဆင်ထားမလဲ -

သေခြင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့က ငါသေရအုံးမယ် လို့ အမြဲတမ်း နှလုံးသွင်းခြင်း မရဏဿတိ ပါ၊ ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာတွေလဲ အားကိုးစရာ ဖြစ်နိုင်ပါတယ်၊ တကယ် ထိရောက်တဲ့ နည်းကတော့ မရဏဿတိ ဘာဝနာပါပဲ၊

၎။ ၀မ်းနည်းမိမှာက -

ကောင်းတဲ့ စိတ်ကူး အကြံဥာဏ်တွေ အလုပ်တွေ အကောင်အထည်မဖော်နိုင်ခင် သေရမှာက ၀မ်းနည်းစရာပါ၊

၅။ ကြောက်လန့်မိတာက -

ကိုယ့်ဘက်က မပြည့်စုံခင် သေသွားခဲ့ရင် အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ ဖြစ်တာမို့ ကြောက်လန့်မိပါတယ်၊

၆။ ဆောင်ထားချင်တာက -

ဓမ္မပဒ ထဲမှာ မိန်းကလေးတယောက်က အိမ်သာ ( ရေအိမ် ) တက်ရင်း မစင်တွေကို ကြည့်ပြီး-

အော် ငါကသာ ခန္ဓာကိုယ်ကြီးကို တက်မက်နေတာ၊ တကယ်တော့ မစင်တွေ သိုလှောင်ရာ ဋ္ဌာနကြီးပဲ၊ ဘာမှ တက်မက်စရာ မရှိပါလား ဆိုပြီး အသုဘ ဘာဝနာကို တကြိမ် ပွားများလိုက်တာ ဒီဘုရားရှင်လက်ထက်မှာ အဲဒီဘာဝနာအထုံကြောင့် သောတာပန် ဖြစ်ခဲ့ရတယ် ၊

ဒါကြောင့် ဘာဝနာတခု ခု ကို အနည်းဆုံး အထုံဝါသနာဖြစ်အောင်တော့ ပွားများသင့်ပါတယ်၊

၇။ ဘာတွေ ရေးမိမလဲ -

စန္ဒကူး နံ့သာတုံး ဟာ နောက်ဆုံးမီးသွေးဖြစ်ချိန်ထိ လူအများကို နံ့သာဖြင့် သင်းပျံ့စေသလို သေဖို့ တလတာ အချိန်အတွင်းမှာ ငါ့လို ၀မ်းနည်းမှု့မျိုး မခံစားရအောင် ကောင်းကောင်းနေရစ် ခဲ့ကြ လို့ သတိပေးစကား ရေးဖြစ်ပါလိမ့်မယ်၊

၈။ တွေးမိတွေးရာ -

ငါ သေသွားခဲ့ရင် ငါ့ကို မုန်းတီးနေသူတွေ ငါ မရှိတော့တဲ့အတွက် မုန်းတဲ့ ဒေါသစိတ်တွေ လျော့သွားပြီး အကုသိုလ်နည်းသွားကြလိမ့်မယ် ။

ချစ်ခင်နေသူတွေလဲ လောဘတွေ သံယောဇဉ်တွေ နည်းပြီး ငါ့ကို အကြောင်းပြုပြီး ကုသိုလ်ကောင်းမှု့တွေ ပြုလုပ်ဖြစ်လိမ့်မယ် -

ဒါဟာ ငါ့ပတ်ဝန်းကျင်ကို နောက်ဆုံးကျေးဇူး ပြုခြင်းဖြစ်လိမ့်မယ် လို့ တွေးမိပြီး စိတ်ချမ်းသာရပါတယ်၊

၉။ ဂုဏ်ယူ ချင်တာက -

သေခြင်းတရား နဲ့ အသုဘ ဘာဝနာကို အကြိမ်များစွာ ပွားများပြီးသား ဖြစ်တဲ့ အတွက် ဘ၀ အတွက် မလုံလောက်သေးသော်လည်း ဂုဏ်ယူ ချင်စရာ စိတ်ကြည်နူးမှူ့ပါပဲ၊

၁၀။ ရှာကြံ ဖြေသိမ့်မိတာက -

မသေခင် ကိုယ့်အတွက်ရော အများအတွက်ပါ ကြိုတင်ပြင်ဆင်ခွင့် ရနေခြင်းပဲ၊ ( ဒါပေမယ့် အချိန် တလ အတွင်းမှာ မလုံလောက်သေးဘူး ထင်ပါတယ် )

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း-

နောင် နှစ်ပေါင်း တစ်ရာ တစ်ထောင် ကျော်မှ လူအဖြစ်ေ၇ာက်ရင် ဒီထက် အကုသိုလ်ထူပြောတဲ့ လောကမှာ လူဖြစ်ရမှာမို့ မတွေးဝံ့စရာပဲ၊ ဒါကြောင့် ကုသိုလ် အကုသိုလ် အားလုံးပြုနိုင်ရာ လမ်းဆုံ ဖြစ်တဲ့ လူ့ဘ၀ မှာ လူဖြစ်နေရတာ တော်သေးတယ်၊

ဘုရားသာသနာနဲ့ တွေ့နေရတဲ့ အတွက် ပိုကံကောင်းတယ် လို့ ဥဒါန်းကျူးချင်ပါတယ်၊

( တကယ်တော့ ဥဒါန်းကျူးတယ် ဆိုတာ ရင်ထဲမှာ ၀မ်းသာလွန်းလို့ မအောင့်အီးနိုင်ပဲ ပီတိတွေကို ပါးစပ်က ထုတ်ဖော်ပြောဆိုတာ မျိုးပါ၊ ဥပမာ- ဘုရားရှင်ရှေ့မှာ တရားနာပြီး သောတာပန် ဖြစ်သူက မိမိတရားထူးရလို့ ပျော်ရွှင်ပြီး ဥဒါန်းကျူးတာမျိုးပေါ့၊)

အဲလို ဥဒါန်းမျိုး ကျူးရင့်နိုင်အောင် ကြိုးစားအားထုတ်ဆဲပါ၊ အားလုံးလဲ ကျူးရင့် နိုင်ကြပါစေ-

Friday, October 30, 2009

နတ်ကတော် အကြောင်း သိကောင်းစရာ ၂

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်းကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁။ ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ
ဝက်ပုပ်ကလေးဖြစ်နိုင်သည် ။

၂။ ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃။ ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎။ လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅။ ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ
နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆။ တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ
သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇။ အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျော်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈။ မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉။ ဘူတာကိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက် ရသည်

၁၀။ အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည် မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။

လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည်

ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။ မေးလ်တခုမှ ရရှိပါသည်၊ မည်သူ မည်ဝါရေးသည် ကို မသိပါ၍ သည်းခံဖတ်ရှု့ပါကုန်၊